ပြီးခဲ့တဲ့ သောကြာနေ့က ထင်ရှားတဲ့ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား အများအပြားကို ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး သောမတ်စ်အိုဟေး ကင်တားနား က ကြိုဆိုလိုက်ပေမဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အရေးယူ လုပ်ဆောင်စရာတွေ အများကြီး ကျန်နေသေးသလို အရင်က အကွက်ကျကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ခဲ့မှုတွေ အတွက် အသစ်ဖွဲ့ထားတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က တာဝန်ယူ စုံစမ်းမှုတွေ မလုပ်ဘူးဆိုရင် နိုင်ငံတကာ စုံစမ်းရေးကော်မရှင်အဖွဲ့က စုံစမ်းဖို့ စဉ်းစားရမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က အစီရင်ခံထားပါတယ်။
သောကြာနေ့က မြန်မာအစိုးရ ပြန်ပြီးလွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာ ထင်ရှားတဲ့ ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား အများအပြား ပါနေတာကို မစ္စတာ ကင်တားနားက ကြိုဆိုလိုက်သလို ဒါဟာ ဒီမိုကရေစီလမ်း လျှောက်လှမ်းရာမှာ အရေးအကြီးဆုံး လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်းရာမှာ အတိတ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မမေ့သင့်တဲ့အတွက် အခု အသစ်ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဒါတွေက တာဝန်ယူပြီး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
“ကျနော် တင်သွင်းခဲ့တဲ့ အစီရင်ခံစာထဲမှာ အဓိက ထည့်သွင်းတင်ပြခဲ့တဲ့ အချက်ကတော့ မြန်မာအာဏာပိုင်တွေ အနေနဲ့ အရင်တုန်းက မြန်မာနိုင်ငံတွင်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ အကွက်ကျကျ ချိုးဖောက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ တာဝန်ရှိတယ် ဆိုတဲ့ အချက်ပါ။ တကယ်လို့ မြန်မာအာဏာပိုင်တွေက မလုပ်ဘူးဆိုရင် စုံစမ်းရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းစုံစမ်းဖို့ ကျနော် အကြံပေးခဲ့ပါတယ်။
“အခုအစိုးရဖွဲ့ပေးခဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင်အသစ်နဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်မှု ရှိမရှိ ကျွန်တော်တို့ ဘာမှ မသိရသေးတဲ့ အတွက် မြန်မာနိုင်ငံကို ကျနော် ဖေဖေါ်ဝါရီလထဲမှာ သွားရင် ဒါကို အဓိကဆွေးနွေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ် ဆိုတာ သိအောင်လုပ်ဖို့ ကျနော့်မှာ တာဝန်ရှိသလို သင့်တော်တဲ့ အကြံပေးဖို့နဲ့ တကယ်လို့ မြန်မာအာဏာပိုင်တွေ တာဝန်ယူ မလုပ်နိုင်ဘူးဆိုရင် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ လုပ်ရမယ်ဆိုတာတွေ သတိပေးဖို့ ရှိပါတယ်။”
၂၀၀၈ ခုနှစ်ကစပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ကင်တားနားဟာ ၂၀၁၀ မတ်လထဲမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ အခု ၂၀၁၂ ခုနှစ် မတ်လမှာတင်သွင်းမယ့် အစီရင်ခံစာအတွက် အပြောင်းအလဲတွေ အများကြီး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံကို ဖေဖော်ဝါရီလထဲမှာ သွားရောက်ပြီး စမ်းစစ်လေ့လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက လုပ်ဆောင်နေမှုတွေဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ လုပ်စရာတွေက အများကြီး ကျန်နေသေးတယ်လို့ ဆိုပါတယ်။
“ဦးသိန်းစိန် အစိုးရအနေနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ တိုးတက်မှုတွေရှိလာဖို့ ဆုံးဖြတ်ချက် ကောင်းကောင်းတွေ ချပြီး လုပ်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံရေး ဆုံးဖြတ်ချက်တွေ အပြင် တွဲပြီးလုပ်ရမယ့် အလုပ်တွေ အများကြီး ကျန်နေပါသေးတယ်။ ဥပမာ ရခိုင်၊ ချင်းနဲ့ နယ်စပ် တိုင်းရင်းသားဒေသတွေမှာ ဆိုးဆိုးရွားရွား ခွဲခြား ဆက်ဆံခံနေရမှုတွေ ရှိနေတာမျိုးပါ။”
ဒီလို ခွဲခြားဆက်ဆံခံရမှုတွေ၊ ဖိနှိပ်မှုတွေအတွက် အစိုးရမှာ တာဝန်ရှိသလို အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခဲ့သူတွေ အတွက် တရားဥပဒေက ဘေးမဲ့လွှတ်ပေးတာမျိုး မရှိဘဲ တာဝန်ယူမှု ရှိလာစေရေးဟာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး လျှောက်လှမ်းရာမှာ အစိုးရရဲ့ ပြောင်းလဲ လုပ်ဆောင်နေမှုတွေကို အားပေးနေသလို အဖွဲ့အစည်း အားလုံးကလည်း လက်တွဲ ပါဝင်စေချင်ပါတယ်။ ဒီနေရာမှာ အတိတ်က အကွက်ကျကျ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို မေ့ပစ်လို့မရသလို ကျူးလွန်သူတွေ အပြစ်ပေး မခံရဘဲ လွတ်နေတာမျိုး မဖြစ်သင့်ပါဘူး။ ဒါတွေကို စုံစမ်း စစ်ဆေးဖို့ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် လုပ်ကြရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့အစည်း အားလုံးက ပါဝင်ဆောင်ရွက်ရမှာပါ။”
ဖေဖော်ဝါရီလ မြန်မာနိုင်ငံကိုသွားရင် လာမယ့် ဧပြီလဆန်းမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိဖို့နဲ့ ထင်သာမြင်သာရှိရှိ ကျင်းပပေးဖို့ တိုက်တွန်းဖို့ ရှိတဲ့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး ဆိုင်ရာတွေ တိုးတက်မှု ရှိလာစေဖို့ မြန်မာ အစိုးရတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက် သွားနိုင်မယ်လို့လည်း မျှော်လင့်ထားကြောင်းလည်း မစ္စတာ ကင်တားနားက ပြောကြားခဲ့ပါတယ်။