သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား မြန်မာပြည်သွားမည်


ကင်တားနား မြန်မာပြည်သွားမည်
ကင်တားနား မြန်မာပြည်သွားမည်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ်အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို မနက်ဖြန် အင်္ဂါနေ့မှာ ရောက်ရှိဖို့ ရှိပါတယ်။ သူ့ရဲ့ ၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ မစ္စတာ ကင်တားနား အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုတွေကို လေ့လာသုံးသပ်သွားဖို့ ရှိပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်စုံကို ဦးဝင်းမင်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေးကင်တားနားက ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွင်းမှာ သမိုင်းဝင် ထူးခြားမှုတွေ ဖြစ်နေတဲ့အချိန်မှာ သွားရတာမို့ အရေးပါတယ်လို့ ဆိုလိုက်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့ရဲ့ ဒီကနေ့ တနင်္လာနေ့ ကြေညာချက်မှာ မစ္စတာ အိုဟေး ကင်တားနားက မြန်မာနိုင်ငံတွင်းမှာ ထူးထူးခြားခြား ဖြစ်ပေါ် ပြောင်းလဲနေတာတွေကို ကျနော်တို့ အားလုံး မျက်ဝါးထင်ထင် မြင်နေရပြီ၊ ဒီတစ်ခေါက် ခရီးစဉ်ဟာ မြန်မာ့သမိုင်းမှာ အရေးကြီးတဲ့ အချိန်အခါနဲ့ တိုက်ဆိုင်နေတယ်လို့ ဆိုလိုက်ပါတယ်။ သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံး ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းကလည်း အတည်ပြု ပြောဆိုပါတယ်။

“မစ္စတာ ကင်တားနားက မနက်ဖြန် ညနေ ရန်ကုန်ရောက်ဖို့ ရှိပါတယ်ခင်ဗျ။ ရောက်ပြီး သန်ဘက်ခါ မနက်ကိုတော့ ကျနော်တို့ နေပြည်တော် တက်ဖို့ ရှိပါတယ်။”

ဦးအေးဝင်းကပဲ ဒီတစ်ခေါက် ခရီးစဉ်မှာ ထူးခြားတာက မြန်မာနိုင်ငံမှာ ထူးထူးခြားခြား ဖြစ်ပေါ် ပြောင်းလဲ တိုးတက်လာတာတွေကို မကြာခင် လူ့အခွင့်အရေး ကောင်စီမှာ အစီရင်ခံစာ တင်ပြနိုင်ဖို့ လာလေ့လာ သုံးသပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီတစ်ခေါက် လာတာတော့ မစ္စတာ ကင်တားနား လာတဲ့အချိန်မှာ တိုင်းပြည်ရဲ့ ပြောင်းလဲမှုတွေက တော်တော်ကြီးကို သိသိသာသာ ထင်ထင်ရှားရှား ရှိနေတယ်။ အဲဒီတော့ အဲဒါနဲ့ပတ်သက်လို့ မစ္စတာ ကင်တားနား ကလည်း သူ လူ့အခွင့်အရေး ကောင်စီနဲ့ သူ့ရဲ့ အစီရင်ခံစာကို တင်မယ်ပေါ့လေ။ အဲဒါ ဗမာပြည်မှာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲကို ဒီမှာ လက်တွေ့ကျကျ လေ့လာချင်လို့ပါ ခင်ဗျ။”

အခုလို သုံးသပ်နိုင်ဖို့ မစ္စတာ အိုဟေးကင်တားနား အနေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ပါလီမန် အမတ်တွေနဲ့ တွေ့မှာအပြင် အသစ်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့ရဲ့ ကြေညာချက်ထဲမှာပဲ ထုတ်ပြောထားပါတယ်။

အဲဒီတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ခေါင်းဆောင် ဦးဝင်းမြ ကလည်း မစ္စတာ အိုဟေးကင်တားနား အနေနဲ့ အခုလို တိုးတက်လာတာတွေကို အသိအမှတ်ပြုတာဟာ ထူးခြားတယ်လို့ ဆိုပါတယ်။

“ယုံကြည်ချက်ကြောင့် ကျနေတဲ့ အကျဉ်းသားတွေ လွှတ်လိုက်တဲ့ အတွက်ကြောင့်မိုလို့ပေါ့နော် သူလည်း ဝမ်းသာအားရ ဖြစ်လို့ရှိရင်တော့ ကောင်းတာပေါ့နော်။ အဲဒီ မတိုင်ခင်ကတော့ သူက ဝေဖန်မှုတွေ တော်တော်လုပ်တာမျိုး ရှိတာမျိုး ကြားခဲ့တာပေါ့နော်။ အဲ့ဒီလို အနေအထားမှာ အဲ့လို အပြုသဘော မြင်လာတယ် ဆိုရင်တော့ ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်။”

မစ္စတာ ကင်တားနား အနေနဲ့ အရင်တုန်းက ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ တွေ့ရာမှာ အကျဉ်းသား အရေအတွက် ငြင်းခုံရတာအပြင် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂက အထူးစုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့လည်း အကြံပေးခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ အမြောက်အမြား လွတ်လာခဲ့တဲ့အပေါ်မှာ မစ္စတာ အိုဟေးကင်တားနားက ကြိုဆိုခဲ့ပေမဲ့ နောက်ထပ် အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ တိုင်းရင်းသား ပြဿနာတွေ ဖြေရှင်းရာမှာနဲ့ ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပတာတွေမှာ တိုးတက်မှုတွေ ရှိဖို့ လိုသေးတယ်လို့ ထောက်ပြထားပါတယ်။

အဲဒီတော့ အခုတစ်ခေါက် မစ္စတာ အိုဟေးကင်တားနားရဲ့ ခရီးစဉ်ကြောင့် နောက်ထပ် အကျိုးဆက်အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အစီရင်ခံစာ မတင်သွင်းခင် နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွတ်လာနိုင်ပါသလားလို့ မေးရာမှာတော့ ဦးဝင်းမြက -

“ကျန်တာတွေကို လွှတ်ဖို့ဆိုတဲ့ အနေအထားက တော်တော်လေး အနေအထားက ရှုပ်ထွေးနေတဲ့ အနေအထား ရှိတယ်လို့ သိရပါတယ်။ ကျနော်တို့ ပြည်ထဲရေး ဝန်ကြီးပြောတဲ့ အထဲမှာတော့ ရတဲ့စာရင်းမှာ သိတာတွေ အားလုံးကို လွှတ်ပေးပြီးပြီလို့ ပြောထားတဲ့ အနေအထားကိုး။ အဲဒီတော့ ကျနော်တို့ ဖမ်းခံထားရတဲ့ သူတွေထဲမှာ ဆိုရင်ပေါ့နော် ယုံကြည်ချက်ကြောင့်မို့ ဆိုပေမဲ့လို့၊ ဥပမာ ဖောက်ခွဲမှုနဲ့ ဖြစ်ချင်ဖြစ်မယ်၊ အကြမ်းဖက်မှုနဲ့ ဖြစ်ချင်ဖြစ်မယ်၊ ဒါတွေက အတိအကျ မသိရသေးတဲ့ အတွက်ကြောင့် ရှုပ်ထွေးနေတဲ့ အနေအထားလို့ ပြောတာပါ။”

မစ္စတာ အိုဟေးကင်တားနား အနေနဲ့ အခုတစ်ခေါက် ခရီးစဉ်မှာ ပဏာမ လေ့လာ တွေ့ရှိချက်တွေကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ရှင်းပြသွားမှာ ဖြစ်ပြီး အပြည့်အ၀ အစီရင်ခံစာ တစ်ခုလုံးကိုတော့ မတ်လမှာလုပ်မယ့် (၁၉) ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ ဆွေးနွေးပွဲမှာ တင်ပြသွားဖို့ ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG