သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား မြန်မာ့အရေးဆောင်ရွက်ရန် သက်တမ်းတိုး


ကင်တားနား မြန်မာ့အရေးဆောင်ရွက်ရန် သက်တမ်းတိုး
ကင်တားနား မြန်မာ့အရေးဆောင်ရွက်ရန် သက်တမ်းတိုး

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မနေ့က မတ်လ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် တရပ်ကို ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံသားတွေ ကိုယ်ထိလက်ရောက် နှိပ်စက်ညှင်းပမ်းမခံရစေဖို့နဲ့ အခြေခံရပိုင်ခွင့်တွေ၊ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့အတွက် မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်တာပါ။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးပါတီတွေအပေါ် ကန့်သတ်ချက်အားလုံးကို ရုပ်သိမ်းပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းအပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ဥရောပသမဂ္ဂ (EU) က ဦးဆောင်တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းအတွက် သောကြာနေ့မှာ မဲခွဲစရာမလိုဘဲ အတည်ပြုခဲ့ပါတယ်။ မြန်မာဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားကို နောက်ထပ်တနှစ် သက်တမ်းတိုးပြီး ခန့်အပ်လိုက်သလို မစ္စတာကင်တားနားကို မြန်မာနိုင်ငံဆိုင်ရာ အခြေအနေတွေ အချိန်မီ စစ်ဆေးတင်သွင်းနိုင်ဖို့ မြန်မာစစ်အစိုးရဘက်က တုံ့ပြန်ဆောင်ရွက်ပေးဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းဟာ နိုင်ငံတွင်းလူ့အခွင့်အရေး အခြေအနေ တိုးတက်စေဖို့အတွက် ဦးတည်ချမှတ်တာဖြစ်ကြောင်း အီးယူကိုယ်စား ဟန်ဂေရီနိုင်ငံက မစ္စတာ အန်းဒရက်စ် ဒါကင်နီ (Andras Dekany) က ပြောကြားခဲ့ပြီး မစ္စတာ ကင်တားနားကို မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ခွင့်ပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသား အခုထိ ၂,၀၀၀ ကျော် ရှိနေတာမို့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်အစိုးရဟာ နိုင်ငံတွင်း ဒီမိုကရေစီရေး ပြောင်းလဲမှုတွေရှိလာစေဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ တိုက်တွန်းလိုက်တဲ့ အပြင် လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို စောင့်ကြည့်စစ်ဆေးဖို့ သတိပေးလိုက်ပါတယ်။

မြန်မာစစ်အစိုးရကိုယ်စားလှယ် ဦးသန့်ကျော်ကတော့ အီးယူဟာ နိုင်ငံရေးစွက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

“မြန်မာအစိုးရဟာ ပြည်သူလူထုရဲ့ဆန္ဒအတိုင်း ပြည်တွင်းနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ မကြာခင်ကမှ လုပ်ခဲ့သလို လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး ပုံမှန်သုံးသပ်တဲ့ UPR လုပ်ငန်းစဉ်မှာပါ ပါဝင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆန္ဒနဲ့အညီ လုပ်ဆောင်နေတာပါ။”

တရုတ်ကိုယ်စားလှယ် Xia Jingge ကတော့ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီနဲ့စီးပွားရေး တိုးတက်မှုတွေ ရှိနေတာမို့ ကြိုဆိုလိုက်ပြီး ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်လိုက်ပါတယ်။ ဂျပန်နိုင်ငံက ကိုယ်စားလှယ် Kenichi Suganuma ကတော့ မြန်မာနိုင်ငံတွင်း ရွေးကောက်ပွဲ ကျင်းပပေးတာလို အပြုသဘော လုပ်ဆောင်မှုတွေ တွေ့နေရပေမဲ့ UPR လုပ်ငန်းစဉ်မှာ ဆက်လက်ပါဝင်ပြီး အကောင်အထည်ဖော် လုပ်ဆောင်ဖို့တိုက်တွန်းရင်း ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံခဲ့ပါတယ်။

ဒီတခါ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ဟာ ထူးခြားမှုရှိပြီး လက်ရှိပြည်တွင်း လူ့အခွင့်အရေး အခြေအနေကို ထင်ဟပ်စေတယ်လို့ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ကုလသမဂ္ဂဆိုင်ရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောပါတယ်။ ဒါ့အပြင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုတဲ့ အသုံးအနှုန်းတွေကို မပြင်ဆင်တာဟာ ထူးခြားတယ်လို့လည်း ဆိုပါတယ်။

လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆက်လက် အရေးယူဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မကြာခင်မှာပဲ မြန်မာနိုင်ငံကို သွားရောက်ဖို့လုပ်ဆောင်မယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG