သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yanghee Lee သုံးသပ်ချက် မြန်မာအစိုးရကန့်ကွက်


မြန်မာနိုင်ငံကို ဒီနှစ်ဆန်းပိုင်း နောက်ဆုံးအကြိမ် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အဆုံး ကောက်ချက်ချ ပြောကြားချက်တွေဟာ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီမှု မရှိဘူးဆိုပြီး မြန်မာအစိုးရက တရားဝင် ကန့်ကွက်လိုက်ပါတယ်။

လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ Yanghee Lee ရဲ့ မှတ်ချက်တချို့ဟာ လက်ခံနိုင်စရာ မရှိတဲ့အတွက် အခုလို တုံ့ပြန်လိုက်ရတာ ဖြစ်တယ်လို့လည်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“အဓိကအားဖြင့်ကတော့ ကျနော်တို့ ၄ ချက်ပေါ့။ တစ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်မခံတဲ့အကြောင်း၊ နောက်တခါ လွှတ်တော်မှာ တင်ထားတဲ့ ဥပဒေ ၄ ရပ်နဲ့ ပတ်သက်လို့ ပြည်သူ့ကိုယ်စားလှယ်တွေက အပြန်အလှန် ဆွေးနွေးပြီးတော့မှ ပြည်သူတွေရဲ့ ပါဝင်ဆွေးနွေးမှုနဲ့ ဆုံးဖြတ်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကြိုတင်မှတ်ချက်ပေးတာ လက်မခံနိုင်ဘူး ဆိုတဲ့ဟာ ကျနော်တို့ ပြောပါတယ်။ နောက် မြေယာကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ ဖြေရှင်းဆောင်ရွက်နေတာတွေကို ထင်ဟပ်ပြီးတော့မှ ပြောဆိုနိုင်ခြင်း မရှိတာကို ထောက်ပြပါတယ်။ နောက်တခုကတော့ နိုင်ငံရေး အကျဉ်းသား ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ပြောတာ ရှိပါတယ်။ အဓိကကတော့ ကျနော်တို့ ဒီ ၄ ချက်ပေါ့။ နောက်ဆုံးမှာတော့ ကျနော်တို့ Hate Speech နဲ့ ပတ်သက်လို့ ကျနော်တို့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးဆိုတဲ့ ကိစ္စကို ထပ်လောင်းပြီးတော့ အတည်ပြုထားတာ ရှိပါတယ်။”

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ပြောဆိုချက်တွေဟာ တိုင်းပြည် အချုပ်အခြာအာဏာနဲ့ တရားစီရင်ရေးစနစ်ကို ဝင်ရောက် စွက်ဖက်ရာ ရောက်နေသလို၊ လူထုကြား မကျေနပ်မှုတွေ၊ အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေမှာ အခက်အခဲတွေ ကြုံနိုင်တယ်လို့လည်း ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ကုလသမဂ္ဂမှာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူအဖြစ် သဘောထားကွဲလွဲမှုတွေ သွေးထိုးလှုံ့ဆော်မှုတွေ မဖြစ်အောင် ဆောင်ရွက်ဖို့ လိုအပ်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ဇန်နဝါရီလ ၆ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ခရီးစဉ်အတွင်းမှာတော့ ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေ အပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများကို သွားရောက်ခဲ့ပြီး၊ အစိုးရတာဝန်ရှိသူတွေ နိုင်ငံရေး၊ လူမှုရေး အသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။

ခရီးစဉ် အဆုံးသတ်ချိန်မှာတော့ မြန်မာနိုင်ငံ ဥပဒေရေးရာ ကိစ္စတွေ၊ သတင်းမီဒီယာတွေအပေါ် ထိန်းချုပ်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG