သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

LCD နိုင်ငံ အဖြစ်က မြန်မာ ရုန်းထွက်ရေး ကုလ ကူညီမည်


ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးမှုညီလာခံ UNCTAD က မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတနိုင်ငံအဖြစ်ကနေ လွတ်မြောက်နိုင်စေဖို့အတွက် နည်းပညာ အကူညီတွေ ပေးမှာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။

မြန်မာနိုင်ငံ အလည်အပတ်ရောက်ရှိနေတဲ့ UNCTAD အတွင်းရေးမှူးချုပ် Mukhisa Kituyi နဲ့ မြန်မာနိုင်ငံအစိုးရ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတို့ နေပြည်တော်မှာ တွေ့ ဆုံပြီးခဲ့တဲ့နောက် ဂျနီဗာမှာ အခြေစိုက်တဲ့ UNCTAD အဖွဲ့က အခုလို ကတိပြုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

နည်းပညာ အကူညီပေးမယ်ဆိုတဲ့ နေရာမှာ တနိုင်ငံလုံး တဦးချင်းဝင်ငွေ တိုးများလာအောင် အကောင်ထည်ဖော်ရေး လုပ်ငန်းစဉ်ချမှတ်ဖို့နဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံစာရင်းကနေ မြန်မာနိုင်ငံကို ပယ်ဖျက်နိုင်အောင် ဆောင်ရွက်ရေး စတာတွေ ပါဝင်ပါတယ်။

ကုလသမဂ္ဂက ၁၉၇၁ ခုနှစ်မှာ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ် နိုင်ငံပေါင်း ၂၅ နိုင်ငံကို သတ်မှတ်ခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာ ၄၈ နိုင်ငံအထိ တိုးများလာခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လိုလားတဲ့ အုံကြွမှုကြီး မဖြစ်ပေါ်ခင် တနှစ်အလို ၁၉၈၇ ခုနှစ်မှာ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်း ဝင် ဖြစ်လာခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို ဒုတိယဝန်ကြီးတွေဖြစ်ကြတဲ့ ဦးသန့်ကျော်၊ ဦးခင်မောင်အေး၊ ဒေါက်တာဇော်မင်းအောင် ဒေါက်တာ စန်းလွင် စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG