သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ အဆိုပြုချက်မူကြမ်း ကုလထောက်ခံ


ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူ့အခွင့်အရေး တတိယကော်မတီကနေ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံမှာ လူနည်းစု မူဆလင်တွေအပေါ် အစိုးရရဲ့ ခွဲခြားဆက်ဆံမှုကို ပြစ်တင်ဝေဖန်လိုက်ပြီး ရိုဟင်ဂျာတွေကို နိုင်ငံသား ခံယူခွင့်ပြုနိုင်ဖို့ ၁၉၈၂ နိုင်ငံသားခံယူခွင့် ဥပဒေကို ပြင်ဆင်ပေးဖို့ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို အတည်ပြုလိုက်ပါတယ်။

ဥရောပနိုင်ငံတွေအပြင် အမေရိကန်ပြည်ထောင်စုနဲ့ တခြား အနောက်နိုင်ငံတွေက ပူးတွဲတင်သွင်းတဲ့ ဒီလိုက်နာဖို့ မလိုအပ်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ လူ့အခွင့်အရေး တတိယကော်မတီက တခဲနက် ထောက်ခံ အတည်ပြုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်မူကြမ်းမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေ ခွဲခြားဆက်ဆံခံနေရတာ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်ခြင်း ခံနေရတာတွေအတွက် လွတ်လပ်စွာ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း ထပ်လောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာအစိုးရအနေနဲ့ လူနည်းစု ရိုဟင်ဂျာတွေ အပါအဝင် နိုင်ငံတွင်းရှိ လူတိုင်းရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာဖို့လည်း ဒီဆုံးဖြတ်ချက်မူကြမ်းမှာ တိုက်တွန်းထားပါတယ်။

တချိန်တည်းမှာပဲ ဒီမူကြမ်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအပြင် ဒီမိုကရေစီ ဖော်ဆောင်မှု အပါအဝင် ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြိုဆိုထားပြီး စစ်တပ်နဲ့ ရွေးကောက်ခံ လွှတ်တော်ဖွဲ့စည်းတဲ့ အရပ်သားအစိုးရ လက်အောက်မှာ အားလုံးအတူတကွ စုစည်းနေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီဆုံးဖြတ်ချက်မူကြမ်းကို ရှေ့လ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံကြီးမှာ နောက်ထပ် မဲခွဲဆုံးဖြတ် အတည်ပြုမှာ ဖြစ်ပါတယ်။ မြန်မာသံအမတ်ကြီး ဦးကျော်တင့်ကတော့ သူ့အစိုးရအနေနဲ့ ဆုံးဖြတ်ချက်မူကြမ်းပါ အချက်အလက်တွေကို ကန့်ကွက်တဲ့အကြောင်း ကော်မတီကို ပြောကြားခဲ့ပြီး ရိုဟင်ဂျာ အသုံးအနှုန်းကိုလည်း ကန့်ကွက်ခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့လည်း မြန်မာနိုင်ငံ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီသီတင်းပတ်အတွင်း ဆွေးနွေးဖို့ ရှိပါတယ်။

XS
SM
MD
LG