သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှန်တဲ့ ပြည်ထောင်စုထူထောင်ဖို့ တိုင်းရင်းသားအားလုံး ပါဝင်ဖို့ လို


စစ်မှန်တဲ့ ပြည်ထောင်စုထူထောင်ဖို့ တိုင်းရင်းသားအားလုံး ပါဝင်ဖို့ လို
စစ်မှန်တဲ့ ပြည်ထောင်စုထူထောင်ဖို့ တိုင်းရင်းသားအားလုံး ပါဝင်ဖို့ လို

စည်းလုံးညီညွတ်တဲ့ပြည်ထောင်စုတရပ် တည်ဆောက်နိုင်ဖို့မှာ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားတွေ အားလုံး ပါဝင်ကြရမှာဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာကျရောက်တဲ့ (၆၄) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားအတွင်း ပြောသွားခဲ့ပါတယ်။ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဌာနချုပ်ရုံးမှာ ကျင်းပပြုလုပ်ခဲ့သလို တိုင်းရင်းသားပါတီ ၁၁ ဖွဲ့ကလည်း ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတရပ်ကို မနေ့က စုပေါင်းပြုလုပ်ခဲ့ကြပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

မနေ့ကကျရောက်တဲ့ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်မြို့က အဲန်အယ်လ်ဒီပါတီ ရုံးချုပ်မှာ အတီးအမှုတ် အကအခုန်တွေနဲ့အတူ မနေ့တုန်းက စည်စည်းကားကား ကျင်းပခဲ့ကြပါတယ်။ အခမ်းအနားတွင်း ပါတီဒုဥက္ကဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း မိန့်ခွန်းတွေ အသီးသီးပြောခဲ့ကြပါတယ်။ အခုလို (၆၄) ကြိမ်မြောက်ကျရောက်တဲ့ ပြည်ထောင်စုနေ့မှာ စည်းလုံးညီညွတ်တဲ့ စစ်မှန်တဲ့ ပြည်ထောင်စုတခု ဖြစ်လာအောင် သန္နိဌာန်ခိုင်ခိုင်မာမာနဲ့ ဆက်လက် လုပ်ဆောင်သွားကြရမှာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းတွင်း အဓိက ပြောသွားခဲ့ပါတယ်။

“တကယ့်ကိုညီညွတ်တဲ့ပြည်ထောင်စုကြီးတခု ထူထောင်ဖို့ ဒီနေ့ ပြည်ထောင်စုနေ့မှာ သံန္နိဌာန်ချဖို့ လိုပါတယ်။ ဒီလိုပြည်ထောင်စုကြီး ထူထောင်ဖို့ဆိုတာ တိုင်းရင်းသားများအားလုံး ပါဝင်ဖို့လိုပါတယ်။”

အခုလို အမျိုးသားဒီမိုကရေစီပါတီ ဌာနချုပ်ရုံးမှာ ပြည်ထောင်စုနေ့ အထိန်းအမှတ် အခမ်းအနား ကျင်းပခဲ့သလိုပဲ မွန်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင် တိုင်းရင်းသားပါတီတွေနဲ့အတူ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရေတစ်ပါတီ - မြန်မာ စတဲ့ နိုင်ငံရေးအင်အားစုတွေ အပါအဝင် ဒီမိုကရေစီမိတ်ဆွေ ပါတီ ၁၁ ဖွဲ့ စုစည်းပြီး ပြည်ထောင်စုနေ့ အခမ်းအနားတရပ်ကို ရန်ကုန်မြို့မှာပဲ မနေ့က ကျင်းပခဲ့ကြပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဇော်အေးမောင်က အစိုးရသစ်အနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အလေးထားဆောင်ရွက်သွားဖို့ မျှော်လင့်တဲ့အကြောင်း အခုလို ပြောသွားပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခြေခံမူမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အဓိက အခြေခံမူအဖြစ် ထည့်ထားပါတယ်။ ပြည်ထောင်စု စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတဲ့ အခြေခံမူတွေပါပါတယ်။ အဲဒီအခြေခံမူအတိုင်း အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေက ဖြစ်ပေါ်လာမယ့် နိုင်ငံရဲ့အစိုးရဟာ အဲဒီအခြေခံမူတွေကို ကျင့်သုံးလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

ဗြိတိသျှကိုလိုနီလက်အောက်ကနေ မြန်မာနိုင်ငံတွင်း တိုင်းရင်းသားပြည်သူတွေအားလုံး အတူတကွ လွတ်လပ်ရေး ရယူနိုင်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ် အခမ်းအနားတွေ ဆင်နွှဲလာခဲ့တာဟာ အခုဆိုရင် ၆၄ နှစ်တိုင် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်မလာသေးသလို တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရအကြား ပစ်ခတ်တိုက်ခိုက်မှုတွေဟာလည်း နယ်စပ်ဒေသတွေမှာ ခုချိန်ထိ ဆက်လက် ဖြစ်ပွားနေဆဲပဲဖြစ်ပါတယ်။

ဒါကြောင့် မြန်မာအပါအဝင် တိုင်းရင်းသား အင်အားစုတွေအားလုံး တဦးအပေါ်တဦး နားလည်မှုရှိပြီးတော့ စည်းလုံးညီညွတ်ကြဖို့နဲ့ ပြည်ထောင်စုစိတ်ဓါတ်ထားရှိကြဖို့ အရေးကြီးဆုံးအချိန် ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်ထောင်စုနေ့ အခမ်းအနားတွင်းမှာ တိုက်တွန်းပြောသွားခဲ့တာပါ။

(၆၄) ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေးနဲ့ တခြား နယ်မြို့တွေမှာပါ အဲန်အယ်လ်ဒီပါတီ အဖွဲ့ဝင်တွေက ကျင်းပပြုလုပ်ခဲ့ကြသလိုပဲ အမေရိကန်၊ သြစတြေးလျ အပါအဝင် ပြည်ပနိုင်ငံတွေမှာလည်း မြန်မာ့အရေးလှုပ်ရှားသူတွေ စုပေါင်းပြီး အထိမ်းအမှတ် အခမ်းအနားတွေ ပြုလုပ်ခဲ့ကြပါတယ်။

XS
SM
MD
LG