သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အဆင့်မြင့်အရာရှိ ၂ ဦးရဲ့ မြန်မာပြည်ခရီး


အမေရိကန်အဆင့်မြင့်အရာရှိ ၂ ဦးရဲ့ မြန်မာပြည်ခရီး
အမေရိကန်အဆင့်မြင့်အရာရှိ ၂ ဦးရဲ့ မြန်မာပြည်ခရီး

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရသစ်ရဲ့ခေါင်းဆောင်တွေ၊ မြန်မာစစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ အပြုသဘောဆောင် ဆွေးနွေးမှုတွေ ကျင်းပနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ်တွင်းမှာ သွားရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆင့်မြင့်အရာရှိတွေက ပြောကြားသွားပါတယ်။ ဒီလို မြန်မာဘက်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာတာကို အမေရိကန်တို့ဘက်ကလည်း ထိန်းချုပ်မှုတွေ လျှော့ပေါ့ပေးခြင်းအားဖြင့် အပြုသဘောနဲ့ တုံ့ပြန်ဖို့စီစဉ်ထားတယ်လို့ သူတို့က ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် David Gollust က နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သတင်းပေးပို့ထားပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပေါ့စနာနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်တို့ရဲ့ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ဟာ အမေရိကန်နဲ့ မြန်မာနိုင်ငံကြားမှာ ပြောဆို ဆွေးနွေးမှုတွေ ဖြစ်ပေါ်စေဖို့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး မြန်မာအစိုးရသစ် လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး အားရမိပါတယ်လို့ သူတို့နှစ်ဦးက ပြောသွားတာပါ။

အရင်ကတော့ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်မှုအောက်ကနေ ပြီးခဲ့တဲ့မတ်လမှာ အရပ်သားအစိုးရအဖြစ် ပြောင်းလဲလာတာဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ ပြောင်းလဲမှုတွေ ဖော်ဆောင်ပေးနိုင်ပါ့မလားဆိုပြီး အမေရိကန်ပြည်ထောင်စုဘက်က စိုးရိမ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာအာဏာပိုင်အဖွဲ့သစ်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေဟာ အမေရိကန်ပြည်ထောင်စုက ကြိုဆိုတဲ့ အသွင်ကူးပြောင်းမှု ပုံစံမျိုးရဲ့အစ ဖြစ်တယ်ဆိုတာ တွေ့ရတယ်လို့ ရန်ကုန်မြို့က မြန်မာသံရုံးမှာ သောကြာနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ မစ်ချဲလ်နဲ့ မစ္စတာ ပေါ့စနာတို့က ပြောသွားပါတယ်။ သူတို့နှစ်ဦးဟာ နေပြည်တော်မှာ မြန်မာစစ်ဦးစီးချုပ် အပါအဝင် အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့သလို ရန်ကုန်မြို့မှာလည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့တာပါ။

မစ္စတာ ပေါ့စနာက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးအတွက် ဖိအားပေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နျူလန် (Victoria Nuland) က ဝါရှင်တန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

“နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးသင့်ပါတယ်။ ဘယ်သူ့ကို ဆက်ဖမ်းထားမယ်၊ ဘယ်သူ့ကို လွှတ်ပေးမယ်ဆိုတဲ့ ကိစ္စမှာ မြင်သာထင်သာ မရှိလှတာကို တွေ့ရပါတယ်။ မစ္စတာ ပေါ့စနာဟာ သူ့ရဲ့ ပထမဦးဆုံး ခရီးစဉ်မှာ အာဏာပိုင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံပြီး သူတို့ ဘယ်သူတွေကို လွှတ်ပေးတယ် ဆိုတာလည်း သိခဲ့ရသလို နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့လိုတယ် ဆိုတာကိုလည်း ပြောခဲ့ပါတယ်။ တချို့ ကိစ္စရပ်တွေကို သီးသန့်ဆွေးနွေးခဲ့တာမျိုးတွေ ရှိပါတယ်။” - လို့ မစ္စ် နျူလန်က ပြောသွားခဲ့ပါတယ်။

အောက်တိုဘာလ အစောပိုင်းကပဲ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို အမေရိကန် ပြည်ထောင်စုကို လာရောက်ခွင့်ပေးတာဟာ အမေရိကန်အစိုးရက ထိန်းချုပ်မှုတွေကို လျှော့ပေါ့ပေး လာတယ်ဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနဲ့ အသေးစားချေးငွေ အကူအညီပေးရေး အစီအစဉ်တွေကို တိုးချဲ့လုပ်ဆောင်ဖို့ စဉ်းစားနေပါတယ်။ ဒါပေမဲ့ ရှေ့ဆက် ဆက်ဆံရေးခိုင်မာဖို့က မြန်မာအစိုးရဆီက ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေးကို မြင်ရမှဖြစ်ပါမယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုမှာ အမေရိကန်အစိုးရကလည်း လက်တွဲပါဝင်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ မစ်ချဲလ်က ပြောကြားသွားပါတယ်။

XS
SM
MD
LG