မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေး ထိတွေ့ဆက်ဆံလာမှုတွေကို အပြည့်အ၀ အသုံးချပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်လို့ အမေရိကန် ပညာရှင်တွေက သုံးသပ်ပါတယ်။ ဗွီအိုအေ အင်္ဂလိပ်ပိုင်းရဲ့ Encounter အစီအစဉ် တွေ့ဆုံမေးမြန်းခဲ့မှုဟာ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးနဲ့ပတ်သက်ပြီး သုံးသပ်သွားကြတာဖြစ်ပါတယ်။ အပြည့်စုံကို မအေးသန္တာကျော်က အစီရင်ခံထားပါတယ်။
အမေရိကန်ပြည်ထောင်စုက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အပါအဝင် အဆင့်မြင့် ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာအစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ကြည့်ရှုတဲ့အလျောက် မြန်မာအစိုးရအနေနဲ့ ရတဲ့အခွင့်အရေးကို အပြည့်အ၀ အသုံးချသင့်ပါတယ်လို့ Center for a New American Security ဌာနက အာရှပစိဖိတ် လုံခြုံရေးအစီအစဉ်ရဲ့ အဆင့်မြင့် ညွှန်ကြားရေးမှူးလည်းဖြစ်၊ အကြံပေးလည်းဖြစ်တဲ့ Patrick Cronin က သုံးသပ်ပါတယ်။
“ကျနော်တို့ တွေ့ရသလောဆိုရင် ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ အခုအချိန်ဟာ မြန်မာအစိုးရ ပြောင်းလဲရေးလုပ်ဆောင်ဖို့ အခွင့်အခါ အကောင်းဆုံး အချိန်တွေပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံကိုလာရောက်ကြတဲ့ နိုင်ငံတကာ အကြီးအကဲတွေကို ဒါပဲပြောနေခဲ့တာပါ။ မျက်စိထဲမှာမြင်ကြည့်ပါ။ မြန်မာနိုင်ငံကို စစ်အစိုးရ တောက်လျှောက် အုပ်ချုပ်နေခဲ့တဲ့ ပြည်ပက သူ့ကို အဓိကထောက်ခံနေသူက တရုတ်နိုင်ငံဖြစ်တယ်။ အခုတော့ အမျိုးသမီး ခေါင်းဆောင် နှစ်ယောက်တွေ့ဆုံကြတဲ့ သူတို့နှစ်ဦးရဲ့ သြဇာလွှမ်းမိုးမှုက ဘယ်လောက်ကြီးသလဲ၊ အင်တာနက်တွေပေါ်မှာ သူတို့အကြောင်းတွေ ပျံ့မယ်။ သူတို့သတင်းတွေ ဒေသတွင်း နိုင်ငံတွေအားလုံးဆီရောက်မယ်။ ဒါက အရေးကြီးတဲ့အချက်ပါ။”
Center for a New American Security ဌာနရဲ့ အကြီးတန်း ညွှန်ကြားရေးမှူး Patrick Cronin ပြောသွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းခဲ့တာ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးပြီး ပါတီပြန်မှတ်ပုံတင်ခွင့်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ခွင့် အစရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေတာပါ။ ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသား အများစု မလွှတ်ပေးသေးတာ အပါအဝင် မြန်မာအစိုးရဘက်က လုပ်ဆောင်ဖို့ လိုအပ်နေသေးတဲ့အချက်တွေကြောင့် အခုအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ တကယ့် စစ်စစ်မှန်မှန် ပြောင်းလဲမှုတွေ ဟုတ်ရဲ့လားဆိုပြီး မေးခွန်းထုတ်နေကြတာတွေလည်း ရှိပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အမေရိကန်သမ္မတအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတာဟာ မှန်ကန် သင့်လျော်ပါတယ်လို့ The Heritage Foundation က Walter Lohman က သုံးသပ်ပါတယ်။
“အမေရိကန်သမ္မတအနေနဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထင်ပါတယ်။ သတင်းထဲမှာ ဖတ်လိုက်ရတာကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံကို လွှတ်ပေးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်တယ်လို့ ပြောထားပါတယ်။ အကျိုးအမြတ် အများဆုံး ရရှိမှာမဟုတ်ပေမဲ့ သမ္မတ အိုဘားမားကလည်း ရတဲ့အခွင့်အရေးကို ဆုပ်ကိုင် လုပ်ဆောင်ကြည့်တဲ့ သဘောပါ။”
The Heritage Foundation က Walter Lohman ပြောသွားတာဖြစ်ပါတယ်။ ဒီလို မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကြားမှာ သံတမန် ဆက်ဆံရေးတွေ တိုးတက်လာတဲ့အတွက် အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းတဲ့အဆင့်ထိ ဖြစ်လာဖို့ကို မြန်မာအစိုးရဘက်က မျှော်လင့်နေတာပါ။ ဒါပေမဲ့လည်း အဲဒီအဆင့်ထိရောက်ဖို့ မြန်မာနိုင်ငံဘက်က ပြုပြင်ပြောင်းလဲမှုတွေ ပိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်လို့ Center for a New American Security ဌာနက Patrick Cronin ကပဲ ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်မှုကို ပြန်လည် ရုပ်သိမ်းပေးမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက လုပ်ဆောင်မှုတွေကိုကြည့်ပြီး လိုအပ်သလို တဆင့်ချင်း ဆောင်ရွက်သွားပါမယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ စီစဉ်ပါလိမ့်မယ်။ ဒီမှာ စဉ်းစားရမယ့်အချက်က ၂၀၁၄ ခုနှစ် အာဆီယံ အစည်းအဝေးတွေကို မြန်မာနိုင်ငံ အနေနဲ့ ဘယ်လိုမျိုး အိမ်ရှင်အဖြစ် စီစဉ်ကျင်းပပေးမလဲ ဆိုတဲ့အချက်ပါ။ သိပ် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချရမှာဖြစ်ပါတယ်။ မေးစရာရှိတာက မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေးတွေကို အဲဒီအထိ ဆက်ပြီးလုပ်ဆောင်သွားမလား ဆိုတာပါပဲ။ စစ်အစိုးရဘက်ကလည်း ဒီမိုကရေစီ အခွင့်အလမ်းတွေကို လက်လွတ်မခံချင်တာကြောင့် တဘက်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတာလို့ မြင်ရပါတယ်။ ပြောင်းလဲမှုတွေ ဆက်ပြီးဖြစ်ပေါ်လာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”
မစ္စတာ Cronin ပြောသွားတာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ မြန်မာနိုင်ငံကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ ၂ ရက်တာ ခရီးစဉ်နဲ့ ရောက်ရှိမှာဖြစ်ပြီး ဒီလို အမေရိကန် ပြည်ထောင်စုဘက်က ထိတွေ့ဆက်ဆံမှု မူဝါဒကို ကျင့်သုံးနေတဲ့တချိန်တည်းမှာ တဘက်ကလည်း မြန်မာနိုင်ငံအပေါ်မှာ အရေးယူဒဏ်ခတ်ရေးမူကို ဆက်လက် ကျင့်သုံးနေတာဖြစ်ပါတယ်။