သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အာဆီယံဥက္ကဋ္ဌဖြစ်မှာ အမေရိကန်စိုးရိမ်


မြန်မာ အာဆီယံဥက္ကဋ္ဌဖြစ်မှာ အမေရိကန်စိုးရိမ်
မြန်မာ အာဆီယံဥက္ကဋ္ဌဖြစ်မှာ အမေရိကန်စိုးရိမ်

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံဟာ ဒေသတွင်း ဦးဆောင်မှုနေရာ ယူလာမယ့် ကိစ္စကို အမေရိကန်ပြည်ထောင်စု စိုးရိမ်မကင်း ဖြစ်ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အရေးယူဒဏ်ခတ်တာအပြင် ထိစပ် ဆက်ဆံရေး မူဝါဒ နှစ်ခုလုံး ကျင့်သုံးနေပေမဲ့ အခုအချိန်အထိတော့ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲ ရလဒ်တွေ များများစားစား မတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြထား ပါတယ်။

လာမယ့် ၂၀၁၄ ခုနှစ် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်နိုင်ဖို့ မြန်မာနိုင်ငံ ကြိုးပမ်းနေတယ် ဆိုတဲ့သတင်းအပေါ်မှာ အမေရိကန် နိုင်ငံခြားရေးဌာနက အခုလို တုံ့ပြန် ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံထဲမှာ လက်ရှိ အခြေအနေမျိုး ရှိနေသ၍တော့ နိုင်ငံတကာမှာပဲဖြစ်ဖြစ်၊ ဒေသတွင်းမှာပဲဖြစ်ဖြစ် ဘယ်လို ခေါင်းဆောင်မှုမျိုးမဆို မြန်မာနိုင်ငံ ယူလာမှာကို စိုးရိမ်မကင်းရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာ့ခ် တိုနာ (Mark Toner) က ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ စိုးရိမ်မကင်းဖြစ်တာက ရှင်းပါတယ်။ ပြည်တွင်းလူ့အခွင့်အရေး အခြေအနေ ဆိုးရွားမှုတွေကြောင့် ဘယ်လို ခေါင်းဆောင်မှုမျိုးမှာမဆို စိုးရိမ်ရပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ အခုဆိုရင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ရှိတာကြောင့်
ဒီလမ်းကြောင်းကလည်း မြန်မာနိုင်ငံကိစ္စ အပြောင်းအလဲဖြစ်အောင် ပိုပြီးလုပ်နိုင်မလား မျှော်လင့်ချက် ထားတယ်လို့ မာ့ခ် တိုနာက ပြောပါတယ်။

“အဆင့်မြင့်အရာရှိတဦးကို မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ဦးဆောင်ကြိုးပမ်းဖို့ အမည်တင်သွင်းခြင်းအားဖြင့် လက်ရှိအရေးယူ ဆောင်ရွက်မှုကို တိုးမြင့်လုပ်ဆောင်ရာ ရောက်တယ်ဆိုတာ ရှင်းပါတယ်။ ကျနော်တို့က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ နှစ်လမ်းသွားစနစ်ကို ဆက်ပြီးတော့ ကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဆက်ဆံရေး တံခါးကို ဖွင့်ထားမှာဖြစ်ပါတယ်။ အမှန်ပြောရရင်တော့ မျှော်လင့်စရာတွေတော့ မတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့လည်း အဲဒီလိုရွေးချယ်ထားတဲ့ လမ်းအတိုင်း ဆက်ပြီးတော့ သွားမှာပါ။ မျှော်လင့်ရတာကတော့ အခု ကျနော်တို့ မြန်မာနိုင်ငံကို လက်ကမ်းကြိုဆိုတဲ့နေရာမှာ ဒါဟာ တွန်းအားတရပ် ဖြစ်လာဖို့ပါပဲ။ နောက်ပြီးတော့ ဒီ အထူး သံကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံမှာ အာဏာရှင်အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ စိုးရိမ်မကင်း ဖြစ်မှုကိုလည်း သတိထားပြီးတော့ ပြောဆိုနိုင်မယ့်ပုဂ္ဂိုလ်ပါ။”

မြန်မာနိုင်ငံအနေနဲ့ အရင်တုန်းကလည်း အာဆီယံ အလှည့်ကျဥက္ကဌ ယူဖို့ရှိခဲ့ပေမဲ့ အနောက်နိုင်ငံတွေ အပါအဝင် အခြားနိုင်ငံတွေနဲ့ အာဆီယံဆက်ဆံရေး ထိခိုက်မှာကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စိုးရိမ်ချက် ကြောင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့ ဆိုင်းငံခဲ့ရဖူးပါတယ်။

XS
SM
MD
LG