သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် Derek Mitchell ကို အိုဘားမားအဆိုပြု


မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် Derek Mitchell ကို အိုဘားမားအဆိုပြု
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် Derek Mitchell ကို အိုဘားမားအဆိုပြု

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူးနဲ့ သမ္မတရဲ့ အထူးကိုယ်စားလှယ်အဖြစ် ဒဲရက်မစ်ချဲလ် (Derek Mitchell) ကို ခန့်ထားဖို့ သမ္မတ အိုဘားမားက အထက်လွှတ်တော်ကို အဆိုပြုလိုက်ပါတယ်။ အထက်လွှတ်တော်က အတည်ပြုလိုက်တာနဲ့ မစ္စတာ ဒဲရက် မစ်ချဲလ် ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သံအမတ်ကြီး အဆင့်တာဝန်ကို တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ခုလို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ယောက် ခန့်အပ်ဖို့ ၂၀၀၈ ခုနှစ်မှာ ကွန်ကရက်လွှတ်တော်က ပြဌာန်းခဲ့တာပါ။

မစ္စတာ မစ်ချဲလ် ဟာ တရုတ်ရေးရာ ကျွမ်းကျင်သူ ဖြစ်ပြီး အာရှ အတွေ့အကြုံ ကောင်းကောင်း ရှိတဲ့သူ ဖြစ်ပါတယ်။ မစ္စတာ မစ်ချဲဟာ ကာကွယ်ရေး ဝန်ကြီးဌာန အာရှနဲ့ ပစိဖိတ်ဒေသ လုံခြုံရေးရာ ဒု လက်ထောက် ကာကွယ်ရေးဝန်ကြီး အဖြစ် လောလောဆယ်မှာ တာဝန် ထမ်းဆောင်နေပါတယ်။ သူ အလုပ်စဝင်ခါစက နိုင်ငံခြားရေး မူဝါဒဆိုင်ရာ လက်ထောက်တစ်ယောက်အဖြစ် ဒီမိုကရက် လွှတ်တော်အမတ် အက်ဒ်ဝပ် ကနေဒီ ဆီမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အဲဒီနောက်မှာတော့ ထိုင်ဝမ် သတင်းစာ China Post မှာ အလုပ်လုပ် ခဲ့ပါတယ်။ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးအဖွဲ့ အပါအဝင် ဝါရှင်တန် အခြေစိုက် မူဝါဒရေးရာ အဖွဲ့အစည်းတွေမှာလည်း သူ အလုပ်လုပ်ခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် မစ္စတာ မစ်ချဲလ်ဟာ အစိုးရနဲ့ရော မြန်မာ အတိုက်အခံတွေ နဲ့ပါ စကားပြောရမှာပါ။ လွန်ခဲ့တဲ့ ၁၈ လ အတွင်းမှာ အိုဘားမား အစိုးရဟာ မြန်မာနိုင်ငံကို အထီးကျန် ဖြစ်စေတဲ့ မူဝါဒကနေ ထိတွေ့ဆက်ဆံမယ့် မူဝါဒအဖြစ် ပြောင်းလဲခဲ့ပေမဲ့ ပိတ်ဆို့အရေးယူရေး မူဝါဒကိုတော့ ဆက်လက် ကိုင်စွဲထားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီရေးအတွက် ပိတ်ဆို့အရေးယူရေး မူဝါဒကို ဆက်လက် ကျင့်သုံးတာဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက ပိတ်ဆို့ အရေးယူထားတာကို ရုပ်သိမ်းဖို့ တောင်းဆိုထားကြပါတယ်။ အင်္ဂါနေ့တုန်းကတော့ ဥရောပ သမဂ္ဂက လက်ရှိ အစိုးရရဲ့ အရပ်သား ဝန်ကြီးတွေအပေါ်မှာ ဗီဇာပိတ်ပင်မှာ မဟုတ်သလို နိုင်ငံခြားရေးဝန်ကြီးကိုလည်း သွားလာ ဆက်ဆံရေး လွယ်ကူအောင် ဗီဇာ ပိတ်ပင်ရေး မူဝါဒကနေ ချွင်းချက်အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။ အမေရိကန်ကတော့ ပိတ်ဆို့ အရေးယူထားတာကို ရုပ်သိမ်းဖို့ စောသေးကြောင်း ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို လွှတ်ပေးဖို့ အမေရိကန် အစိုးရက တိုက်တွန်းထားပါတယ်။ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ကြား လက်နက် ရောင်းဝယ်မှုနဲ့ နျူကလီးယာ ဆိုင်ရာ ဆက်သွယ် ဆက်ဆံရေးတွေ အပေါ်လည်း အမေရိကန်က ရတက်မအေး ဖြစ်နေပါတယ်။

XS
SM
MD
LG