သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သစ်တော ထိန်းသိမ်းရေး အမေရိကန်-မြန်မာ ဆွေးနွေး


 မြန်မာ-အမေရိကန် သဘာဝပတ် ဝန်းကျင်ရေးရာနဲ့ သစ်တောရေးရာ ဆွေးနွေးပွဲ ဂျပန်နိုင်ငံ ယိုကိုဟားမား မြို့မှာ ကျင်းပခဲ့စဉ်။ (နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၁၂)။
မြန်မာ-အမေရိကန် သဘာဝပတ် ဝန်းကျင်ရေးရာနဲ့ သစ်တောရေးရာ ဆွေးနွေးပွဲ ဂျပန်နိုင်ငံ ယိုကိုဟားမား မြို့မှာ ကျင်းပခဲ့စဉ်။ (နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၁၂)။
မြန်မာနိုင်ငံဟာ အခုအချိန်က စတင်ပြီး သစ်နဲ့သစ်တောထွက် ပစ္စည်းတွေ ရောင်းချရေးထက် သစ်တောသစ်ပင်တွေ ပြုစုပျိုးထောင်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ဒီလုပ်ငန်းတွေအတွက် အမေရိကန်ရဲ့အကူ အညီကို ကြိုဆိုတယ်လို့၊ “ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီး ဦးဝင်းထွန်းက ပြောကြား လိုက်ပါတယ်။ ဂျပန်နိုင်ငံ ယိုကိုဟားမား (Yokohama) မြို့မှာ ကျင်းပခဲ့တဲ့ “အပြည်ပြည်ဆိုင်ရာ အပူ ပိုင်းဒေသများ သစ်လုပ်ငန်းဆိုင်ရာ နှစ်ပတ်လည် ညီလာခံ ITTC ရဲ့နောက်ဆုံးနေ့ နိုဝင်ဘာ (၁၀)ရက်နေ့မှာ၊ ဒီညီလာခံကို တက် ရောက်နေကြတဲ့ အမေရိကန် နဲ့ မြန်မာအစိုးရတို့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြစဉ်မှာ မြန်မာကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်ဝန်ကြီး ဦးဝင်းထွန်းက အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို အဲဒီလို ပြောကြားခဲ့ တာပါ။ အပြည့်အစုံကိုတော့ ဒီဆွေးနွးပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဂျပန်နိုင်ငံကို ရောက်ရှိနေသူ ဗွီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းက တင်ပြထားပါတယ်။

ဒီ မြန်မာ-အမေရိကန် သဘာဝပတ် ဝန်းကျင်ရေးရာနဲ့ သစ်တောရေးရာ ဆွေးနွေးပွဲကို၊ ယိုကိုဟားမား ITTC ညီလာခံရဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန သမုဒ္ဒရာများ၊ သဘာဝပတ်ဝန်းကျင်နဲ့ သိပ္ပံ ပညာ ဗျူရို လက်အောက်ခံ သစ်တောဌာနခွဲရဲ့ အကြီးအကဲ ဒေါက်တာချားလ်စ်ဘာဘာ (Dr. Charles Barber) ကိုယ်တိုင် ဦးဆောင် တက်ရောက်ခဲ့ပါတယ်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ဝန်ကြီးဦးဝင်းထွန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ကို အဓိက မေးမြန်းဆွေးနွေး တာကတော့ နှစ်နိုင်ငံကြားမှာ နယ်ပယ်စုံ နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံမှု မရှိခဲ့တာကြောင့်၊ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောတွေ ထိန်းသိမ်းရေးမှာ မြန်မာနိုင်ငံဘက်က ဘယ်လို အကူအညီမျိုးတွေ လိုအပ်နေတယ်ဆိုတာကို သူတို့အနေနဲ့ ဦးစွာပထမ သိရှိလိုတယ်လို့ ဒေါက်တာ ချားလ်စ် ဘာဘာက ဆိုပါတယ်။

“ကျနော်တို့က ခင်ဗျားတို့ဆီက ကြားချင်တာက မြန်မာနိုင်ငံက သစ်တောတွေနဲ့ ပတ်သက်ပြီး ခင်ဗျားတို့တွေ ဘာတွေ လုပ်ကိုင်ချင်ကြ သလဲ ဆိုတာနဲ့ ဘာကိုဦးစားပေးပြီး လုပ်ဖို့လိုတယ်လို့ မြင်ထားကြသလဲ ဆိုတာတွေပါ။ ကျနော်တို့က ခင်ဗျားတို့နဲ့အတူ တကွ ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတာရယ်၊ အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသများ သစ်လုပ်ငန်းဆိုင်ရာအဖွဲ့ အနေနဲ့ လုပ်ပေးနိုင် တာထက် ကျော်လွန်တဲ့ ကိစ္စတွေကို ကျနော်တို့က လုပ်ပေးနိုင်တာ ရှိရင်လည်း၊ အဲဒါတွေက ဘာတွေလဲ ဆိုတာတွေကို ကျနော်တို့က သိချင်ပါတယ်။”

မြေစီမံခန့်ခွဲမှုဆိုင်ရာ အခြေအနေနဲ့ ပတ်သက်ပြီး မြေအသုံးချမှုဆိုင်ရာမူဝါဒ ရေးဆွဲဖို့ မိမိတို့ဝန်ကြီးဌာနကို တာဝန် ပေးအပ်ထားခြင်း ခံရပြီးတော့၊ ဒီကိစ္စကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပေမဲ့ အတွေ့အကြုံ မရှိသေးတာကြောင့် ဒီလုင်ငန်းအတွက် အကူ အညီပေးဖို့ကိုလည်း ဝန်ကြီးဦးဝင်းထွန်းက ဆွေးနွေးခဲ့ပါတယ်။

“မြေ စီမံခန့်ခွဲတဲ့ ကိစ္စက ကျနော်တို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ မဖြစ်မနေ ကျော်လွှားခဲ့ရတဲ့ အဆင့် ဖြစ်ပါတယ်။ ပတ်ဝန်းကျင် နိုင်ငံတွေ ဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတွေမှာတောင် ဒီဥစ္စာကို ခက်ခက်ခဲခဲ ဖြစ်ကျော်တာ အောင်မြင်သွားပါပြီ။ ကျနော်တို့ နိုင်ငံမှာတော့ ဒါလေးက မရှိသေးဘူး။ Land use policy (မြေယာ အသုံးချမှု မူဝါဒ) မရှိသေးဘူး။ land use management plan (မြေယာ အသုံးချမှု အစီအစဉ်) တွေ မရှိသေးဘူး။ အဲဒီအတွက်ကြောင့်မိုလို့ ဖွံ့ဖြိုးမှု လုပ်ငန်းများ လုပ်တဲ့အခါမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဟန်ချက်ညီအောင် ဆိုရင် မြေပုံရှိတယ်။ ဒီ မြေပုံကို ကြည့်လိုက်ရင်တော့ နေရာတွေ အများကြီးပဲ။ သို့သော်လည်းပဲ ရင်းနှီးမြှုပ်နှံမှု လုပ်မယ့်ဟာ၊ ဇုန်သတ်မှတ်တာတွေ လုပ်မယ့်ဟာတွေ ကျတော့ အကုန်လုံးက ပြဿနာတွေနဲ့ ရှုပ်ထွေးနေတယ်။ အဲဒါကို ကျနော်တို့ ခိုင်မာတိကျသော မြေယာ အသုံးချမှု မူဝါဒ ရေးဆွဲဖို့နဲ့ အစီအစဉ်တွေ လုပ်ဖို့ကို ကျနော်တို့ ဝန်ကြီးဌာနကို တာဝန်ပေးထားတယ်လို့ အဲဒီအတွက်လည်း ကျနော်တို့က အခုတော့ စတင် ဆောင်ရွက်နေပြီ။ သို့သော် ကျနော်တို့မှာ အတွေ့အကြုံ မရှိဘူးလို့။”

အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုတွေ များလာနေတာကြောင့်၊ အစိုးရအနေနဲ့ သစ်ထုတ်လုပ်မှုကို တတ်နိုင်သမျှ လျှော့ ချသွားဖို့ ရှိတယ်လို့လည်း ဝန်ကြီးဦးဝင်းထွန်းက အခုလို ပြောကြားသွားခဲ့ပါတယ်။

“သစ်တောကဏ္ဍကို ကျနော်တို့က စီးပွားရှာတာထက်စာရင် ကျနော်တို့က ပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများကိုသာလျင် ဆက်ပြီးတော့ လုပ်သွားချင်ပါတယ်။”

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန် သစ်တောရေးရာဌာန၊ နိုင်ငံတကာဆိုင်ရာ အစီအစဉ်များ ဌာနခွဲက မူဝါဒရေးရာ လက်ထောက်ညွှန်ကြားရေးမှူး မစ္စဂျယ်ရီလင်းလီဗီ (Ms Jerilyn Levi) က သူတို့အနေနဲ့ မြန်မာနိုင်ငံနဲ့ သစ်တောနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးရာတွေကို ပူးပေါင်း ဆောင်ရွက်ရတော့မယ့် အလားအလာတွေကို မြင်တွေနေရတာကြောင့် စိတ်လှုပ်ရှားမိတယ်လို့ ဆိုပါတယ်။

“ကျမအနေနဲ့ အရင်ဦးဆုံး ပြောချင်တာကတော့ ရှင်တို့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရတော့မယ့် အလားအလာတွေကို တွေ့မြင်နေရလို့ စိတ်တွေ လှုပ်ရှားနေမိတယ် ဆိုတာပါ။ အမေရိကန် သစ်တောရေးရာဌာန အနေနဲ့ နှစ်ပေါင်း ၁၀၀ ကျော် လုပ်ငန်းအတွေ့အကြုံတွေ ရှိနေပါ တယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံးမှာလည်း နိုင်ငံပေါင်း ၈၀ ကျော်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။ သစ်တောထိန်းသိမ်းရေး လုပ်ငန်းမှာ စိမ်ခေါ်မှုတွေ အများကြီး ရှိနေပေမဲ့ ရှင်တို့တွေက ဒါကို ပြင်းပြင်းပြပြ လုပ်ကိုင်ချင်နေကြတယ် ဆိုတာကတော့ တကယ့်ကို အံဖွယ်သရဲပါပဲ ရှင်။”

မကြာခင်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတော့မယ့် သမ္မတ ဘရက်အိုဘားမား ဦးဆောင်တဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာ အစိုးရတို့ တွေ့ဆုံ ဆွေးနွေးကြတဲ့အခါမှာ၊ မြန်မာနိုင်ငံရဲ့ သစ်တောတွေနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေအတွက် အမေရိကန်က အကူအညီပေးမယ့် ကိစ္စရပ်လည်း ပါဝင်တာကြောင့်၊ အခုလို ယိုကိုဟား မားမြို့ ITTC နှစ်ပတ်လည် ညီလာခံကို ရောက်ရှိနေကြတဲ့ သစ်တောနဲ့ ပတ်ဝန်းကျင် ရေးရာဘက်ဆိုင်ရာ မြန်မာနဲ့ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့တို့ အကြိုတွေ့ဆုံဆွေးနွေးကြဖို့၊ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်မစ်ချဲလ် (Derek Mitchell) ရဲ့ တိုက်တွန်းမေတ္တာ ရပ်ခံမှုနဲ့ ဒီဆွေးနွေးပွဲကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG