သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့လူ့အခွင့်အရေးအခြေအနေ ကန်လွှတ်တော်စိုးရိမ်


(Credit: US Congress)
(Credit: US Congress)

ဒီမိုကရေစီထွန်းသစ်စ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စိုးရိမ်စရာ အခြေအနေတွေ ရှိနေသေးတယ်လို့ ကမ္ဘာတဝှမ်း လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး မြှင့်တင်ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြောလိုက်ပါတယ်။ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ ဇူလိုင်လ ၁၂ ရက်နေ့တုန်းက ကမ္ဘာတဝှမ်း ဆိုးရွားနေဆဲ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ ကြားနာပွဲမှာ အခုလို ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းကျဆင်းနေတဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ အဲဒီရဲ့ ဂယက်က အမေရိကန် ပြည်ထောင်စုအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာကို တင်ပြဆွေးနွေးကြတဲ့ ကြားနာပွဲအကြောင်းကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ အီရန်၊ ဆီးရီးယား၊ ရုရှားအပြင် IS အဖွဲ့လို စစ်သွေးကြွအဖွဲ့တွေရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှု၊ ဘာသာအရ လူနည်းစုတွေ ဖိနှိပ်ခံနေရမှု၊ အမျိုးသမီးနဲ့ မိန်းကလေးငယ် သန်းနဲ့ချီ ဖြားယောင်းခံနေရတဲ့ လူကုန်ကူးမှု၊ ရွှေ့ပြောင်းလုပ်သားတွေ ခေတ်သစ် ကျေးကျွန်တွေအဖြစ် ခိုင်းစေခံနေရမှု၊ မြောက်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ် အပါအဝင် နိုင်ငံတော်တော်များများမှာ အခြေခံ နိုင်ငံရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေ ငြင်းပယ်ခံနေရတာမျိုးလို ကမ္ဘာတဝှမ်းက လူ့အခွင့်အရေး အခြေအနေတွေဟာ ပိုပြီး ကျဆင်းလာနေတယ်လို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာ ပြုလုပ်ခဲ့တဲ့ ကြားနာပွဲအတွင်း ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ California ပြည်နယ် Republican အမတ် Ed Royce က ပြောကြားခဲ့ပါတယ်။ ကမ္ဘာတဝှမ်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ ဆိုးရွားနိမ့်ကျနေဆဲလို့ အဓိပ္ပါယ်ရတဲ့ Human Rights Under Siege Worldwide ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင်လ ၁၂ ရက် အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ကြားနာပွဲမှာ ကမ္ဘာတဝှမ်း လူ့အခွင့်အရေး အခြေအနေတွေက အမေရိကန်ပြည်ထောင်စုအပေါ် သက်ရောက်မှုရှိတာကို ကြားနာပွဲ သဘာပတိလည်းဖြစ်တဲ့ Mr. Royce က ခုလို ပြောကြားပါတယ်။

“နိုင်ငံတွေရဲ့ တည်ငြိမ်မှုက အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ တည်ငြိမ်မှုဟာ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာတဲ့အပေါ်မှာ လုံးဝ မူတည်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး မူဝါဒချမှတ်တဲ့နေရာမှာ လူ့အခွင့်အရေး တခုထဲကို အလေးပေးဖို့ မဖြစ်နိုင်ပေမဲ့ လူ့အခွင့်အရေးကို ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။ လူ့အခွင့်အရေးကို ထည့်မတွက်တဲ့ အခြေအနေတွေ မကြာခဏ ရှိနေပါတယ်။”

ကမ္ဘာတဝှမ်း လူ့အခွင့်အရေး အခြေအနေတွေ ဘာကြောင့် ဆက်လက် ကျဆင်းနေသလဲ ပြန်လည် တိုးတက် ကောင်းမွန်အောင် ဘယ်လိုလုပ်သင့်သလဲ ဆိုတာကို တင်ပြ ဆွေးနွေးကြတဲ့ ကြားနာပွဲမှာ လာရောက် ထွက်ဆို တင်ပြကြသူ တချို့ကလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။ လူ့အခွင့်အရေး အဖိနှိပ်ဆုံး စာရင်းဝင်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အခု NLD ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရ အုပ်ချုပ်နိုင်တာက သိပ်ကို ထူးခြားတဲ့ အပြောင်းအလဲဖြစ်ပေမဲ့၊ တိုးတက်ဖို့ လိုတဲ့ အခြေအနေတွေ ရှိနေဆဲပဲလို့ ကမ္ဘာတဝှမ်း လွတ်လပ်မှုကို မြှင့်တင်နေတဲ့ Freedom House ရဲ့ ဥက္ကဋ္ဌ Mark P. Lagon က အခုလို ပြောကြားခဲ့ပါတယ်။

“မျှော်လင့်ချက်ရောင်ခြည်ကို မြင်နေရတာကတော့ မြန်မာနိုင်ငံပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တာက ထူးခြားတဲ့ အပြောင်းအလဲတခု ဖြစ်ပါတယ်။ ဒါပေမဲ့ လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ တင်းမာမှုတွေ ရှိနေဆဲဖြစ်တယ်။ ရိုဟင်ဂျာ မူဆလင်တွေနဲ့ ခရစ်ယာန်ဘာသာ အဓိကကိုးကွယ်ကြတဲ့ ကချင်တိုင်းရင်းသားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အောင်မြင်ဖို့ Freedom House က မြန်မာနိုင်ငံတွင်းရှိ ဘာသာကွဲတွေကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်နိုင်ရေးကို မြှင့်တင်နိုင်တဲ့ စီမံကိန်းကို ဆောင်ရွက်နေပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ နိုင်ငံခြားမူဝါဒမှာလည်း မြန်မာနိုင်ငံအရေးကို ဆက်ပြီး အလေးပေးသင့်တယ် ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်အကြီးအကဲတွေရဲ့ ထောက်ခံမှုမပါဘဲ စစ်မှန်တဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ မဖြစ်နိုင်ဘူးဆိုတာကိုလည်း သူက ထောက်ပြထားပါတယ်။ စစ်တပ်ရဲ့ လွှမ်းမိုးမှုတွေ ရှိနေဆဲဖြစ်သလို လွှတ်တော်ရဲ့ ဆောင်ရွက်နိုင်မှုဟာလည်း အကန့်အသတ်တွေ ရှိနေသေးတယ်လို့ ပြောပါတယ်။ NLD အစိုးရအနေနဲ့ နိုင်ငံရေးအရ ထိခိုက်နိုင်တဲ့ အချက်ကို ဂရုမစိုက်ဘဲ လူနည်းစုတွေရဲ့ အခြေခံအခွင့်အရေးတွေကို အကာအကွယ်ပေးမှာလား ဆိုတာကလည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ Freedom House အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ Mark P. Lagon က လွှတ်တော်ကြားနာပွဲမှာ တင်ပြသွားပါတယ်။ သူတင်ပြခဲ့သလို မြန်မာနိုင်ငံမှာ လူနည်းစုတွေရဲ့အရေး ဖိနှိပ်ခံနေရဆဲပဲလို့ The George W. Bush Institute ရဲ့ Human Freedom Initiative အဖွဲ့ညွှန်ကြားရေးမှူး Amanda Schnetzer ကလည်း ထောက်ပြပါတယ်။

“မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်နေကြတဲ့ လူငယ်ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှု အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် Bush Institute ရဲ့ Leadership Forum ကနေ ကူညီ ဆောင်ရွက်ပေးနေပါတယ်။ နှစ်ပေါင်း ၂၀ ကျော် မြန်မာစစ်အစိုးရကို အထီးကျန်ဖြစ်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေ အောင်မြင်မှုရရေးအတွက်ကို အမေရိကန်က အာရုံစိုက်ပြီး မူဝါဒချမှတ် ဆောင်ရွက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ရိုဟင်ဂျာမူဆလင်တွေနဲ့ တခြားဘာသာရေးနဲ့ လူမျိုးရေး လူနည်းစုတွေရဲ့ အခြေအနေတွေ အပါအဝင် စိုးရိမ်စရာ လူ့အခွင့်အရေး အခြေအနေတွေ ရှိနေဆဲဖြစ်ပါတယ်။ အာရှဒေသမှာ တရုတ်က သူ့ရဲ့သြဇာလွှမ်းနိုင်ဖို့ မရမက လုပ်လာနေတာနဲ့အမျှ အမေရိကန်အတွက် မြန်မာနိုင်ငံဟာ မဟာဗျူဟာအရ ပိုပြီး အရေးပါလာပါတယ်။”

အင်္ဂါနေ့က အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီကြားနာပွဲမှာ Freedom House၊ Bush Institute တို့အပြင် Religious Freedom Institute၊ The Council for Global Equality တို့က အကြီးအကဲတွေကလည်း အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အလေးထား ထည့်သွင်းဖို့ ဘာကြောင့် အရေးကြီးသလဲဆိုတာကို တင်ပြသွားခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG