သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် သဘောထား အမေရိကန်နဲ့ဂျပန် တူညီ


မြန်မာနိုင်ငံအပေါ် သဘောထား အမေရိကန်နဲ့ဂျပန် တူညီ
မြန်မာနိုင်ငံအပေါ် သဘောထား အမေရိကန်နဲ့ဂျပန် တူညီ

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားဟာ ဂျပန်နိုင်ငံနဲ့ ထပ်တူထပ်မျှ ဖြစ်ပါတယ်လို့ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် အာရှဒေသ မိတ်ဆွေ သုံးနိုင်ငံခရီး သွားရောက်ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ် (Kurt Campbell) က သူ့ရဲ့ခရီးစဉ်အပြီးမှာ ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာ့အရေး အပါအဝင် ဒေသတွင်း အရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် ဇန်နဝါရီလ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ အာရှဒေသ အင်အားကြီးနိုင်ငံ သုံးနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ့်ဘဲလ်ရဲ့ ခရီးစဉ်ဟာ ဂျပန်နိုင်ငံမှာ အဆုံးသတ်ခဲ့ပါပြီ။ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားဟာ ဂျပန်နိုင်ငံနဲ့ ထပ်တူထပ်မျှ ဖြစ်ပါတယ်လို့ ဂျပန်နိုင်ငံက မပြန်ခင် တိုကျိုမှာ မစ္စတာ ကမ့်ဘဲလ်က ပြောကြားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဗွီအိုအေကို ပြောပါတယ်။

“လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကမ့်ဘဲလ် ဟာ ဇန်နဝါရီလ ၆ ရက်နဲ့ ၇ ရက် နေ့တွေမှာ ဂျပန်နိုင်ငံမှာ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဂျပန်အစိုးရက မြန်မာသမ္မတ ဦးသိန်းစိန်ကို ဧည့်သည်တော်အဖြစ် လက်ခံမယ်ဆိုတာ ဆွေးနွေးပွဲတွေမှာ သိခဲ့ရတဲ့အကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားဟာ ဂျပန်နဲ့ ထပ်တူထပ်မျှဖြစ်ပြီး မြန်မာနဲ့ ထိတွေ့ဆက်ဆံရေး လုပ်ချင်တဲ့ဆန္ဒရှိသလို မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေ အတွက် ကူညီထောက်ပံ့မှုတွေ ပေးချင်တဲ့ ဆန္ဒရှိနေပါတယ် ဆိုတဲ့အကြောင်းတွေကို ဆွေးနွေးခဲ့တယ်လို့ တိုကျိုက မပြန်ခင်မှာ ပြောဆိုခဲ့ပါတယ်။”

ဂျပန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုက မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ လုပ်နေချိန်မှာပဲ သတိနဲ့ မြန်မာကို ထိတွေ့ဆက်ဆံခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စပြီး တွေ့လာရတဲ့အချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာမှာရော ဖွံ့ဖြိုးရေးဆိုင်ရာမှာပါ အကူအညီတွေကို ထပ်ပြီးတိုးပေးဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ မကြာသေးခင်ကပဲ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ကိုအိချိရို ဂမ်ဘ (Koichiro Gamba) မြန်မာနိုင်ငံကို သွားရောက်ခဲ့သလို ဂျပန်နိုင်ငံမှာ ၂၀၁၂ ခုနှစ်ထဲကျင်းပမယ့် မဲခေါင်ဒေသတွင်း နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံရဲ့ ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ပါ မြန်မာသမ္မတ ဦးသိန်းစိန်ကို ဖိတ်ကြားခဲ့တာပါ။

မြန်မာအပေါ် အရေးယူဒဏ်ခတ်မှု ဆက်ပြီးထားရှိပေမဲ့ ထိတွေ့ဆက်ဆံရေးမူကိုပါ ကျင့်သုံးနေတဲ့ အမေရိကန်နိုင်ငံကတော့ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်နေမယ်ဆိုရင် အမေရိကန်နိုင်ငံက အကူအညီတွေ ပေးသွားဖို့အတွက် ဆုံးဖြတ်ထားတယ်လို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက ပြောင်းလဲမှုတွေ ထဲက အဓိက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ကို အမေရိကန်နိုင်ငံက မြင်ချင်ကြောင်း မစ္စတာ ကမ့်ဘဲလ်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“ဆွေးနွေးးပွဲတွေမှာ အဓိကထား ပြောခဲ့တာကတော့ မြန်မာအစိုးရဘက်ကနေ တိုးတက်မှုတွေအတွက် ဆက်လုပ်နေပါတယ်ဆိုတာ အမေရိကန်က မြင်လာဖို့နဲ့ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်တာတင်မကဘဲ မြောက်ကိုရီးယားနဲ့ မြန်မာအကြား နျူကလီယား လက်နက် မပြန့်ပွားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ ရှိလာဖို့ ကိစ္စတွေပါ ပါဝင်ပါတယ်။”

မြန်မာနိုင်ငံမှာ ဧပြီလထဲ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမယ့်ရက် မတိုင်ခင် ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မြန်မာအစိုးရက လွှတ်ပေးပြီး မြန်မာ့နိုင်ငံရေးလမ်းစဉ်မှာ ပါဝင်ခွင့်ပြုဖို့အတွက် အများက မျှော်လင့်ထားပေမဲ့ ကိုမင်းကိုနိုင်တို့လို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဦးခွန်ထွန်းဦး တို့လို တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းက ထင်ရှားတဲ့ ခေါင်းဆောင်တွေကို အခုထိ လွှတ်မပေးသေးပါဘူး။

မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားဆီက နျူကလီယား လက်နက်ဆိုင်ရာ အကူအညီတွေ ရယူနေတယ်လို့ ဝန်ခံတာမျိုးမရှိသလို နျူကလီယား လက်နက် ထုတ်နိုင်လောက်အောင် ငွေကြေး မတတ်နိုင်သေးဘူးလို့လည်း မြန်မာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG