မြန်မာနိုင်ငံမှာ တကယ်ဖြစ်နေတဲ့ အပြောင်းအလဲတွေဟာ မှန်ကန်တဲ့လမ်းကို ဦးတည်သွားနေပြီ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးအပြီးမှာ ပိုပြီးလက်ခံသွားတယ်လို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် ဆီးနိတ် လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ် (Mitch McConnell) က ပြောလိုက်ပါတယ်။ ဧပြီလမှာလုပ်မယ့် ရွေးကောက်ပွဲတွေမှာ လွတ်လပ် မျှတမှု ရှိမရှိ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေအပေါ်မှာ မူတည်ပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန် အစိုးရရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို သင့်တော်သလို တုံ့ပြန်သွားမယ်လို့ မစ္စတာ မက်ကောနဲလ်က ပြောခဲ့တဲ့အကြောင်း ဘန်ကောက်ရုံးက မစုမြတ်မွန်က အပြည့်စုံ အစီရင်ခံထားပါတယ်။
အမေရိကန်အစိုးရက ၂၀၀၃ ခုနှစ်ကတည်းက အရေးယူ ဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံ လွတ်မြောက်မှုနဲ့ ဒီမိုကရေစီ အက်ဥပဒေကို ကွန်ဂရက်စ်လွှတ်တော်မှာ အတည်ပြု နိုင်ရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူ တစ်ယောက်ဖြစ်သလို မြန်မာ့ဒီမိုကရေစီရေး အတွက် အစဉ်တစိုက် အားပေးနေတဲ့ ရီပက်ဘလစ်ကန် လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ် ဟာ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အပြောင်းအလဲတွေကို အမေရိကန်က အင်မတန် အားရသလို ဒီအပြောင်းအလဲတွေဟာ မှန်ကန်တဲ့ဘက်ကို ဦးတည်သွားနေတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးအပြီးမှာ ပိုပြီး လက်ခံမိတယ်လို့ ဆီးနိတ်လွှတ်တော်ရဲ့ လူနည်းစု ခေါင်းဆောင်လည်း ဖြစ်တဲ့ အမတ် မစ်ချ်မက်ကော်နဲလ် ကပြောပါတယ်။ မြန်မာနိုင်ငံမှာ အမေရိကန် သံအမတ်ထားဖို့ သင့်တော်ပြီ ဆိုတာကိုလည်း သူ လက်ခံကြောင်းနဲ့ မကြာခင်လုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲတွေ လွတ်လပ် မျှတမှုရှိရေးနဲ့ ပတ်သက်လို့လည်း အခုလို ပြောသွားပါတယ်။
“ဧပြီလ ၁ ရက်နေ့မှာလုပ်မယ့် ရွေးကောက်ပွဲတွေ လွတ်လပ် မျှတမှု ရှိတာကိုလည်း ကျနော်တို့ မြင်ချင်ပါတယ်၊ လွတ်လပ် မျှတမှု ရှိမယ်ဆိုရင်တော့ အမေရိကန်က မြန်မာနိုင်ငံကို အရေးယူထားတဲ့ ဒဏ်ခတ်မှုတွေကို သင့်တော်သလို ပြင်ဆင်သွားရေး နောက်ထပ် စဉ်းစားသင့်တယ်” - လို့ ယူဆတဲ့အကြောင်းကို ဆီးနိတ်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ် က ပြောသွားတာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးအရ အရေးယူ ဒဏ်ခတ်မှုတွေ ဖယ်ရှားရေးကို ဦးသိန်းစိန်အစိုးရက လိုလားနေချိန်မှာ ဒီဒဏ်ခတ်မှုတွေ ဖယ်ရှားရေးအတွက် ဘာတွေလုပ်ရမယ် ဆိုတာကို မြန်မာအစိုးရက သိပါတယ်လို့လည်း သူက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။
“အမေရိကန်နဲ့ မြန်မာအစိုးရကြား တိုက်ရိုက် ဆွေးနွေးမှုတွေအရ သူတို့ လုပ်ရမယ့်ကိစ္စတွေက ဘာလဲဆိုတာကို သိပါတယ်။ အခုအချိန်မှာ လူနည်းစု တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်ဆံရေး တိုးတက်ရေးကိစ္စကို အမေရိကန်က အဓိက အာရုံစိုက်ချင်ပါတယ်။ KNU ကရင်အဖွဲ့နဲ့ မကြာခင်က အပစ်အခတ် ရပ်စဲခဲ့တာဟာ မှန်ကန်တဲ့ လမ်းကိုသွားနေတဲ့ထဲက အင်မတန်အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ တခြား တိုင်းရင်းသား အဖွဲ့တွေနဲ့လည်း အလားတူ တိုးတက်မှုတွေ ရှိလာမယ်ဆိုရင် အမေရိကန်က ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားရေးကို စဉ်းစားနိုင်တဲ့ ရှေ့တိုးဆောင်ရွက်မှုအဖြစ် လက်ခံပါလိမ့်မယ်၊” - လို့ ပြောသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နောက်ထပ် အပြောင်းအလဲတွေ လုပ်စရာ အများကြီး ရှိနေသေးတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ မှန်ကန်တဲ့ ဆောင်ရွက်မှုတွေအပေါ်မှာ အမေရိကန်က တုံ့ပြန်သွားမှာ ဖြစ်ကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ထပ်တလဲလဲ ပြောသွားပါတယ်။ အဓိက ကတော့ အမေရိကန်ဘက်က တိုးတက်တယ်လို့ ယူဆတဲ့ ကိစ္စတွေအပေါ်မှာ သုံးသပ် တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ပြောသွားခဲ့တာပါ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပြီးပြီးချင်းမှာပဲ အမေရိကန်က မြန်မာနိုင်ငံမှာ အမေရိကန်ဆိုင်ရာ သံအမတ်ကို ပြန်လည် ထားရှိမယ်လို့ ကြေညာခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စာရင်းအရ လွှတ်ပေးခဲ့တာ ဖြစ်တယ်ဆိုတဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းပွဲမှာ အခုလို ပြောခဲ့ပါတယ်။
“NLD စာရင်းအပေါ်မှာ အခြေခံပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ဒါကြောင့် NLD က ဒီစာရင်းကို ပြန်စိစစ်ပြီး လွတ်မြောက်ဖို့ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက် ကျန်နေသေးတယ် ဆိုတာကို ကြည့်မယ်၊” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာဖြစ်ပါတယ်။ ဆီးနိတ်အမတ် မက်ကောနဲလ် ဟာ ဒီမိုကရေစီနိုင်ငံက ဝါရင့် နိုင်ငံရေးသမားတစ်ယောက် ဖြစ်ရုံမက မြန်မာနိုင်ငံမှာ ဘာတွေ လုပ်ဖို့ လိုအပ်သလဲ ဆိုတာကို အနီးကပ် စောင့်ကြည့်နေတဲ့သူ ဖြစ်တဲ့အတွက် သူ့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ စိတ်ချတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောပါတယ်။
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ် ဟာ မနက်ဖြန်ကျရင်တော့ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အခြေအနေ တိုးတက်ဖို့အတွက် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးဖို့ သူ့အနေနဲ့ စိတ်အား ထက်သန်နေပါတယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။