သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှန်တဲ့ ပြောင်းလဲမှု မရှိဘဲ အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းမည်မဟုတ်


စစ်မှန်တဲ့ ပြောင်းလဲမှု မရှိဘဲ အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းမည်မဟုတ်
စစ်မှန်တဲ့ ပြောင်းလဲမှု မရှိဘဲ အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းမည်မဟုတ်

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးကြဖို့ မြန်မာနိုင်ငံတွင်း တိုက်တွန်းမှုတချို့ ရှိနေပေမဲ့ စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ မတွေ့ရမချင်း မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဆက်ထားရှိမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့က အမေရိကန်သံရုံး ယာယီတာဝန်ခံနဲ့ ဒီမိုကရေစီပါတီအချို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး ပိတ်ဆို့အရေးယူမှု ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် သောကြာနေ့ ပြည်ထောင်စုလွှတ်တော်အတွင်း နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး ဒီပိတ်ဆို့မှုတွေဟာ အများပြည်သူတွေနဲ့ တိုင်းပြည် စီးပွားရေးကို ထိခိုက်စေတယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော်က ဒီပိတ်ဆို့မှုတွေကို ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ လွှတ်တော်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ပိတ်ဆို့အရေးယူမှု လုပ်ထားတဲ့ ကာယကံရှင် နိုင်ငံတွေ အပေါ်မှာတော့ သြဇာသက်ရောက်နိုင်မယ့် အခြေအနေ မရှိပါဘူး။

အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ စစ်မှန်တဲ့ အပြောင်းအလဲတွေ မဖြစ်မချင်း အရေးယူ ပိတ်ဆို့မှုတွေ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ နိုင်ငံခြားရေးဌာန အရာရှိတဦးက ဒီကြေညာချက်ကို အခုလို ဖတ်ပြပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စိုးရိမ်ပူပန်မှုတွေ အပေါ်မှာ သိသာထင်ရှားတဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်လာရေး အာဏာပိုင်တွေကို ဖိအားပေးနိုင်ဖို့ အရေးယူ ပိတ်ဆို့မှုတွေ ဆက်လုပ်ထားမှာပါ။ တိုက်တွန်း ဖိအားပေးထားတဲ့ အထဲမှာတော့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်လုပ်နိုင်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။”

အမေရိကန်ပြည်ထောင်စု အနေနဲ့ အခုလို အရေးယူ ပိတ်ဆို့ထားသလိုပဲ တဘက်မှာ လာမယ့် အစိုးရသစ်နဲ့ ထိစပ် ဆက်ဆံရေးမူကိုလည်း ကျင့်သုံးသွားမယ်လို့ ကြေညာထားပါတယ်။ အမေရိကန်ရဲ့ မူဝါဒတွေ ဘယ်လောက် ထိရောက်မှု ရှိမရှိကိုလည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ မပြတ်ထိစပ် ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း မနေ့က သံရုံး ယာယီတာဝန်ခံနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံမှုဟာ ဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့ အရေးယူမှုဟာ ဘယ်လောက် ထိရောက်သလဲ၊ ဘာတွေအပေါ် သက်ရောက်မှု ရှိနေသလဲဆိုတာ သိနိုင်ဖို့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား လူနည်းစုတွေ၊ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ အပါအဝင် မြန်မာ့နိုင်ငံရေးမှာ အဓိကကျသူတွေနဲ့ ပုံမှန်ဆိုသလိုပဲ တွေ့ဆုံဆွေးနွေးလေ့ ရှိပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲဝင် ဒီမိုကရေစီ ပါတီတွေကတော့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားရေးအတွက် လွှတ်တော်ထဲမှာ ဝေဖန် ဆွေးနွေးခဲ့ကြသလို သက်ဆိုင်ရာ နိုင်ငံတွေကို သီးခြား ပန်ကြားချက်တွေလည်း ထုတ်ခဲ့ပါတယ်။ သူတို့အနေနဲ့ကတော့ အရေးယူ ပိတ်ဆို့မှုဟာ ရည်မှန်းသလို အပြောင်းအလဲအတွက် မထိရောက်ဘူးလို့ မြင်တဲ့အကြောင်း မနေ့က အမေရိကန် သံတမန်နဲ့ တွေ့ဆုံတဲ့အထဲ ပါဝင်တဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ကိုသိန်းတင်အောင်က ပြောပါတယ်။

“ကျနော်တို့ ရည်ရွယ်ချက်က Sanction ဟာ ဒီမိုကရေစီ ထွန်းကားရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကာကွယ်ပေးဖို့ပဲ ရည်ရွယ်တာကိုး။ လူထုထိခိုက်ဖို့လည်း မဟုတ်ဘူး၊ စစ်ခေါင်းဆောင် ထိခိုက်ဖို့လည်း မဟုတ်ဘူးဆိုတော့ ရည်ရွယ်ချက်ကိုက လွဲနေတော့ ဘာလို့သုံးမလဲ၊ အဲဒါကို ကျနော်တို့က ဆိုလိုတာပါ။ တချို့မှာတော့ ပုဂ္ဂိုလ်ရေးအရ ငွေရေး ကြေးရေး ထိခိုက်မှု ရှိပေမဲ့ သူတို့က ဆင်ပိန်ကျွဲပေါ့ဗျာ။ အဲဒီလို ထိခိုက်ပေမဲ့လည်း ဒီမိုကရေစီ ချိုးဖောက်မှုတွေက လျော့မသွားဘူးလေ။ ဒီမိုကရေစီကို မြှင့်တင်ရေးတွေက အကောင်အထည် ပေါ်မလာဘူး။”

အဓိက အတိုက်အခံ ဒီမိုကရေစီပါတီကြီး ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထားကို တရားဝင် ထုတ်ပြန်ပြီးသားပါ။ မြန်မာနိုင်ငံ စီးပွားရေး ချွတ်ခြုံကျမှုဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် မဟုတ်ဘဲ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်သာ ဖြစ်တယ်လို့ အပြစ်တင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုတွေ မရှိတာကြောင့် အရေးယူ ပိတ်ဆို့မှုတွေ ဆက်ထားသင့်တယ်လို့ သုံးသပ်ထားပါတယ်။

XS
SM
MD
LG