သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရပြစ်မှုစုံစမ်းရေး အမေရိကန်လွှတ်တော် အမတ်များတောင်းဆို

ဝါရှင်တန်မြို့ အမေရိကန်ကွန်ကရက်လွှတ်တော်
ဝါရှင်တန်မြို့ အမေရိကန်ကွန်ကရက်လွှတ်တော်

မြန်မာစစ်အစိုးရရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ကိစ္စကို သမ္မတ အိုဘားမား အစိုးရက ထောက်ခံဖို့ အမေရိကန် အထက် လွှတ်တော်အမတ် ၃၂ ယောက်က နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်ဆီကို စာရေးသား ပေးပို့ တောင်းဆိုလိုက်ကြပါတယ်။

မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့ဥပဒေတရပ်ကို အမေရိကန် သမ္မတ အိုဘားမားက လက်မှတ်ရေးထိုး သက်တမ်းတိုးလိုက်ပြီးလို့ ၂ ရက်အကြာမှာပဲ အခုလို အထက်လွှတ်တော်အမတ် ၃၂ ယောက် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်ထံကို စာရေးသားခဲ့ကြတာပါ။

အခုပေးပို့ခဲ့တဲ့စာထဲမှာ - မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ ဖိအားပေးမှုတွေ လုပ်နေတဲ့တချိန်တည်းမှာပဲ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖွဲ့မယ့်ကိစ္စကို ထောက်ခံတာဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဆောင်ကျဉ်းရေး၊ လူ့အခွင့်အရေး နဲ့ တရားဥပဒေ စိုးမိုးရေးအတွက် အမေရိကန်က အခိုင်အမာ စိတ်ပိုင်းဖြတ်ထားတယ် ဆိုတာကို မြန်မာစစ်အစိုးရကို ထင်ထင်ရှားရှား ပြသရာ ရောက်လိမ့်မယ်လို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် ဒိုင်ယန်း ဖိုင်းစတိုင်း နဲ့ နယူးဟမ်းမရှားပြည်နယ် ရီပါပလစ်ကန် အထက်လွှတ်တော်အမတ် ဂျက် ဂရက် (Judd Gregg) တို့က ကမကထလုပ် ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ထံကို စာရေးသားခဲ့ကြတာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG