သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သယံဇာတတူးဖော်မှု မြန်မာအစိုးရထင်သာမြင်သာရှိဖို့ အမေရိကန်တောင်းဆို


The Capital building in Washington.
The Capital building in Washington.

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးအတွက် နိုင်ငံ့ရဲ့ သဘာဝ တွင်းထွက် သယံဇာတ အရင်းအမြစ်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တဲ့ အတွက် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေ တဲ့ မြန်မာအစိုးရအနေနဲ့ ဒီသယံဇာတ တူးဖော်ရေး လုပ်ငန်းတွေမှာ ထင်သာမြင်သာရှိပြီး တာဝန်ခံတတ်ဖို့ သမ္မတ အိုဘားမားက မကြာခင်မှာ မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ မြန်မာအစိုးရကို ဖိအားပေးဖို့ အမေရိကန် အောက်လွှတ်တော်အမတ် ၁၆ ဦးက အောက်တိုဘာလ ၁၄ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

EITI ဘုတ်အဖွဲ့ဝင်တွေရဲ့ ၂၈ ကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်မှာ အောက်တိုဘာလ ၁၄ ရက်ကစပြီး ၂ ရက်ကြာ ကျင်းပနေချိန်မှာပဲ လွှတ်တော်အမတ် Steve Chabot ဦးဆောင်တဲ့ အောက်လွှတ်တော်အမတ် ၁၆ ဦးက နိုဝင်ဘာလထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေတဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဆီကို အောက်တိုဘာလ ၁၄ ရက် အင်္ဂါနေ့မှာ သတိပေးစာ ရေးသားပေးပို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

သယံဇာတ ပေါများတဲ့ မြန်မာနိုင်ငံဟာ အာရှဒေသမှာ အရင်က ကြွယ်ဝခဲ့ပေမဲ့ စစ်အစိုးရက နှစ်ပေါင်း ၅၀ လောက် အုပ်ချုပ်ခဲ့ပြီး အဂတိ လိုက်စားမှုမျိုးစုံနဲ့ ဆင်းရဲတွင်း နက်ခဲ့စေတာမို့ အခု အပြောင်းအလဲတွေ လုပ်လာချိန်မှာ အရင်တုန်းက ပုံစံမျိုးတွေ ပျောက်အောင်လုပ်ဖို့ လိုအပ်ကြောင်းနဲ့ နိုင်ငံ့သယံဇာတက ရရှိတဲ့ အကျိုးအမြတ်ကို ပြည်သူတွေ ခံစားနိုင်လာအောင် လုပ်ပေးဖို့ လိုအပ်တာမို့ အမေရိကန်အစိုးရက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် တွန်းအားပေးရာမှာ ဒီ သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှု ရှိလာအောင် မြန်မာအစိုးရကို တိုက်တွန်းပေးဖို့ လွှတ်တော်အမတ်တွေက တင်ပြထားတာဖြစ်ပါတယ်။

ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ သတ္ထုတူးဖော်ရေး လုပ်ငန်းတွေမှာ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ကန်ထရိုက်စာချုပ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စံနှုန်းအတိုင်း ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ဖို့ ကတိပေးခဲ့တဲ့အတွက် EITI က ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံကို အဖွဲ့ဝင်လောင်းအဖြစ် လက်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တလအကြာမှာ မြန်မာအစိုးရ ရေးထိုးခဲ့တဲ့ ကန်ထရိုက်စာချုပ်တွေနဲ့ ပတ်သက်ပြီး လျှို့ဝှက်ထားဆဲဖြစ်သလို လူထုသဘောထားကို အလေးမထားတာ တွေ့ရတဲ့အတွက် အခုလို တိုက်တွန်းရတာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အမေရိကန် လွှတ်တော်အမတ်တွေအနေနဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုမှာ ကတိအတိုင်း မလုပ်တာတွေအတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ အမေရိကန်နိုင်ငံက မြန်မာ့အရေး ဆောင်ရွက်နေတဲ့ US Campaign for Burma အဖွဲ့ရဲ့ ဥက္ကဌ Jennifer Quigley က ပြောပါတယ်။

“အဖွဲ့ဝင်လောင်း နိုင်ငံတနိုင်ငံ ဖြစ်လာဖို့အတွက် မြန်မာအစိုးရက ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ပေးမယ်ဆိုတဲ့ ကတိတွေ ပေးခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှု အဆင့်အမျိုးမျိုးရှိတဲ့ထဲက အကြီးမားဆုံး ပြဿနာတခု ဖြစ်နေတာက မြန်မာအစိုးရက ရေးဆွဲပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေအတွက် ကုမ္ပဏီတွေနဲ့ လက်မှတ်ရေးထိုးတဲ့ ကန်ထရိုက်စာချုပ်တွေပါ။ တကယ်တမ်း စိုးရိမ်စေတာက မြန်မာအစိုးရဘက်က ကတိတွေ ပေးထားခဲ့ပေမဲ့ ကန်ထရိုက်စာချုပ်ကစပြီး ရောင်းချတဲ့အထိ မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတတွေ ထုတ်ယူမှု လုပ်ငန်းစဉ် အဆင့်ဆင့်အတွက် အခုထိ ပွင့်ပွင့်လင်းလင်း ပြည်သူသိလာအောင် လုပ်တာမျိုး မရှိသေးလို့ပါ။”

မြန်မာအစိုးရက ပွင့်လင်းမြင်သာမှု ရှိလာအောင်လုပ်မယ်လို့ ကတိတွေ အထပ်ထပ်ပေးခဲ့ပေမဲ့ ဒီကတိတွေကို တည်အောင် လုပ်မပေးခဲ့သလို အသုံးစားရိတ် ဘတ်ဂျက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့ဝန်ဆောင်မှု တချို့အတွက် ပွင့်လင်းလာတာမျိုး ရှိပေမဲ့ စစ်အသုံးစားရိတ်နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ ဝင်ငွေ အတိအကျကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုတာမျိုး မရှိဘူးလို့လည်း ဝေဖန်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်စဉ်မှာ မြန်မာအစိုးရဘက်က တာဝန်ယူမှုရှိတဲ့အနေနဲ့ မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းနဲ့ နည်းဥပဒေတွေ ပြုပြင်ပြောင်းလဲလာအောင် ပွင့်လင်းမြင်သာမှု ရှိလာအောင် လုပ်ဆောင်ဖို့ တိုက်တွန်းသင့်တယ်လို့ လွှတ်တော်အမတ်တွေရဲ့ စာမှာ တင်ပြထားတဲ့အတိုင်း သမ္မတ အိုဘားမားက လုပ်ဆောင်သင့်တယ်လို့လည်း ပြောပါတယ်။

“အမေရိကန်နဲ့ မြန်မာအစိုးရတို့ဟာ အမေရိကန် - မြန်မာ သဘာဝ သယံဇာတများ ထုတ်ယူရေး ပွင့်လင်းမြင်သာမှု အဖွဲ့ကို ဖွဲ့ခဲ့ပါတယ်။ အမေရိကန်အစိုးရက မြန်မာနိုင်ငံကို မဟာမိတ်အဖြစ် လက်တွဲနိုင်ဖို့ သယံဇာတ ထုတ်ယူရေး လုပ်ငန်းတွေမှာ မြန်မာနိုင်ငံဘက်က ဘယ်လိုပြုပြင်ပြောင်းလဲ မယ်ဆိုတာကို ဒီအဖွဲ့က လုပ်ဆောင်တာပါ။ မြန်မာနိုင်ငံအတွက် အဓိက ဝင်ငွေရနေတဲ့ ဒီရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ ပွင့်လင်းမြင်သာမှုရှိဖို့ သမ္မတ အိုဘားမားအနေနဲ့ အလေးအနက် ဂရုစိုက်ဖို့ လိုပါတယ်။ ဒီလို ပွင့်ပွင့်လင်းလင်း ဖြစ်လာအောင် မလုပ်နိုင်ဘူးဆိုရင် အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကြိုးပမ်းမှုတွေအတွက် ထိခိုက်စေနိုင်တာမို့ ဒါကို အဓိက လုပ်ဆောင်ရပါလိမ့်မယ်။”

မြန်မာနိုင်ငံက EITI အဖွဲ့ဝင် ဖြစ်စေဖို့အတွက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ လိုအပ်ချက်တွေကို ပြည့်မှီအောင် လုပ်ဆောင်ထားတဲ့ အစီရင်ခံစာကို တင်သွင်းရမှာဖြစ်ပြီး တကယ်လို့ အစီရင်ခံစာ မတင်သွင်းနိုင်ရင် အဖွဲ့ဝင်လောင်းအဖြစ်ကနေ ဆိုင်းငံ့တာကို ခံရမှာ ဖြစ်သလို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာတော့ ၂၀၁၄ အတွက် နှစ်ပတ်လည် အစီရင်ခံစာကို တင်သွင်းရမှာ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ မြန်မာသယံဇာတများ တူးဖော်မှု ပွင့်လင်းမြင်သာမှုအဖွဲ့က နေပြည်တော်မှာပဲ အစည်းအဝေးတရပ် ကျင်းပပြီး မြန်မာနိုင်ငံဘက်က ပြုပြင်ပြောင်းလဲနေမှုတွေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို တင်ပြမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG