သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ စစ်ပွဲဆိုင်ရာ နိုင်ငံတကာဥပဒေချိုးဖောက်ဟု ဝေဖန်ခံရ


မြန်မာအစိုးရ စစ်ပွဲဆိုင်ရာ နိုင်ငံတကာဥပဒေချိုးဖောက်ဟု ဝေဖန်ခံရ
မြန်မာအစိုးရ စစ်ပွဲဆိုင်ရာ နိုင်ငံတကာဥပဒေချိုးဖောက်ဟု ဝေဖန်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ မြန်မာစစ်တပ်နဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်လို့ လူသိများတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA/SSPP တို့ကြား တိုက်ပွဲ ၆ ရက် ဆက်တိုက် ဖြစ်ပွားနေပြီးတော့ အဲဒီတိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်က အရပ်သားတွေကို အထမ်းသမား ပေါ်တာတွေအဖြစ် အသုံးပြုပြီး ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ တိုင်းရင်းသား အရပ်သားတွေအပေါ်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ သတင်းတွေရှိနေပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း မြန်မာအစိုးရ စစ်တပ်ဟာ နိုင်ငံတကာ စစ်ပွဲဆိုင်ရာဥပဒေကို ချိုးဖောက်နေတယ်လို့ ပြစ်တင်နေပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန် တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာဆိုရင် SSA/SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ မြန်မာစစ်တပ်တို့ဟာ ဒီကနေ့အထိ ၆ ရက်တိုင်တိုင် တိုက်ပွဲတွေ ဖြစ်ပွားနေသလို လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ကနေ ဒေသခံ ကျေးရွာသားတွေကို ပေါ်တာဝန်ထမ်းအဖြစ် အသုံးပြုနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ မြန်မာစစ်တပ်အနေနဲ့ စစ်ပွဲတွေမှာ ဒေသခံပြည်သူတွေနဲ့ အကျဉ်းသားတွေကို ပေါ်တာအထမ်းသမားတွေအဖြစ် အသုံးပြုနေတာဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖေါက်တဲ့လုပ်ရပ်တခုလို့ လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“အရပ်သားတွေကို ရှေ့တန်းမှာ ပေါ်တာအဖြစ် အသုံးပြုခြင်းက စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုဥပဒေတွေနဲ့ ချိုးဖောက်ခြင်းဖြစ်ပါတယ်။ အရပ်သားတွေကို ညှင်းပမ်းခြင်းမပြုရဘူး၊ အဓမ္မစေခိုင်းခြင်း မပြုရဘူးဆိုတာက ဂျနီဗာစာချုပ်အပါအဝင် လူသားခြင်းစာနာတဲ့ စစ်ပွဲဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်တယ်။ ဒီလိုမျိုး ပေါ်တာတွေအနေနဲ့ ရှေ့တန်းကနေ ထွက်ပြေးလာတဲ့အရာကို နောက်ကနေ တရားလက်လွတ် သတ်ဖြတ်ခြင်းကလည်း နောက်ထပ် စစ်ပွဲဆိုင်ရာ ဥပဒေကို ချိုးဖောက်တဲ့ပုံစံမျိုး ဖြစ်နေတာဖြစ်တဲ့အတွက် ဒါတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက် စာချုပ်စာတမ်းတွေကို အတိအလင်း ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်အတွင်း မွေတော်ကျေးရွာ ဝန်းကျင်မှာ ခမရ (၅၇၇) တပ်ရင်းကို ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ရင်း (၈၀၁) တပ်ဖွဲ့တွေကနေ ခြုံခိုတိုက်ခိုက်ခဲ့လို့ မြန်မာစစ်တပ်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်သားနှစ်ဦး ကျဆုံးသွားခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ တပ်မှူးတစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ပွဲ ဖြစ်ပွားနေတဲ့နေရာကနေ ထွက်ပြေးခဲ့တဲ့ ပေါ်တာအထမ်းသမားတွေကို မြန်မာစစ်တပ်ကနေ ပစ်သတ်ခဲ့တယ်လို့လည်း ရှမ်းပြည် တိုးတက်ရေးပါတီ ဗဟိုကော်မီတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလ က အခုလိုပြောပါတယ်။

“အဲဒီတိုက်ပွဲဖြစ်ချိန်မှာ သူတို့ခေါ်ခဲ့တဲ့အထမ်းသမားတွေ ထွက်ပြေးတော့ သူတို့ကပစ်ဖမ်းတာပေါ့။ ပစ်ဖမ်းတော့ ဦးမန်ဟိန်း ပလောင်အမျိုးသားပေါ့၊ အသက် ၄၀ တယောက်ရယ်။ ဦးပန်းဆာ အသက် ၃၀ ရှမ်းလူမျိုးတစ်ယောက် အဲဒီမှာ ပွဲချင်းပြီးသေတယ်ပေါ့။ နောက်ပြီးတော့ ဦးယောင် အသက် ၄၅ နှစ်၊ လီရှောအမျိုးသားက ဒဏ်ရာနဲ့ ကျနော်တို့လူဆီ ရောက်ခဲ့တယ်။ နောက်ပြီးတော့ သူတို့ အဲဒီမွေတော်ရွာနား ရောက်တော့ အဲဒီမှာ အထမ်းသမားတယောက်ကို ထပ်မံ ပစ်သတ်လိုက်တယ်။ အဲဒါ နံမည်တော့ မသိရသေးဘူး။ ပေါ်တာအထမ်းသမားတွေက သူတို့ရဲ့ (စစ်တပ်ရဲ့) လက်နက်ကြီးတွေနဲ့ စားနပ်ရိက္ခာတွေကို သယ်ရတယ်။”

ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက နမ့်ကိုင်ဖိတ်တိုက်ပွဲမှာဆိုရင် အမှတ် (၂) အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ကိုယ်တိုင် စီမံကွပ်ကဲနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုကော်မီတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလ က အခုလို ပြောပါတယ်။

“နောက်ဆုံးအခြေအနေက ပြင်းထန်နေပါတယ်။ ကျနော်တို့ မီးရှို့ပစ်လိုက်တဲ့ နန်းပုတ်စခန်းမှာ လာပြီးတော့ အခြေပြုတယ်လေ။ အခြေပြုတဲ့ အဲဒီမှာ ၁၂၀-မမ လက်နက်တွေနဲ့ တောင်ကြောမှန်သမျှ လျှောက်ပစ်တယ်။ ပြီးတော့ ရွာထဲကိုလည်း ပစ်တယ်။ အနီးကပ်လည်း ပစ်တာပေါ့။ အဲဒီ (၆၇) တို့ (၂၂) တပ်ရင်းတွေက။ သူတို့က ဟိုမှာ အရင်က အရှေ့မြောက်ချုပ် တိုင်းမှူးအောင်သန်းထွဋ်လေ။ အခုတိုင်းချုပ် ဖြစ်သွားတယ်ပေါ့။ တိုင်းချုပ်ကိုယ်တိုင် ဟိုက်စကီးနဲ့ တမြန်နေ့က လာဆင်းသွားတယ် အဲဒီကျေးသီးမှာ။ မနေ့ကလည်း လာတယ်။ လာပြီး ကွပ်ကဲဖို့။ သူတို့ဒဏ်ရာရတဲ့လူတွေလည်း လာကယ်တယ်။ ဟိုက်စကီးနဲ့ပေါ့။ အဲဒီခေါက်ရေတော့ မသိဘူးခင်ဗျာ့။”

ဒီတိုက်ပွဲတွေမှာ နှစ်ဦးနှစ်ဖက် ထိခိုက်မှုတွေရှိနေပေမဲ့ အတည်ပြုချက် မပေးနိုင်သေးဘူးလို့လည်း ရှမ်းပြည် တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလ က ပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့နေရာမှာ ဒေသခံပြည်သူတွေ အပေါ်မှာ ပေါ်တာအထမ်းသမားအဖြစ် စစ်ပစ္စည်းနဲ့ စားနပ်ရိက္ခာတွေကို ထမ်းခိုင်းတာတွေ၊ မိုင်းရှင်းကိရိယာ အဖြစ် အသုံးပြုနေတာတွေ ရှိနေဆဲလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက ပြောပါတယ်။

မြန်မာအစိုးရစစ်တပ်ရဲ့ ပေါ်တာဆွဲပြီး အဓမ္မလုပ်အားပေး စေခိုင်းနေမှုတွေကို ရပ်ဆိုင်းပစ်ဖို့အတွက် ILO ခေါ် နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးကလည်း တောင်းဆိုခဲ့ပါတယ်။ မြန်မာအစိုးရအဖွဲ့ရဲ့ ဒီရာဇဝတ်မှု ကျူးလွန် နေတာတွေကို သေသေချာချာ သိရအောင် စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့ပြီးစစ်ဆေးဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ်အိုဟေးကင်တားနားကလည်း တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း ထောက်ခံခဲ့သလို အမေရိကန်နဲ့တကွ အီးယူ၊ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေကပါ ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့လည်း ပြောဆို တိုက်တွန်းမှုတွေ ရှိနေပါတယ်။

XS
SM
MD
LG