သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတူး အလုပ်သမား ဆန္ဒပြမှု အရှိန်မြင့်


ရမည်းသင်းခရိုင် မိုးထိမိုးမိတောင်က ရွှေတွင်းတွေမှာ ဆက်ပြီး အလုပ်လုပ်ကိုင်ခွင့်ရရေး အတွက် အလုပ်သမား ဦးရေ သုံးသောင်းကျော်ဟာ ၃ ရက်မြောက်နေ့အဖြစ် ဆက်ပြီး ဆန္ဒပြနေကြပါတယ်။ ဒီကနေ့မှာတော့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ ကန်ထရိုက်ယူထားတဲ့ ကုမ္ပဏီကြား ညှိနှိုင်းတာတွေ ရှိခဲ့ပေမဲ့ ပြေလည်မှု မရသေးပါဘူး။ အလုပ်သမားတွေ ဘက်ကတော့ သူတို့တောင်းဆိုထားတဲ့ အချက်တွေမရမချင်း ဆက်ပြီး ဆန္ဒပြသွားမယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်ကတော့ ဒီရွှေတွင်းမိုင်းတွေကို အကြီးစားလုပ်ငန်းတွေအဖြစ် ပြောင်းလဲ လုပ်ကိုင်ဖို့ စီမံကိန်းတွေကို အကောင်အထည် ဖော်တာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ မသင်းသီရိက အပြည့်အစုံ တင်ပြထားပါတယ်။

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင်ရဲ့ အရှေ့ဘက် မိုင် ၃၀ အကွာလောက်မှာ ရှိတဲ့ မိုးထိမိုးမိ ရွှေတွင်းဒေသက ရွှေတူးတဲ့မိုင်းတွင်းတွေမှာ ဦးရေ သောင်းနဲ့ချီတဲ့ အလုပ်သမားတွေ ဆန္ဒပြတာ ဒီကနေ့ဆိုရင် သုံးရက်ဆက်တိုက် ရှိနေပါပြီ။ အဓိက ကတော့ ရွှေတူးဖော်ရေး လုပ်ငန်းတွေမှာ အသေးစား လုပ်ငန်းရှင်တွေကို ဆက်ပြီးတော့ အလုပ်လုပ်ကိုင်ခွင့် မပေးတာကြောင့် ဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၃ ရက် တနင်္ဂနွေနေ့မှာတော့ ကုမ္ပဏီဘက်က တာဝန်ရှိသူတချို့နဲ့ အလုပ်သမားတွေ ညှိနှိုင်းတာ ရှိပေမဲ့ အဆင်ပြေမှု မရသေးဘူးလို့ အလုပ်သမားခေါင်းဆောင် ကိုဌေးအောင်ကျော်က ပြောပါတယ်။

“လူအင်အားကတော့ သုံးသောင်းကျော် ငါးသောင်း ပတ်ဝန်းကျင်ပေါ့လေ။ ဒီအင်အားလောက်နဲ့ ကျနော်တို့ ဆန္ဒပြနေတာပေါ့နော်။ သူတို့က ၇ ရက်နေ့ကျရင် တိကျတဲ့အဖြေကို ပေးပါ့မယ်ဆိုပြီး အခု ကျနော်တို့ကို အဲဒီလို ပြန်ပြောပါတယ်။ ဒီနေ့မှာ ပြောတာပေါ့နော်။ ၇ ရက်နေ့အထိ စောင့်ကြည့်ရမှာပေါ့။ ကျနော်တို့ လုပ်သားတွေ ခံစားခွင့်ကို အရင်အတိုင်းရရှိရေး၊ အဲဒီလောက်ပါပဲ ကျနော်တို့တောင်းဆိုတာက။ သိပ်အထွေအထူး မများပါဘူး။”

ဒီပြဿနာဟာ မေလဆန်းကတည်းက လုပ်ငန်းငယ်တွေကို ရပ်ပစ်ကတည်းက ဒီမိုင်းတွင်းတွေမှာ စဖြစ်နေခဲ့တာ ဖြစ်ပြီး ညှိနှိုင်းမှုတွေ ရှိခဲ့ပေမဲ့ မအောင်မြင်တာကြောင့် သောင်းနဲ့ချီတဲ့ အလုပ်သမားတွေ စုဝေးဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ အလုပ်သမားတွေကတော့ သူတို့ တောင်းဆိုချက်တွေကို မရမချင်း ဆက်ပြီးတော့ ဆန္ဒပြသွားမှာဖြစ်သလို သက်ဆိုင်ရာအစိုးရ ဌာနတွေဆီကိုလည်း တင်ပြဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“တစ်လကျော်နေပါပြီ။ သူတို့က ဟိုလိုလျှော့လိုက်၊ ဒီလိုလျှော့လိုက်နဲ့ အဲဒီလို လျှော့ လျှော့ပြီးတော့ လုပ်လာခဲ့တာ ကနေ့ အချိန်အထိပေါ့နော်။ ကျနော်တို့ဆိုရင် ဒါ အကုန်ရပ်ထားရတာဗျ။ လူ ငါးသိန်းလောက်ကတော့ အကုန်လုံး အခက်အခဲဖြစ်သွားမှာဗျ။ အခု ကျနော်တို့ဆိုရင်ပဲ ကိုယ့်နေရပ်ကို ပြန်ပို့တဲ့သူက ပို့ခံရတာပေါ့နော်။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေကို မရမချင်း ဆန္ဒဖော်ထုတ်တာတွေကို နေပြည်တော်ရယ်၊ ရန်ကုန်အထိမှာပါ လုပ်ဖို့ စီစဉ်ထားတာပေါ့နော်။”

သတ္ထုတွင်း ဝန်ကြီးဌာနကနေ ကွန်ထရက်ယူထားတဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဒါရိုက်တာ ဦးထွန်းအောင်စိုးကတော့ အသေးစားလုပ်ငန်းတွေကနေ အကြီးစားလုပ်ငန်းတွေကို ပြောင်းမယ်ဆိုတဲ့ စီမံကိန်းတွေကို အကောင်အထည် ဖော်တာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့်မိုလို့ ဒီစီမံကိန်းတွေအကြောင်း လုပ်ငန်းငယ်တွေကိုလည်း ကြိုတင်အကြောင်းကြားထားတာ ဖြစ်သလို သူတို့ကိုလည်း ၇ လ လုပ်ကိုင်ခွင့် ပေးပြီးသားဖြစ်တယ် ဆိုတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။

“ဒီနေ့လည်း ကျနော် သူတို့နဲ့ ဆွေးနွေးဖြစ်ပါတယ်။ အဓိက ကတော့ သူတို့က သွားမယ်ဆိုရင် ကျနော်တို့က နိုင်ငံတော်ကို ၇၃ ပိဿာပေါ့။ ငါးနှစ်ဆိုရင် ၅.၅၇ ပေးသွင်းရမှာပေါ့နော်။ နှစ်ရှည်လည်း လုပ်ရမယ့်ဟာဖြစ်တဲ့ အတွက်ကြောင့်မိုလို့ ဒီလို အသေးစားနဲ့သွားမယ်ဆိုရင် တစ်နှစ်ခွဲ နှစ် နှစ်တွင်းမှာ ဒီမိုင်းကြီးက ဆက်ပြီးတော့ ထုတ်လုပ်ဖို့ အခက်အခဲဖြစ်သွားရင် နိုင်ငံတော် အတွက်လည်း နစ်နာမယ်ပေါ့နော်။ ဒါကြောင့်မိုလို့ ကျနော်တို့က ရှေ့ဆက်သွားဖို့ဆိုရင် ဘယ်လို သူတို့အနေနဲ့ အာမခံချက် ပေးမလဲ၊ ဒါလည်း သူတို့ကို ကျနော်တို့ မေးခဲ့ပြီးပါပြီ။ ပြောခဲ့ပြီးပါပြီ။ ရှင်းခဲ့ပြီးပါပြီ။”

အခု ဒီမိုင်းတွင်းက အသေးစားလုပ်ငန်းတွေကို အကြီးစားလုပ်ငန်းတွေ ပြောင်းနိုင်ဖို့အတွက် အလုပ်သမားတွေနဲ့ ဆက်လက်ညှိနှိုင်းသွားမှာ ဖြစ်သလို အကြီးစားလုပ်ငန်းတွေနဲ့ အလုပ်သမားတွေ ပူးပေါင်း လုပ်ဆောင်သွားဖို့ကိုလည်း ကုမ္ပဏီဘက်က ကူညီနိုင်ဖို့တွေကိုလည်း စီစဉ်ထားတယ်လို့ ဆက်ပြီးတော့ ရှင်းပြပါတယ်။

“ကျနော်တို့မှာ အခု လုပ်ကွက်ကြီးထဲမှာ ရွှေစင် ရယ်၊ ထုံးကြီးရယ် ဆိုပြီးတော့ လုပ်ကွက်ကြီး နှစ်ခု ရှိတယ်။ ဒါကတော့ ကုမ္ပဏီ လုပ်ကွက်ကြီးတွေပေါ့နော်။ ကျန်တဲ့ဇုံတွေမှာ ဇုံ ၁၂ ဇုံ ရှိပါတယ်။ တခြားဇုံတွေမှာ ကျနော်တို့ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဖို့ ဖြစ်ပါတယ်။ သူတို့လက်အောက်မှာ မဟုတ်ပါဘူး။ သူတို့နဲ့ ပူးပေါင်းပြီး စောစောကပြောသလို အစုစားသော်လည်းကောင်း၊ လခစားသော်လည်းကောင်း သူတို့ လုပ်လို့ရတယ်လို့ ပြောထားပါတယ်။”

ဒီရွှေတွင်း လုပ်ကွက်တွေကို အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကန်ထရိုက် စယူထားတာ ဖြစ်ပြီးတော့ ငါးနှစ်သက်တမ်း စာချုပ်နဲ့ ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ အခု မိုးထိမိုးမိဒေသမှာ အသေးစားလုပ်ငန်းတွေက ၃၆ ခုမက ရှိနေပြီးတော့ ဧက ၂၀ ကျယ်ဝန်းတဲ့ လုပ်ကွက်တကွက်ကို တနှစ်ကို ရွှေ ၂၄ ကျပ်သား ပေးဆောင်ပြီး အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG