သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနိုင်ရထိုင်းခေါင်းဆောင် မြန်မာ့လူ့အခွင့်အရေးကိစ္စ ထောက်ခံမည်


အနိုင်ရထိုင်းခေါင်းဆောင် မြန်မာ့လူ့အခွင့်အရေးကိစ္စ ထောက်ခံမည်
အနိုင်ရထိုင်းခေါင်းဆောင် မြန်မာ့လူ့အခွင့်အရေးကိစ္စ ထောက်ခံမည်

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဖြစ်လာတော့မယ့် ဖွေထိုင်းပါတီ (Pheu Thai) ရဲ့ ခေါင်းဆောင် ယင်းလပ် ရှင်နာဝပ် (YinLuck Shinawatra) က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်း ရပ်တည်နေမှုတွေကို အင်မတန်အားကျ လေးစားမိတယ်လို့ ပြောလိုက်သလို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေအပေါ် သူ့အစိုးရအဖွဲ့က အားပေး ထောက်ခံသွားမယ်လို့ ပြောလိုက်ပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ယင်းလပ် ရှင်နာဝပ် က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်စုံကို မသင်းသီရိက အစီရင်ခံထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိူးသမီးဝန်ကြီးချုပ် ဖြစ်လာတော့မယ့် ယင်းလပ် ရှင်နာဝပ် က ဒီကနေ့ ဘန်ကောက်မှာလုပ်တဲ့ သူ့ရဲ့သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ရော မြန်မာ့အရေးကိုပါ ထည့်ပြီးပြောသွားတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွင်း ဒီမိုကရက်ပါတီ ခေါင်းဆောင်လည်းဖြစ် လက်ရှိ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) ကို အတိုက်အခံ ဖွေထိုင်းပါတီ (Pheu Thai) ရဲ့ ခေါင်းဆောင် ယင်းလပ် ရှင်နာဝပ်က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အခုလို ထိုင်းနိုင်ငံမှာ ပထမဆုံး အမျိူးသမီးဝန်ကြီးချုပ် ဖြစ်လာမယ့် ယင်းလပ်ကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုပြီး နှစ်နိုင်ငံဆက်ဆံရေး ပြည်သူတွေချင်း ဆက်ဆံရေးတွေမှာ ပိုကောင်းမယ်လို့ မျှော်လင့်ကြောင်း စကားဆိုလိုက်တဲ့အပေါ် ယင်းလပ် ရှင်နာဝပ် က တုံ့ပြန် ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

“အခုလို ကြိုဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်လို့ ကျမ အင်မတန် လေးစား အားကျမိပါတယ်။ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျမတို့အနေနဲ့ အတူထိုင်ပြီး ဆွေးနွေးကြရ မှာ ဖြစ်သလို တဖက်ကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို အားပေး ထောက်ခံသွားမှာပါ။” - လို့ ပြောသွားတာပါ။

မြန်မာနိုင်ငံနဲ့ပတ်သက်လာရင် စီးပွားရေးကိစ္စတွေကိုသာ ဦးစားပေး ဆက်ဆံတယ်လို့ ထိုင်းအစိုးရ အစဉ်အဆက်အပေါ် မြင်ထားကြတာမို့ အခုလို မြန်မာနိုင်ငံ လူ့အခွင့်အရေးအတွက် အားပေးထောက်ခံမယ်လို့ ပြောဆိုခဲ့တဲ့ မစ္စယင်းလပ် ရှင်နာဝပ်ရဲ့ စကားကြောင် နှစ်နိုင်ငံကြား ထူးခြားတဲ့ နိုင်ငံရေးဆက်ဆံမှုတွေ ပိုရလာနိုင်မယ်လို့ NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရခွင့်သူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့က အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့အပြင် အဆက်အဆံ အများကြီးရှိတဲ့နိုင်ငံမိုလို့ မြန်မာ့နိုင်ငံရေးကို ထောက်ခံတယ်ဆိုတာ အလွန် ကြီးမားတဲ့အင်အားပဲလို့ ကျနော်တို့ မှတ်ယူပါတယ်။ အစဉ်အဆက်အားဖြင့် တော့ ကျနော်တို့ ခြုံပြီးပြောရရင်တော့ သူတို့က စီးပွားရေးကိုသာ ဦးစားပေးပါတယ်။ စီးပွားရေးဆိုတာ နိုင်ငံရေး တည်ငြိမ်မှဖြစ်တယ် ဆိုတာကို မေ့ပြီးတော့ စီးပွားရေးကိုပဲ ပြောပါတယ်။ အခု အိမ်နီးနားချင်း ကောင်း ပီသစွာ ပြောဆိုတာ။ ဒါ ထူးခြားမှုကို မျှော်လင့်နိုင်တယ်လို့ ထင်ပါတယ်။ အစိတ်အပိုင်းတခုက အကူအညီပေးတာတွေ ရှိတယ်။ ကျနော်တို့ မြန်မာနိုင်ငံက တရားမဝင် သွားရောက်တဲ့ အလုပ်သမားတွေ အပေါ်မှာ ဆက်ဆံတာ။ ဆိုးရွားတဲ့အပိုင်းလည်း ရှိသလို ကောင်းတဲ့အပိုင်းလည်း ရှိတယ်။ သူတို့က ဒီဟာနဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်း ပြတ်သားတဲ့ဟာမျိုးတော့ ပြတာ မရှိဘူး။ အခုကိစ္စမှာတော့ လူ့အခွင့်အရေးလည်း စဉ်းစားသင့်တယ်လို့ ပြောတာကို ကျနော်တို့ တော်တော် သဘောကျပါတယ်။”

အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရခွင့်သူ ဦးဉာဏ်ဝင်းက ပြောခဲ့တာပါ။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်လာရေး ကိစ္စတွေကို မစ်္စ ယင်းလပ်အနေနဲ့ လက်ရှိအစိုးရပေါ် ပိုပြီး တိုက်တွန်းဖိအားပေးဖို့ မျှော်လင့်ထားတယ်လို့ အမျိူးသားဒီမိုကရေစီအင်အားစု NDF ပါတီက ဦးခင်မောင်ဆွေက ဆိုပါတယ်။

“ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို အာဆီယံနိုင်ငံထဲ မရောက်ခင်ကတည်းက constructive engagement လုပ်ရမယ်။ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ အချက်အပေါ်မှာ အစဉ်တစိုက် ရပ်ခဲ့တာကိုး။ မြန်မာနိုင်ငံ အပေါ်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် သိပ်ပြီးတော့ ထိထိရောက်ရောက် တွေ့ထိတာ မတွေ့ခဲ့ရဘူးပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးထက် ထင်ရှားတဲ့ သိသာ ပြောင်းလဲမှုတွေ မဖြစ်လို့ စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်ရှိနေတာကိုး။ နောက်တခါ နိုင်ငံရေးအကျဉ်းသား ပေါ့ဗျာ။ ထောင်ထဲမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသမားတွေ ရှိတယ်လေ။ အဲဒီတော့ ဒီ တက်လာတဲ့ ထိုင်းအစိုးရသစ်ဟာ လူ့အခွင့်အရေးကို ဒီလိုဖြစ်အောင် တောင်းဆိုမယ်ဆိုရင် ကျနော်တို့ ကြိုဆိုပါတယ်။ လူ့အခွင့်အရေး တိုးတက်မှုကို ပထမဆုံး ဖြစ်အောင် လုပ်ပြီးတော့ ဒီမိုကရေစီလူ့ဘောင်ကို သွားဖို့ အခုထက်ထိလည်း ကျနော်တို့ မျှော်လင့်ဆဲပါပဲ။”

NDF ပါတီက ဦးခင်မောင်ဆွေ ပြောခဲ့တာဖြစ်ပါတယ်။ အခု အနိုင်ရ အတိုက်အခံခေါင်းဆောင် ယင်းလပ် ရှင်နာဝပ်ဟာ နိုင်ငံရေးလောကထဲကို အချိန်တိုအတွင်း ရောက်လာခဲ့တာဖြစ်ပြီး ပထမဆုံး အမျိူးသမီး ဝန်ကြီးချုပ်အဖြစ် နိုင်ငံတာဝန်ကို မကြာခင်မှာ ထမ်းဆောင်တော့မှာဖြစ်သလို ထိုင်းနိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ညီမ တော်စပ်သူ လည်း ဖြစ်ပါတယ်။

XS
SM
MD
LG