သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစာငတ်ခံဆန္ဒပြသူ ၃ ဦး ပြန်လည်လွတ်မြောက်


လယ်သမားတွေ အခွင့်အရေးအတွက် တောင်းဆိုရင်း ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ ၃ ဦးကို သီတင်းတပတ်ကျော်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့ပြီးနောက် အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပါတယ်။

၆ လကျော်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး အပါအဝင် ၃ ဦးကို ပြန်လွှတ်ပေးလိုက်ပေမဲ့ တခြား တက်ကြွလှုပ်ရှားသူတွေကိုတော့ ဒီရက်ပိုင်းတွေအတွင်းမှာပဲ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပဲခူးတိုင်း နတ္တလင်းမြို့ ပဲမခမ်းကျေးရွာ ကြပ်ကြိုးဝိုင်းရှိ လယ်ယာမြေများ ပြန်ရရေးအတွက် လယ်သမားတွေကို အကူအညီပေးခဲ့တဲ့ ပြည်သူအကျိုးဆောင်ကွန်ရက် ၃ ခုက အဖွဲ့ဝင် ၃ ဦးကို ဒီကနေ့ မနက်ပိုင်းမှာပဲ စွဲချက်မတင်တော့ဘဲ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့တဲ့အမှု အပါအဝင် တခြားစွပ်စွဲချက်တွေနဲ့ အရေးယူထားပေမဲ့ ၆ လကြာတဲ့အထိ အမှုကို ဆုံးဖြတ်ချက်မချတဲ့အတွက် ပေါင်းတည်မြို့က အကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတာ ၁၁ ရက်ပြည့်တဲ့အချိန်မှာပဲ သူတို့ကို ပြန်လွှတ်ပေးလိုက်တာပါ။ ပြန်လည်လွတ်မြောက်လာသူတဦးဖြစ်တဲ့ မခင်မိမိခိုင် ပြောပြတာကတော့ -

“မနက် ၇ နာရီမှာ အကျဉ်းထောင်ကနေပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်။ အမှုထဲမှာကတော့ စွဲချက်မတင်ဘူး၊ ပြန်လွှတ်ပေးလိုက်ပြီပေါ့နော်။ အမှုကို ဖျက်သိမ်းလိုက်တဲ့သဘော၊ ပလပ် လိုက်တဲ့သဘောပါ။ တရားစီရင်ရေးမဏ္ဍိုင်က အာဏာလွှမ်းမိုးမှုတွေပေါ့နော်၊ အာဏာကြီး ၃ ရပ် တခုနဲ့တခု လွှမ်းမိုးမှုမရှိပါဘူးလို့ အခြေခံဥပဒေမှာ ဖော်ပြထားပေမဲ့လို့ တကယ်တမ်း လွှမ်းမိုးနေတယ်လို့ ကျမတို့ ခံစားရတာဖြစ်တဲ့အတွက်ကြောင့်မို့ ဒီတရားစီရင်ရေးမဏ္ဍိုင်က လွှမ်းမိုးမှုမရှိဘဲနဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးမဏ္ဍိုင် ဖြစ်လာဖို့ ဆန္ဒပြခဲ့တယ်ပေါ့နော်။”

အစာငတ်ခံ ဆန္ဒပြနေစဉ်အတွင်း မိသားစုတွေနဲ့ တွေ့ဆုံခွင့်မပေးဘဲ ထောင်ဝင်စာ ပိတ်ပင်ထားတာလည်း ခံခဲ့ရတယ်လို့လည်း လွတ်မြောက်လာသူတွေက ပြောပါတယ်။ ၁၁ ရက်ကြာ ဆန္ဒပြခဲ့ရတဲ့အတွက်လည်း ကျန်းမာရေး ထိခိုက်မှုတချို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့အကြောင်း မခင်မိမိခိုင်က ပြောပါတယ်။

“ဒေါ်မြင့်မြင့်အေးကလည်း ဒီလိုပဲ Weak ဖြစ်နေတာပေါ့နော် အခုချိန်မှာ။ ပေါင်ကလည်း ၁၀ ပေါင်လောက်ကျသွားတယ်။ သူကလည်း နည်းနည်း Weak ဖြစ်နေတယ်ပေါ့။ ကျမလည်း ၁၆ ပေါင်လောက်ကျသွားတယ်။ နည်းနည်း Weak ဖြစ်နေတယ်ပေါ့နော်။”

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက်မှာတော့ နိုင်ငံရေး အကျဉ်းသားတွေအပါအဝင် ထောင်ဒဏ်ကျခံနေရသူပေါင်း ထောင်ဂဏန်းနဲ့ချီပြီး လွှတ်ပေးခဲ့သလို ကျန်သူတွေအားလုံးကိုလည်း ၂၀၁၃ ခုနှစ် နှစ်မကုန်မီ နောက်ဆုံးထား လွှတ်ပေးဖို့ ကတိပြုထားတာပါ။

နိုင်ငံရေးအကျဉ်းသား အခွင့်အရေးအတွက် လှုပ်ရှားနေသူတွေကတော့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၅၀ လောက် ကျန်နေသေးတယ်လို့ ခန့်မှန်းထားကြသလို၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ဖောက်ဖျက်တယ်ဆိုတဲ့ ပုဒ်မ ၁၈ နဲ့ အရေးယူခံထားရသူ အများအပြား အပါအဝင် အမှုရင်ဆိုင်နေရတဲ့ တက်ကြွလှုပ်ရှားသူ ခန့်မှန်းချေ ၂၀၀ လောက် ရှိနေတယ်လို့ ပြောပါတယ်။

ဒီကနေ့မှာဆိုရင်လည်းပဲ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ကိုတင်ထွတ်ပိုင် ကိုလည်း ပုဒ်မ ၁၈ နှစ် ရန်ကုန်မြို့ လသာတရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်ခဲ့တဲ့အကြောင်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်ရေးအမျိုးသမီးကွန်ရက် မသန္တာက ပြောပြပါတယ်။

“ကိုတင်ထွတ်ပိုင်ကို ပုဒ်မ ၁၈ နဲ့ချလိုက်တာ။ ဒီကနေ့ လသာတရားရုံးကနေပြီးတော့ ကိုတင်ထွတ်ပိုင် တယောက်တည်းကို ချတာ။ သူတို့ ပုဒ်မ ၁၈ ဖျက်သိမ်းရေး ဆန္ဒပြတုန်းက လသာမြို့နယ်ဘက်ကို ပတ်လျှောက်လို့တဲ့။ အန်တီနော့် ကိုတော့ မချသေးဘူး။ ဒီကနေ့တော့ အန်တီနော့်ကို ၁၉၅ ကိုပဲ အဓိထားပြီး စစ်သေးတယ်။ ၂၀၀၇ တုန်းကလေ ဘုရားအကျယ်ကြီး ရှိခိုးတယ်ဆိုတဲ့ကိစ္စလေ။ သူ့ကို ၁၈ ကတော့ ဟိုဟာလောက်ရှိမယ် အန်တီနော် ၁၈ ကတော့ ၂၀ လောက်ရှိမယ်။ ၅၀၅ (ခ) ကလည်း ၈ မှုလောက်ရှိမယ်။ အခုနောက်ဆုံး တရုတ်အလံ မီးရှို့တာအပါအဝင်ဆိုရင်လေ ၈ မှုလောက်ရှိမယ်။”

မိတ္ထီလာခရိုင် သာစည်မြို့နယ် ဟံဇားရဲစခန်းပိုင် လယ်မြေအတွင်းမှာ ထွန်တုံးတိုက်ပွဲ ဆင်နွဲှခဲ့တာကြောင့်ဆိုပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့က ရမည်းသင်းလူမှုကွန်ရက်က မသန္တာအောင်ကို ပုဒ်မ ၁၄၃၊ ပုဒ်မ ၅၀၅ (ခ)(ဂ)၊ ပုဒ်မ ၄၄၇၊ ပုဒ်မ ၆ (၁) စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၃ နှစ်နဲ့ ၃ လ ချမှတ်ခဲ့တာပါ။ ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းဆွေကိုတော့ အဲဒီပုဒ်မတွေနဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ ၃ လ၊ ကိုပိုကို ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။
XS
SM
MD
LG