သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒဏ်ခတ်အရေးယူမှု မြန်မာသံအမတ်ကြီး ပြန်လည်ချေပ


အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း
အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း

သြဂုတ်လ (၁၇)ရက်နေ့က အမေရိကန်ဘဏ္ဍာရေးဌာနက မြန်မာ့တပ်မတော်နဲ့ ရဲဘက် ထိပ်တန်းအရာရှိကြီး လေးဦးနဲ့ တပ်မ နှစ်ခုက တပ်ဖွဲ့ဝင်တွေကို ဒဏ်ခတ်အရေးယူမှု ချမှတ်လိုက်တဲ့အပေါ် ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးက တုန့်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။

သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဒီဒဏ်ခတ်အရေးယူမှု ချမှတ်တာကို သိရှိတဲ့အကြောင်း၊ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့အကြောင်း၊ ဥပဒေချိုးဖောက်သူတွေဟာလည်း ဥပဒေနဲ့အညီ အရေးယူခံကြရမယ့်အကြောင်း ဖေါ်ပြထားပါတယ်။

အခုလို မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကို အသံလွှင့်ချိန်မတိုင်ခင် မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

ဦးအောင်လင်း။ ။ကျနော်တို့ရဲ့တုံ့ပြန်ချက်ကတော့ ကျနော်တို့ရဲ့ သတင်းကြေညာချက်မှာ ပါတဲ့ အတိုင်းပါပဲ။ မြန်မာနဲ့အမေရိကန် နှစ်နိုင်ငံဟာဆိုလို့ရှိရင် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်အောင် ကျနော်တို့ အဖက်ဖက်ကနေ လုပ်နေတယ်။ ဒါ့အပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့လည်း လုပ်စရာရှိတဲ့အပိုင်းတွေကို လုပ်နေတယ်ဆိုတဲ့ဟာလေးပါ။

မအင်ကြင်းနိုင်။ ။ အဲဒီမှာ သံအမတ်ကြီးတို့ ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာနိုင်ငံဘက်က အတတ်နိုင်ဆုံး ဆောင်ရွက်နေတဲ့အချက်တွေပေါ့-နော်၊ အဲဒါတွေကို ဖော်ပြထားတယ်။ ဒါပေမယ့် အမေရိကန်ဘက်ကလည်း ဒီလို အချက်လောက်နဲ့တင် သူတို့လက်မခံနိုင်ဘူးဆိုတဲ့ ပုံစံမျိုး တွေ့ရတော့ တကယ်လို့ အမေရိကန် ပြည်ထောင်စုဘက်က လက်ခံလာနိုင်အောင်ဆိုတဲ့ ကိစ္စမျိုး ကျတော့ ဘယ်လိုတွေလုပ်လာဖို့ ရှိသလဲရှင့်။

ဦးအောင်လင်း။ ။ ကျနော်တို့ မြန်မာနိုင်ငံက ဒီမိုကရေစီကို စပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတဲ့ နိုင်ငံသစ်လေး ဖြစ်ပါတယ်။ ဒေါ်အင်ကြင်းနိုင်လည်း ကောင်းကောင်း သိနေမှာ ပါ။ ဗမာလူမျိုးတွေရဲ့ ခံစားချက်တွေကိုလည်း ဒေါ်အင်ကြင်းနိုင် ကောင်းကောင်းသိနေမှာပါ။ နော်၊ ကျနော်တို့ လုပ်နေတယ်ဆိုတဲ့ဟာက တကယ်ပဲ စိတ်ထားဖြူစင်စွာနဲ့ လုပ်နေတဲ့ကိစ္စပါ။ အမေရိကန်နိုင်ငံက ဘယ်လိုပဲ ချမှတ်အကောင်အထည်ဖော်နေတယ် ဆိုပေမယ့်လည်း ကျနော်တို့ရဲ့ အမေရိကန်အပေါ်ထားတဲ့ သဘောထားတွေက ပြောင်းလဲမှာမဟုတ်ပါဘူးဆိုတဲ့ဟာလေးကိုတော့ မြန်မာပြည်မှာရှိတဲ့ ဗွီအိုအေနားထောင်နေတဲ့ ပရိသတ်တွေကို အသိပေးချင်ပါတယ်ခင်ဗျ။

မအင်ကြင်းနိုင်။ ။ အမေရိကန်လွှတ်တော်ထဲမှာကျတော့ လူများစု ခေါင်းဆောင် Mitch Mcconnell တို့လို မြန်မာနိုင်ငံအပေါ် စာနာနားလည်မှုအနေနဲ့ ရပ်တည်ပြီးတော့၊ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အမေရိကန်လွှတ်တော်မှာ စစ်အသုံးစရိတ်ဥပဒေပြဌာန်းတဲ့နေရာမှာ မြန်မာနိုင်ငံအပေါ် ဖိအားပေးမယ့် အချက်တွေကို သူဦးဆောင်ပြီး ဖြုတ်ခဲ့တာတွေ ရှိပါတယ်။ အဲတော့ အမေရိကန်လွှတ်တော်မှာ မြန်မာအပေါ် နားလည်ပြီး ရပ်တည်နေတဲ့ လွှတ်တော်အမတ်တွေရဲ့ အနေအထား ဘယ်လိုရှိလဲရှင့်။

ဦးအောင်လင်း။ ။ ကျနော်တို့ကတော့ အမေရိကန်လွှတ်တော်မှာရှိတဲ့ အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်မှာရော လွှတ်တော်အမတ်တွေရော၊ နောက်လွှတ်တော်အမတ်တွေနဲ့ အတူအလုပ်လုပ်နေတဲ့ သူ့ရဲ့ ရုံးအဖွဲ့တွေနဲ့ အမြဲတမ်း ထိတွေ့မှုရှိပါတယ်။ ထိတွေ့မှု ရှိတဲ့နေရာမှာလည်း လွှတ်တော် အမတ်တွေရော၊ သူရဲ့ရုံးအဖွဲ့တွေအားလုံးကို ကျနော်တို့ မြန်မာနိုင်ငံ အစိုးရအနေနဲ့ စိတ်ထား ဖြူစင်စွာနဲ့ စေတနာသန့်သန့်နဲ့ လုပ်နေတယ်ဆိုတဲ့ဟာတွေကိုလည်း ကျနော်တို့ လုပ်နေပါတယ်။ ဖြစ်နေတဲ့ ပြဿနာတွေကိုလည်း ကျနော်တို့ ဖြေရှင်းဖို့ ကြိုးပမ်းနေတယ်ဆိုတာကိုလည်း ကျနော်တို့ အမြဲရှင်းပြနေပါတယ်။ ဆက်လက်ပြီးတော့လည်း ရှင်းပြနေမှာဖြစ်တယ်ဆိုတာ မြန်မာပြည်မှာရှိတဲ့ ဗွီအိုအေ ပရိသတ်တွေကိုလည်း ပြောပြပေးပါ။

မအင်ကြင်းနိုင် ။ ။ အခု အမေရိကန်အစိုးရဘက်က ပစ်မှတ်ထား အရေးယူလိုက်တဲ့ စစ်ဘက်နဲ့ ရဲဘက် အရာရှိကြီး လေးဦး ကိစ္စမှာ သူတို့ဘက်မှာ အထောက်အထားတွေ ခိုင်ခိုင်လုံလုံရှိတဲ့အတွက် အရေးယူရတာဖြစ်တယ်လို့ ပြောပါတယ်။ ဒီအပေါ်မှာ သံအမတ်ကြီး ဘယ်လို မြင်လဲရှင့်။

ဦးအောင်လင်း။ ။ အမေရိကန်အစိုးရရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ ဘာမှ မှတ်ချက်ပြုစရာ မရှိပါဘူး။ ကျနော်တို့အနေနဲ့ ပြောချင်တာကတော့ မြန်မာနိုင်ငံနဲ့ အမေရိကန် နှစ်နိုင်ငံကြားမှာ ရှိတဲ့ ဆက်ဆံရေးကို ကောင်းမွန်အောင် အဆင်အမြဲ ကျနော်တို့ လုပ်နေပါတယ်။ နှစ်နိုင်ငံကြားရှိတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းဖို့ အမြဲတမ်း ကျနော်တို့ အဆင်သင့်ရှိပါတယ်။ ဖြေရှင်းဖို့လည်း အမြဲတမ်းဆောင်ရွက်နေပါတယ်ဆိုတာကိုတော့ ကျနော် ပြောပါရစေ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG