သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ အခြေချမှု ဒုက္ခသည် အများဆုံးစာရင်းမှာ မြန်မာပါဝင်


(Photo: Burmese American Community Institute)
(Photo: Burmese American Community Institute)

ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြပြီး အမေရိကန်ပြည်ထောင်စုမှာ လာရောက်ခိုလှုံကြတဲ့ ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတဲ့အကြောင်းနဲ့ ပတ်သက်လို့ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

အမေရိကန်လွှတ်တော်ရဲ့ ပြဌာန်းချက်အရ ကမ္ဘာတဝှမ်းရှိ ဒုက္ခသည်များ ပြန်လည် အခြေချခွင့်အစီအစဉ်ကို အမေရိကန်နိုင်ငံခြားရေးဌာနက လုပ်ဆောင်ခဲ့ရာမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းက ဒုက္ခသည်ပေါင်း ၇ သောင်းတို့ကို လက်ခံခဲ့ရာမှာ ဒီနှစ် ဘဏ္ဍာရေးနှစ်အတွက်တော့ ၈ သောင်း ၅ ထောင်အထိ တိုးပြီးလက်ခံဖို့ သမ္မတ အိုဘားမားက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်မှာလည်း ဒုက္ခသည်အရေအတွက် ၁ သိန်း ၁ သောင်းအထိ လက်ခံဖို့ရှိပြီး၊ ဒါဟာ ၂၀၁၅ ထက်စာရင် ၅၇% တိုးလာတာဖြစ်ပါတယ်။ အခုလို ကမ္ဘာပေါ်မှာ ဒုက္ခသည်များ ပြန်လည်အခြေချခွင့်ပြုတဲ့ အကြီးမားဆုံး အစီအစဉ်အရ နိုင်ငံပေါင်း ၇၉ နိုင်ငံတို့က ဒုက္ခသည်တွေကို လက်ခံခဲ့ရာမှာ ဒုက္ခသည်အများဆုံး ၅ နိုင်ငံအနက် မြန်မာနိုင်ငံလည်း ပါဝင်တာဖြစ်ပါတယ်။ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Elizabeth Trudeau က အင်္ဂါနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာကတော့ -

“ဒုက္ခသည်တွေရဲ့ ၇၀%က ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံ၊ ဆီးရီးယား၊ မြန်မာ၊ အီရတ်နဲ့ ဆိုမားလီးယားတို့က ဖြစ်ပြီး၊ ပဋိပက္ခတွေကြောင့် ဒုက္ခသည်သန်းပေါင်းများစွာတို့ဟာ သူတို့နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။ ၇၂% က အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြပြီး၊ အများစုက မုဆိုးမတွေ၊ နှိပ်စက်မှုဒဏ် ခံခဲ့ကြရသူတွေ၊ အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုအပ်သူတွေ၊ ဘာသာရေးလူနည်းစုတွေ၊ လိင်တူဆက်ဆံသူတွေနဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုကနေ ထွက်ပြေးခဲ့ကြရသူတွေဖြစ်ပါတယ်”

အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်ပေါင်း ၄၈ ပြည်နယ်ရှိ မြို့ပေါင်း ၁၈၀ တို့မှာ ဒုက္ခသည်များကို ပြန်လည် အခြေချတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၅ ခုနှစ်အတွင်းမှာ မြန်မာ၊ အီရတ်နဲ့ ဆိုမားလီးယားနိုင်ငံက ဒုက္ခသည်တွေဟာ အများဆုံးဖြစ်ပြီး၊ ၄ သောင်းနီးပါး ရှိတာဖြစ်ပါတယ်။ အဲဒီ ၃ နိုင်ငံအနက် မြန်မာနိုင်ငံက အများဆုံးဖြစ်ပြီး၊ ဒုက္ခသည်ပေါင်း သောင်း ၈ ထောင် ၃၈၆ ဦး အခြေချခွင့် ရခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ လာရောက်အခြေချတဲ့ ဒုက္ခသည်တွေအနက် အီရတ်ပြီးရင် မြန်မာနိုင်ငံဟာ ဒုတိယအများဆုံးဖြစ်ပြီး၊ သောင်း ၄၅၉၈ ဦးရှိကာ ၂၀၁၃ ခုနှစ်မှာလည်း ဒုတိယလိုက်ပြီး သောင်း ၆၂၉၉ ဦးတို့ အမေရိကန်မှာ လာရောက် အခြေချခွင့် ရခဲ့ကြတာလည်း ဖြစ်ပါတယ်။ မြန်မာဒုက္ခသည်တွေ အခုလို အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချမှုနဲ့ ပတ်သက်လို့ Indianapolis ရှိ BACI ခေါ် Burmese American Community Institute ရဲ့ ဥက္ကဌ ချင်းလူမျိုး ဒေါက်တာ ရိုဒင်း ကို မေးကြည့်ခဲ့ပါတယ်။

“၂၀၁၅ ဇူလိုင်လ ၁ ရက်နေ့အထိ စာရင်းဇယားအရ ဗမာပြည်သား အမေရိကားကို ပြောင်းရွှေ့နေထိုင်တဲ့ဦးရေက ၁ သိန်း ၄ သောင်း ၆ ထောင်နဲ့ ၃၇ ယောက် ရှိတာကို ကျနော်တို့ တွေ့ရပါတယ်။ အဲဒီထဲမှာတော့ ကရင်အမျိုးသားတွေ အများဆုံးဖြစ်ပြီးတော့ ၆ သောင်းခွဲလောက် ရှိပါတယ်။ ဒုတိယကတော့ ချင်းက ၅ သောင်းနဲ့ ၁ ထောင်လောက် ရှိပါတယ်။ တတိယကတော့ ကရင်နီ အရင်က ကျနော်တို့ခေါ်တဲ့ ကယားပေါ့နော်။ အဲဒါက ၁ သောင်း ၂၀၀၀ လောက်ရှိပါတယ်။ ကချင် ၃၄၀၀၊ ရခိုင် ၂၃၀၀၊ ဗမာက ၅၀၀၀ ကျော်ကျော်၊ မွန်က ၂၀၀၀၊ ရှမ်းက ၁၂၀၀၊ နောက် တခြားက ၉၀၀ ကျော်လောက်ရှိတာ ကျနော်တို့ တွေ့ရပါတယ်။ မြန်မာဒုက္ခသည်အနေနဲ့ ပြောရရင်တော့ အမေရိကန်ပြည်နယ် ၅၀ မှာ ၄၈ ပြည်နယ်ကို သူတို့ ပို့ပေးတယ်လို့ ပြောတယ်။ အဲဒီထဲမှာတော့ စာရင်းဇယားအရတော့ အင်ဒီးယားနားပြည်နယ်က အများဆုံး။ မြန်မာပြည်သား ၂ သောင်း ၃ ထောင်နီးပါး ကျနော်တို့ရှိတယ်လို့ တွေ့ရပါတယ်။ အင်ဒီးယားနားပြည်နယ်ရဲ့ မြို့တော် Indianapolis မှာ ၁ သောင်း ၅ ထောင်လောက်ရှိပြီးတော့ ဒုတိယမြို့တော်ဖြစ်တဲ့ Fort Wayne မှာ ၆ ထောင်ကျော်ပေါ့။ တခြားပြည်နယ်တွေကတော့ Texas ပြည်နယ်တို့၊ Iowa ပြည်နယ်တို့၊ နောက် New York ပြည်နယ် တို့မှာလည်း မြန်မာပြည်သားတွေ တော်တော်များများ နေရာချပေးတာကို ကျနော်တို့ တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်ပေါ့ နိုင်ငံခြားရေးဝန်ကြီးလက်မှတ်ထိုးပြီးတော့ လွှတ်တော်ကို တင်ပြီးတော့ သမ္မတကနေ အတည်ပြုထားတာကတော့ မြန်မာနိုင်ငံသား ၁ သောင်း ၂ ထောင်ကနေ ၁ သောင်း ၄၀၀၀ ကြားပေါ့နော် အခု ဒီလ အောက်တိုဘာ ၁ ရက်ကနေ နောက်နှစ် ၂၀၁၇ စက်တင်ဘာလ ၃၀ ရက်ပေါ့နော် အဲဒီကြားထဲမှာ မြန်မာပြည်သားအနည်းဆုံး အမေရိကန်နိုင်ငံကို အခြေချနေထိုင်ခွင့်ပေးဖို့ အတည်ပြုတာဖြစ်ပါတယ်။ အဓိကကတော့ မလေးရှားကိုရောက်နေတဲ့ မြန်မာပြည်သားဒုက္ခသည်တွေ ၅ ထောင်ကနေ ၇ ထောင်ကြား ထိုင်း-မြန်မာနယ်စပ်ကနေ ၃၅၀၀ ကနေ ၅ ထောင်ကြားပေါ့နော် တခြား အိန္ဒိယကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရော၊ တခြားနေရာအနှံ့ကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် အားလုံး စုစုပေါင်း သောင်း ၂၀၀၀ ကနေ သောင်း ၄၀၀၀ သူတို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုမှာ လာရောက် အခြေချခွင့်ရတဲ့ ဒုက္ခသည်တွေနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ဒေါက်တာ ရိုဒင်း ပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်မှာ အခြေချမှု ဒုက္ခသည် အများဆုံးစာရင်းမှာ မြန်မာပါဝင်
please wait

No media source currently available

0:00 0:05:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG