သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကာချုပ် ထိုင်းစစ်အစိုးရ နဲ့ တွေ့ဆုံ ဆွေးနွေး


မြန်မာကာကွယ်ရေးဦးစီးချုပ် ထိုင်းကာကွယ်ရေးဦးစီးချုပ်မှ ဂုဏ်ပြုကြိုဆို။ Credit to ကာကွယ်ရေးဦးစီးချုပ် Official FB
မြန်မာကာကွယ်ရေးဦးစီးချုပ် ထိုင်းကာကွယ်ရေးဦးစီးချုပ်မှ ဂုဏ်ပြုကြိုဆို။ Credit to ကာကွယ်ရေးဦးစီးချုပ် Official FB

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် ရောက်ရှိနေပါတယ်။ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ခိုင်မာစေဖို့ ရည်ရွယ်ပြီး သွားရောက်ခဲ့တဲ့ ဒီခရီးစဉ်မှာ ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တနာဆတ် ပတ်တီ မက် ပရာဂွန် (Tanasak Patimapragorn) နဲ့ ထိုင်းစစ်တပ် အရာရှိတွေကို တွေ့ဆုံခဲ့ပါတယ်။

မကြာသေးခင်ကမှ အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ်ရဲ့ နိုင်ငံ့ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ နဲ့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီကနေ့ နှောင်းပိုင်းမှာ တွေ့ဆုံခဲ့တာပါ။

ဒါဟာ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ မေလက ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ် အကြီးအကဲတဦး ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာ ဖြစ်သလို၊ ဒီခရီးစဉ်တွင်း နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှုတွေနဲ့ ပူးပေါင်း ဆောင်ရွက် ရေးကိစ္စတွေကို ညှိနှိုင်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ မြန်မာအစိုးရသတင်းစာ ကလည်း ဖော်ပြပါတယ်။

တနင်္လာနေ့က ချစ်ကြည်ရေးခရီးစဉ် စတင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဖိလစ်ပိုင်နိုင်ငံကို ပထမသွားရောက်ခဲ့ပြီး ဒီကနေ့မှ ထိုင်းနိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဖီလစ်ပိုင်နိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Emannuel Trinidad Bautista ရဲ့ ဖိတ်ကြားချက်နဲ့ ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဖိလစ်ပိုင်နဲ့ မြန်မာ အကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့် လုပ်ဆောင်သွားဖို့ သဘောတူညီခဲ့ကြတဲ့ အကြောင်း ဖိလစ်ပိုင်နိုင်ငံထုတ် သတင်းတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG