သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ကိုယ်စားလှယ်တွေ လွှတ်တော်သစ်အတွက် ပြင်ဆင်


နေပြည်တော်မှာ မကြာခင် ပြန်စတင်တော့မယ့် ဒုတိယအကြိမ် လွှတ်တော် ၂ ရပ် အစည်းအဝေးတွေအတွက် အသစ်ခန့်အပ်လိုက်တဲ့ တမတ်သား ကိုယ်စားလှယ်တွေ ထဲမှာ ဗိုလ်ချုပ်တွေ ပိုမို ထည့်သွင်းလာတာဟာ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်မှု အခန်းကဏ္ဍကို တိုးမြှင့်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားနေဆဲ မြန်မာနိုင်ငံမှာ အစိုးရသစ်အနေနဲ့လည်း တိုင်းပြည် လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စရပ်တွေမှာ တပ်မတော်နဲ့ လက်တွဲလုပ်ဆောင်ရ မှာ ဖြစ်တယ်လို့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် က ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

နေပြည်တော်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြန်လည်စတင်မယ့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တမတ်သား စစ်တပ်ကိုယ်စားလှယ်တွေကို အသစ်ရွေးချယ်ခန့်အပ်လိုက်ပါတယ်။ ဒီအထဲမှာ ပြည်သူ့လွှတ်တော်အတွက် ဗိုလ်ချုပ် တောက်ထွန်းနဲ့ ဗိုလ်ချုပ်သန်းထွတ်သိန်း အပါအဝင် ကိုယ်စားလှယ် ၁၁၀ ယောက်ကို ရွေးချယ်ခဲ့ပြီး၊ အမျိုးသားလွှတ်တော်အတွက် ဗိုလ်ချုပ် သန်းစိုး အပါအဝင် ၅၆ ဦးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လွှတ်တော် ၂ ရပ်စလုံးရဲ့ စစ်တပ်ကိုယ်စားလှယ်တွေစာရင်းကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ဇန်နဝါရီလ ၁၈ ရက်နေ့က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခု ခန့်အပ်ခဲ့တဲ့ စစ်တပ်ကိုယ်စားလှယ်တွေထဲမှာ ဗိုလ်ချုပ်တွေရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ဦးအောင်လင်းထွဋ် က အခုလို ပြောပြပါတယ်။

“ဗိုလ်ချုပ်သန်းစိုးတို့ ဗိုလ်ချုပ် သန်းထွတ်သိန်းတို့က ၂ ယောက်ကတော့ ကျနော်နဲ့ ထောက်လှမ်းရေး သင်တန်းကျောင်းမှာ သင်တန်းမှူးဘဝနဲ့ လုပ်စဉ်မှာတော့ ကျနော် သူတို့ကို ထောက်လှမ်းရေးနဲ့ ပတ်သက်တဲ့ တန်ပြန်ထောက်လှမ်းရေးသင်တန်းတို့ ဘာတို့ ကျနော် ပို့ချခဲ့ဖူးပါတယ်။ အဲဒီအချိန်ကတော့ သူတို့ ၂ ယောက်စလုံးရဲ့ စိတ်ဓာတ်က ကောင်းပါတယ်ခင်ဗျ။ ကျနော့်အမြင် ပြောရရင်တော့ လူကောင်းတွေပါခင်ဗျ။ တိုင်းပြည်အတွက်ကို ကောင်းရာကောင်းကျိုးကို လုပ်မယ့် ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ပါတယ်။ ဟိုဘက်က ဗိုလ်ချုပ်တောက်ထွန်းတော့ ကျနော်နဲ့ မဆက်ဆံခဲ့ဖူးပါဘူး။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာကိုက တပ်မတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ပါရမယ်ဆိုတဲ့ ပေါ်လစီအရပေါ့လေ အခုအချိန်ခါမှာတော့ ဗိုလ်ချုပ်အဆင့်ရှိတဲ့သူတွေကို အမျိုးသားလွှတ်တော်ရော၊ ပြည်သူ့လွှတ်တော်မှာပါ ထည့်တဲ့သဘောပါပဲ။”

ဒါ့အပြင် မြန်မာနိုင်ငံကို သွားရောက်နေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နေပြည်တော်မှာ တွေ့ဆုံစဉ် - အနာဂတ် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍနဲ့ အသစ်တက်လာမယ့် NLD အစိုးရနဲ့ တပ်မတော် လက်တွဲ လုပ်ဆောင်သွားရမယ့် အစီအစဉ်တွေကို ချပြ ပြောဆိုခဲ့ကြပါတယ်။ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် ကတော့ - အစိုးရသစ်အနေနဲ့ တိုင်းပြည်လုံခြုံရေးအတွက် တပ်မတော်နဲ့ ဆက်လက် လက်တွဲရမှာပဲဖြစ်တယ်လို့ သူ့အမြင်ကို အခုလို ပြောခဲ့ပါတယ်။

“နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေမှာတော့ တပ်မတော်အနေနဲ့ NLD နဲ့ ညှိနှိုင်းပြီး လုပ်ရပါလိမ့်မယ်ခင်ဗျ။ NLD ကလည်း နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေမှာကို တပ်မတော် မပါဘဲနဲ့ ပစ်ပယ်ပြီးတော့မှ လုပ်လို့မရပါဘူး။ ဒါကြောင့်မို့လို့ ညှိညှိနှိုင်းနှိုင်းလုပ်ရတဲ့အခါမှာ အဆင့်မြင့်တဲ့ ဗိုလ်ချုပ်တွေ ပါဝင်ခြင်းအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စားပေါ့လေ သူတို့နဲ့ တိုက်ရိုက် ညှိနှိုင်းပြီးတော့မှ ဆွေးနွေးသွားနိုင်မယ့် အခြေအနေဖြစ်အောင်အတွက်ကို ဗိုလ်ချုပ်အဆင့် ရှိတဲ့ ပုဂ္ဂိုလ်များကို ခန့်အပ်ထားတယ်လို့ ကျနော် သိရပါတယ်ခင်ဗျ။”

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အတိုက်အခံ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်မှာ NLD ကိုယ်စားလှယ် ၂၃၅ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၃၅ ဦးနဲ့ လွှတ်တော်နှစ်ရပ်ပေါင်း ၈၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့တာဖြစ်တာကြောင့် - မကြာခင် ပြန်စတင်တော့မယ့် လွှတ်တော်အစည်းအဝေးတွေမှာ NLD ကိုယ်စားလှယ်တွေ အများစု တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖု့ိကတော့ ထင်သလောက် မလွယ်လှဘူးလို့ ဦးအောင်လင်းထွဋ် က ယူဆပါတယ်။

“ကျနော့်အမြင်ပြောရရင်တော့ သူတို့မှာတော့ လုပ်ပိုင်ခွင့် အခွင့်အာဏာ မရှိပါဘူးခင်ဗျ။ သူတို့ဟာ ဆုံးဖြတ်နိုင်ခွင့် ပုဂ္ဂိုလ်တွေလည်း မဟုတ်ပါဘူး။ အားလုံးဟာ အပေါ်ကပဲ ကကန ဆိုတဲ့ ကာကွယ်ရေးကောင်စီ ဆိုတာ ကျနော်တို့ရှိပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာလေ။ အဲဒီရဲ့ အဆုံးအဖြတ်အတိုင်းပဲ လွှတ်တော်မှာရောက်နေတဲ့ ဗိုလ်ချုပ်တွေက အမိန့်နာခံရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သူတု့ိက ဒီ သဘောထားတွေ၊ ဘာညာ ဆိုတာထက် သူတို့က အပေါ်က လူကြီးတွေ သူတို့ဆက်ဆံရေး မကောင်းဘူး၊ မကြိုက်ဘူး ဆိုလို့ရှိရင်တော့ ချက်ခြင်းလဲပစ်မယ့် အနေအထားမျိုး ရှိပါတယ်ခင်ဗျ။”

ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အတွက် ကိုယ်စားလှယ်စာရင်းမှာတော့ - အရင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက် ဗိုလ်မှူးချုပ် သိန်းနိုင် လည်း ပါဝင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဦးအောင်လင်းထွဋ်က အခုလို သုံးသပ်ခဲ့ပါတယ်။

“လက်ရှိပေါ့လေ မင်္ဂလာဒုံ လေတပ်စခန်းမှူး ဗိုလ်မှူးချုပ်သိန်းနိုင်ပေါ့လေ အသက်အားဖြင့်တော့ ကျနော်ထင်တယ် ၅၈၊ ၅၉ လောက်ရှိပြီ။ သူ့ကို ရှေ့ဆက်ပြီးတော့မှပေါ့လေ ဗိုလ်ချုပ်ပေးစရာ အကြောင်းမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသက်အရွယ်အားဖြင့် ပင်စင်နားနီးတဲ့အခါကျတော့ လေတပ်ကနေပြီးတော့မှ တနေရာကို ရွှေ့တဲ့အနေအထားမျိုးလို့ ကျနော်မြင်ပါတယ်။”

မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အစိုးရသစ် တက်လာတော့မယ်ဆိုပေမဲ့ - တိုင်းပြည်ရဲ့ အဓိကကျတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ၃ ခု ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်အောက်မှာ ဆက်လက် ရှိနေမှာဖြစ်ပါတယ်။ NLD ဦးဆောင်မယ့် အစိုးရသစ် ကတော့ မတ်လမှာ တာဝန်စယူမှာ ဖြစ်ပါတယ်။

XS
SM
MD
LG