သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်သိမ်းမြေတချို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြန်ပေး


လယ်ယာသိမ်းခံရတဲ့ လယ်သမားများဆန္ဒပြ။
လယ်ယာသိမ်းခံရတဲ့ လယ်သမားများဆန္ဒပြ။
စစ်တပ်ကသိမ်းယူထားတဲ့ မြေတွေကို ဒုတိယအကြိမ် စိစစ် စွန့်လွှတ်ပြီးဖြစ်တယ် လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။ အခုလို ပြန်လည် စိစစ် စွန့်လွှတ်ပေးတဲ့ ပမာဏဟာ အင်မတန် နည်းနေသေးတယ်လို့ လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေ စုံစမ်းရေးကော်မရှင်က ရှု့မြင်မှုတွေ ရှိနေသလို၊ လယ်သမားအရေးလုပ်ရှားသူ အချို့ကတော့ အခုလို စစ်တပ်က မြေတွေ စွန့်လွှတ်ပေးတာကို ကြိုဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။

ပြည်နယ်နဲ့ တိုင်း ၁၄ ခု အပါအဝင် နေပြည်တော် ကောင်စီနယ်မြေထဲမှာ စစ်တပ်က သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေထဲကနေ အခု ဒုတိယအကြိမ် ထပ်မံ စိစစ်ပြီး စွန့်လွှတ်ပေးမှုအပြီးမှာတော့ လယ်ယာမြေ ဧက ၁ သိန်းခွဲကျော်ကို စွန့်လွတ်ပြီးဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့တာပါ။ အခုလို စစ်တပ်က မြေတွေကို ပြန်ပြီး စွန့်လွှတ်ပေမဲ့ ပြည်ထောင်စု လွတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်ရဲ့ တင်ပြချက် ၁၀ ရာခိုင်နှုန်းလောက်သာ ရှိတယ်ဆိုတာကို တွေ့ရတယ်လို့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေး ကော်မရှင်မှာ ပါဝင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရဲ့ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဗွီအိုအေကို အခုလို စဖြေပါတယ်။

" ကျနော်တို့ ကော်မရှင်က တင်ပြထားတဲ့ စာတွေက တိုင်စာတွေက အများကြီးပဲ ကျနော်တို့ တပ်မတော်ကို တင်ပြထားတာ။ ကာကွယ်ရေး ဝန်ကြီးဌာနက ပြန်ပြိးတော့ စွန့်လွှတ်တယ် ဆိုတာက ကျနော်ထင်ပါတယ်။ ကျနော်တို့ တင်ပြထားတာထက် ဆယ်ရာခိုင်နှုန်းတောင် ပိုမှာမဟုတ်ဘူး။ အဲ့လိုမျိုးဆိုတော့ အမျာကြီး စိစစ်ပြီးတော့ စွန့်လွှတ်ပေးသင့်တာလို့ ထင်ပါတယ်။ "

မေး ။ ။ လယ်ယာမြေ စုံစမ်းရေးကော်မရှင်က တင်ပြထားတဲ့ အထဲမှာ ဘယ်လို လယ်မြေတွေ ပါလဲ၊ ဘာတွေ ပြန်ပေးဖို့ရော လိုသေးလဲခင်ဗျ ။ ပြီးတော့
ကော်မရှင်ကရော ပြန်ပေးဖို့ အကြံပြုတဲ့ ထဲမှာ ပြန်မပေးနိုင်ရင် ဘာလုပ်ပါ ဆိုပြီး အကြံပြုတာရော ရှိပါလားခင်ဗျ။

"လယ်ယာမြေကော်မရှင်ကလည်း ကျနော်တို့ အဲ့တာတွေကို တင်ပြထား ပါတယ်။ ဒါပေမဲ့ ဒီနေ့တပ်မတော်က စွန့်လွှတ်တဲ့နေရာက တော်တော်ကို နည်းသေးတယ်။ ပြီးတော့လျော်ကြေးပေးရမယ့် ဥစ္စာတွေ စီမံကိန်း ဆိုပြီးတော့သိမ်းထားတဲ့မြေ နောက်ပြီးတော့ တပ်ပြေးကွင်းတို့၊ လေ့ကျင့်ရေးကွင်း ဆိုပြီး သိမ်းထားတဲ့မြေတွေ၊ တပ်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တပ်တည်ဆောက်ရေးခြံဝင်း တင်မကဘူး။ အနီးနားကပါ သိမ်းထားတဲ့ မြေတွေ ဒါတွေ အကုန်လုံး ပြန်ပေးရမှာ။ ဒါတွေကိုပြန်မပေးနိုင်ဘူးဆိုရင် ထိုက်တန်တဲ့ လျော်ကြေးပေးရမှာ။ အဲ့တာကို ကျနော်တို့ ကော်မရှင်က အဲ့လိုပဲ သုံးသပ်တင်ပြထားပါတယ်။"

မေး။ ။ တပ်မတော်က မြေတွေ စွန့်လွှတ်တဲ့ နေရာမှာ ဘယ်လိုပုံစံတွေနဲ့ ဦးစားပေး စွန့်လွှတ်သင့်တယ်လို့ ဦးဖေသန်းမြင်လဲခင်ဗျ။

"ပထမအဆင့်က တပ်နဲ့ဘာမှမဆိုင်ဘဲ သူတို့ စီးပွားရေးလုပ်ပြီးတော့ သီးစားချ ထားတာတို့၊ ကံထရိုက်ပေးထားတာတို့ အဲ့လိုမြေမျိုးပေါ့ အဲ့တာကို ပထမဆုံး စွန့်လွှတ်ပါ။ ဒုတိယတဆင့်က တပ်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ရော စီမံကိန်းဆိုတဲ့ မြေတွေနဲ့ အဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ မစွန့်လွှတ်နိုင်ဘူးဆိုရင် ထိုက်တန်တဲ့ လျော်ကြေးကို ပေးဖို့၊ အဲ့တာမျိုးတော့ ကျနော်တို့က သဘောထားရှိပါတယ်။"

အရင်စစ်အစိုးရ လက်ထက်က တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်က ပြန်ပေး ဖို့ ပြောဆိုပြီးဖြစ်တာကြောင့် သက်ဆိုင်ရာ နယ်မြေက တိုင်းမှူး၊ တပ်မမှူးတွေရဲ့ လက်ထဲမှာ ကြန့်ကြာမနေဘဲ အမြန်ဆုံး သက်ဆိုင်သူတွေ လက်ထဲ ပြန်ရောက်အောင် လုပ်ဆောင်ပေးဖို့လိုတယ်လို့ လယ်သမား အရေးဆောင်ရွက်သူ တစ်ဦးလည်း ဖြစ်၊ NLD ပါတီရဲ့ ဇဗ္မူသီရီ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

" တကယ်တမ်းဆိုရင် ဒီတိုင်းမှူး၊ တပ်မမှူးတွေရဲ့ လက်ထဲမှာ ကြန့်ကြာမနေဘဲနဲ့ ဒီဟာတွေ အားလုံးကို ပြန်ပြီးတော့ အမြန်ဆုံး စွန့်လွှတ်ပေးဖို့ လိုအပ်တယ်။ ဒါပေမဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒီအမိန့်ကို ထုတ်ထားပေမဲ့ အားလုံးက သူတို့ စွန့်လွှတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အစိတ်အပိုင်းတွေ ကတော့ ပြည်သူ လူထု လက်ထဲ မရောက်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ သိသလောက် တပ်မမှူး၊ တိုင်းမှူးတွေရဲ့ လက်ထဲမှာ ကြန့်ကြာနေသေးတယ် လို့ ကြားသိရတယ်။"

စစ်တပ်က မြေတွေကို ပြန်လည် စွန့်ခွာပေးတဲ့အတွက် အဲဒီမြေတွေဟာ မူလမြေပိုင်ရှင်တွေ လက်ထဲကို အမြန်ဆုံး ပြန်ရောက်ဖို့လိုပြီးတော့ အခုလို သိမ်းဆည်းခံမြေတွေကို ပြန်လည် စွန့်လွှတ်ပေးတဲ့ အတွက် ကြိုဆိုတယ်လို့လည်း လယ်သမားအရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဦးဝင်းချိုကပြောပါတယ်။

" အဲ့တော့ တပ်မတော်က အခုပြန်ပေးတဲ့ဟာတွေက သူတို့ တကယ်ကို စီမံကိန်း မလုပ်ဖြစ်သေးတဲ့ဟာကို သူတို့ဘာသာ သူတို့ စိစစ်တွေ့ရှိရလို့ တပ်မတော် အပေါ်မှာ အမြင်မှားမှာစိုးလို့ ပြန်ပေးတဲ့ အနေအထားပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့က အဲ့တာကို ကြိုဆိုပါတယ်။"

ပြည်ထောင်စုလွှတ်တော်ရဲ့ သတ္တမအကြိမ် အစည်းအဝေးမှာတုန်းက တင်ပြခဲ့တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု တွေကြောင့် ပြည်သူတွေ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ အပိုင်း ၁ နဲ့ အပိုင်း ၃ ပါ အကြောင်းတွေကြောင့် တပ်မတော်နဲ့ သက်ဆိုင်တဲ့ အမှု ၃၆၅ မှုမှာ ၃၅၇ မှုကိုဖြေရှင်းပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပြီး စစ်တပ်ရဲ့ လယ်ယာမြေတွေ ပြန်လည် စိစစ်စွန့်လွှတ်ခဲ့တဲ့ ပထမအကြိမ်ကတော့ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ဖြစ်ပါတယ်။
XS
SM
MD
LG