သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မအူပင် လယ်သမားတွေနဲ့ ရဲ ထိပ်တိုက်ရင်ဆိုင်မှု လူ ၄၀ ဒဏ်ရာရ


မြန်မာလယ်သမားတဦး
မြန်မာလယ်သမားတဦး
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာ အုပ်စုဝင် ပလောင်း ကျေးရွာ အပိုင် ကွင်းအမှတ် ၉၆၉ မှာ လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေကို ပြန် ရဖို့ ကြိုးစားရာကနေ လယ်သမားတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

၁၉၉၆ ခုနှစ် ကတည်းက Orchard ကုမ္ပဏီက သိမ်းယူခဲ့တဲ့ လယ်မြေတွေကို လယ်သမားတွေက ခုတ်ထွင်ရှင်းလင်း မှုတွေ ပြုလုပ်ရာကနေ ဖေဖော်ဝါရီလ၂၆ ရက်နေ့မှာတော့ အကြမ်းဖက် နှိမ်နင်း မှုတွေ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့တာပါ။ အသေးစိတ်ကို မအေးအေးမာ က တင်ပြထားပါတယ်။

မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စုက လယ်သမား ၅၀၀ ကျော်ဟာ မိမိတို့ရဲ့ လယ်မြေတွေ ပြန်လည် ရရှိရေးအတွက် သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က စပြီး ခုတ်ထွင် ရှင်းလင်းမှုတွေ လုပ်ခဲ့တာပါ။

၁၉၉၆ ခုနှစ် လောက်ကတည်းက လယ်သမားတွေထံကနေ ကုမ္ပဏီက လယ်မြေဧကပေါင်း ၁၀၀၀ ကျော်ကို သိမ်းယူခဲ့ရာကနေ လယ်သမားတွေက ဧက ၄၅၀ လောက်ကို ဖယ်ရှားမပေးဘဲ ဆက်လုပ် နေခဲ့တာပါ။

ကျန်ဧက ၅၀၀ ကျော်ကိုတော့ သိမ်းယူပြီး ကုမ္ပဏီက ငါးကန် တူးထားတယ်လို့ ဆိုပါတယ်။ ဒီငါးကန်ကို အသုံးပြုခြင်း မရှိတော့တဲ့အတွက် လယ်သမားတွေဟာ သိမ်းဆည်းခံရတဲ့ သူတို့တွေရဲ့ မြေယာတွေကို ခုတ်ထွင် ရှင်းလင်းမှုတွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။

သိမ်းထားတဲ့ လယ်မြေမှာ ပြန်ပြီးတော့ စိုက်ပျိုးဖို့ ကြိုးစားတဲ့ လယ်သမားတွေကို ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆွေးနွေးပွဲ လုပ်ခဲ့သလို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး လူစု မခွဲရင် ပစ်ခတ်မယ်လို့ ရဲတွေဘက်က အသံချဲ့စက်တွေနဲ့ နေ့လည်ပိုင်းက စပြီး ကြေညာခဲ့ပါ တယ်။

လယ်သမား အင်အား ၅၀၀ ကျော်ကို ရဲအင်အား ၃၀၀ လောက်က ပစ်ခတ်မယ် ဆိုတဲ့အကြောင်း ကို နေ့လည်ပိုင်း ကတည်းက သတိပေး ပြောကြားနေတာပါ။

ညနေပိုင်းမှာတော့ နှစ်ဘက် အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း လူနာတွေကို ကယ်ဆယ်ရေး လုပ်နေတဲ့ ပျိုးခင်းသစ် ဖောင်ဒေးရှင်း တည်ထောင်သူ ကိုထိုက်ထိုက် က အခုလို ပြောပါတယ်။

“ကျနော်တို့ ဆေးရုံကို အရပ်သား ၁၁ ယောက်၊ ရဲ ၂၉ ယောက် ရောက်လာတယ် လောလောဆယ်။ ရဲက ဘာဖြစ်လို့လဲဆိုတော့ ဒုတ်နဲ့ အရိုက်ခံရတယ်၊ တချို့ မျက်နှာတွေ ထိတယ်။ ရဲတယောက် ဆိုရင် ဒဏ်ရာ အခြေအနေ စိုးရိမ်ရလို့ ရန်ကုန်ဆေးရုံကို သယ်ဖို့ သူတို့ လုပ်နေကြပြီ။ အဲ့ဒီရွာမှာက ဒဏ်ရာရတဲ့သူတွေ ကျန်သေးတယ်။ တချို့က အဖမ်းခံရမှာ ကြောက်လို့ပေါ့နော် ပုန်းနေတယ် တဲ့။ ဖြစ်ကြပြီ၊ လူတွေ သေကြပြီလို့ ကြားလို့ ကျနော်တို့ သွားကြတာမှာ ကျနော်တို့က အခင်းဖြစ် ပွားပြီးမှ ရောက်သွားတာကိုး။ သေနတ်ဒဏ်ရာ ပြင်းတာဆိုလို့ ကျောကုန်း ပေါက်သွားတဲ့တယောက် တွေ့တယ်။ ပါးပေါက်သွားတဲ့ တယောက်တွေ့တယ်။”

၁၀မိုင်ခန့် ကွာဝေးတဲ့ မအူပင်ဆေးရုံကို လူနာ လာရောက် ပို့ဆောင်ခဲ့တဲ့ လယ်သမားကြီး တဦး ကတော့ ပြင်းထန်စွာ ဒဏ်ရာရသူ လယ်သမား ၅ ဦး ရှိတယ်လို့ ဆိုပါတယ်။

“၉ ယောက် ဒဏ်ရာရပါတယ်။ ပြင်းထန်ပါတယ်။ ကျည်ဆန်လည်း ထိသွားပါတယ်။ သူတို့ကို ပြည်သူ့ဆေးရုံကြီး ပို့ထားပါတယ်။ ကျနော်တို့ ရောက်တဲ့အချိန်ကတော့ မရပ်သေးဘူး။ အရေးပေါ်ကတော့ ၅ ယောက်လောက်ရှိတယ်။ ညနေ ၅ နာရီခွဲလောက်ကနေ စပြီးတော့ ဖြစ် တာပါ။ဆေးရုံပေါ်မှာက ၉ ယောက်၊ ရွာမှာ ကြံ့ဖွံ့က ၂ ယောက်လို့ ကြားတယ်။ သေဆုံးတယ်လို့ လည်း ပြောတယ်။ ကျနော်တို့က ရွာပြန်မရောက်သေးဘူး။ ဒီကိုလည်း အလောင်း မရောက်သေး ဘူး။ ကျနော်တို့ဘက်ကတော့ ကျနော်တို့ လိုချင်တဲ့ အတိုင်းအတာကို ဆက်လုပ်မှာပဲ။ သူတို့က ရဲအင်အား ၃၀၀ လောက်နဲ့ ကျနော်တို့ကို ဝိုင်းထားတယ်။”

မအူးပင် မြို့နယ်ထဲက လူမှုရေး အသင်းအဖွဲ့တွေနဲ့ ရဲတွေ စုစည်းပြီး ဒဏ်ရာ ရသူတွေအတွက် ကယ်ဆယ် ကူညီရေးတွေ လုပ်ဆောင်နေတဲ့အကြောင်း ဒဏ်ရာရသူတွေ ဆက်ပြီး ရှိနေသေး
ကြောင်းတွေကိုလည်း ကိုထိုက်ထိုက် က ဆက်ပြောပြပါတယ်။

“လောလောဆယ် ကျနော်တို့ မအူပင်မှာရှိတဲ့ လူမှုရေးအသင်းတွေ အားလုံးက စုပေါင်းထားပြီးတော့ မအူပင် NGO Network ဆိုတာ ကျနော်တို့ လုပ်ထားတယ်လေ။ လုပ်ထားတော့ ကျနော်တို့ ဒီလူနာတွေနဲ့ ပတ်သက်ပြီးတော့ ရဲလည်း ပါတယ်ပေါ့။ ကျနော်တို့ အားလုံးအတွက် စားဖို့ သောက်ဖို့ရော အဝတ်အစားရော၊ ရေရော ကျနော်တို့ စီစဉ်ပေးနေတယ်
ပေါ့နော် အခု။ ရွာမှာ လူနာ ကျန်နိုင်တယ်လို့ ဖုန်းဆက် ပြောတဲ့အတွက် ကျနော်တို့တွေ အခု လူ စုပြီးတော့ သွားပြီးတော့ လူနာရှိသေးလား သွားကြည့်ပြီးတော့ ကျနော်တို့ ဆေးရုံပို့ဖို့ ဆက်လုပ် မယ်ပေါ့။ ကျနော်တို့”

မအူပင်ခရိုင် မအူပင်မြို့နယ်ထဲက ပလောင်၊ ပသင်၊ အဒိတ်၊ ဇီးကုန်း လက်ပံကုန်း အပါအဝင် ရွာ ၆ ရွာက လယ်မြေ ဧကပေါင်း ၁ ထောင်ကျော်ကို သိမ်းယူထားတာလို့ ဆိုပါတယ်။ လယ်သမားတွေ ဘက်ကတော့ မိမိတို့ လယ်မြေတွေ ပြန်ရရှိဖို့အတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မအူပင် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
XS
SM
MD
LG