သုံးရလွယ်ကူစေသည့် Link များ

မေမြို့စစ်တက္ကသိုလ် ဗိုလ်လောင်းသေဆုံးခြင်းအပေါ် တုံ့ပြန်မှု


စစ်တက္ကသိုလ်
စစ်တက္ကသိုလ်

ပြင်ဦးလွင် စစ်တက္ကသိုလ်က ဒုတိယနှစ် ကျောင်းသား ဗိုလ်လောင်း အောင်ညီညီဇော်ကို နောက်ဆုံးနှစ် ကျောင်းသားဖြစ်သူ ဇွဲမာန်အောင်က အောက်တိုဘာလ (၇) ရက်နေ့က ထိုးကြိတ် ဆုံးမရာက လက်လွန်ပြီး သေဆုံးသွားခဲ့တာကို ကြည့်ခြင်းအားဖြင့် တပ်မတော်အတွင်း စည်းကမ်း ထိန်းသိမ်းမှု ယိုယွင်းလာတာကြောင့် ဖြစ်တယ်လို့ မြန်မာ စစ်အရာရှိဟောင်း တဦးက ပြောပါတယ်။ အခုနှစ် အစောပိုင်းတုန်းက စစ်တက္ကသိုလ် ကျောင်းသားအချင်းချင်းကြား ကြမ်းတမ်းစွာ အပြစ်ပေး၊ အနိုင်ကျင့်တဲ့ ဗွီဒီယိုဖိုင်တခု လူမှုကွန်ယက်တွေပေါ်မှာ ထွက်ပေါ်လာပြီးတဲ့နောက် အချင်းချင်း ထိုးကြိတ်ခြင်း၊ အချင်းချင်း ညှဉ်းပန်းနှိပ်စက်ခြင်းတွေ မလုပ်ဖို့ အမိန့် ထုတ်ပြန်ပြီးတဲ့နောက်မှာ ဒီကိစ္စ ဖြစ်ပေါ်လာတာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ပြင်ဦးလွင် စစ်တက္ကသိုလ်က နောက်ဆုံးနှစ် ကျောင်းသား ဗိုလ်လောင်း ဇွဲမာန်အောင်က ဒုတိယနှစ် ကျောင်းသား ဗိုလ်လောင်း အောင်ညီညီဇော်အနေနဲ့ သင်တန်းပြီးဆုံးတဲ့အချိန် အခန်းအတွင်း သန့်ရှင်းရေးလုပ်ဖို့ လူကြုံနဲ့ မှာလိုက်ပေမယ့် သန့်ရှင်းရေး လုပ်ထားတာကို မတွေ့တဲ့အတွက် ထိုးကြိတ် ဆုံးမရာမှာ ရင်ဘတ်ကိုထိပြီး နှလုံးရပ်ကာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ပြန်ပြောပြချက်တွေအရကတော့ - လူကြုံနဲ့ မှာလိုက်သူဟာ သေဆုံးသွားတဲ့ ဗိုလ်လောင်း အောင်ညီညီဇော်ကို သန့့်ရှင်း လုပ်ဖို့ကိစ္စ ပြောဖို့ မေ့သွားခဲ့တဲ့အတွက် ဗိုလ်လောင်း အောင်ညီညီဇော်အနေနဲ့ သန့်ရှင်းရေး မလုပ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တက္ကသိုလ် ကျောင်းသားအချင်းချင်းကြား ထိုးကြိတ်ခြင်း၊ အချင်းချင်း ညှဉ်းပန်းနှိပ်စက်ခြင်း၊ ည ၁၀ နာရီနောက်ပိုင်း ကိုယ်ရေး ကိုယ်တာကိစ္စတွေ ခိုင်းစေခြင်း၊ အပြစ်ပေးခြင်းတွေ လုပ်ခွင့်မရှိဘူးဆိုတဲ့ အမိန့် ၂၀၁၆ ခုနှစ် အစောပိုင်းမှာ ထုတ်ပြန်ထားတဲ့ကြားက အခုလို အသက်သေတဲ့အထိ ဖြစ်ရတာဟာ တပ်မတော်အတွင်း စည်းကမ်း ထိန်းသိမ်းမှု တဖြည်းဖြည်း ယိုယွင်းလာနေတယ် ဆိုတာကို ပြလိုက်တာ ဖြစ်တယ်လို့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်က သုံးသပ်ပါတယ်။

“စစ်တပ်ရဲ့ ထုံးစံ၊ စည်းကမ်းပေါ့လေ၊ နောက်ပိုင်းမှာ ယိုယွင်းလာတာကတော့ အမှန်ပါပဲ။ အထက်အောက် Senior ပေါ့လေ၊ အဆင့်ဆင့် (၄) နှစ်ကို Senior ၊ Junior အုပ်ချုပ်တဲ့ System (စနစ်) ရှိပါတယ်။ အုပ်ချုပ်တဲ့ အခါမှာ နောက်ပိုင်းလူတွေက ကိုယ်လိုချင်တာ ကိုယ်ဆွဲကုန်ကြတယ်ဗျ။ တကယ်တော့ Senior လုပ်တဲ့သူက Junior လုပ်တဲ့သူကို အပြစ်ပေးတဲ့အခါမှာ ကိုယ်ခန္ဓာ ကြံ့ခိုင် သန်စွမ်းအောင် ဒိုင်ဗင် ထိုးခိုင်းတာတို့၊ လေထီးခုန်ခိုင်းတာတို့၊ ကြံ့ခိုင်အောင်အတွက်ကိုပဲ ကျနော်တို့ အပြစ်ပေးပိုင်ခွင့် ရှိပါတယ်။ ရိုက်တာ၊ နှက်တာ၊ လက်သီးထိုးပိုင်ခွင့် လုံး၀ မရှိပါဘူး။ ဒါပေမယ့် အဲဒီလို Junior လုပ်တဲ့သူက အပြစ်ပေးခံရပြီးရင်လည်း Senior လုပ်တဲ့သူက Junior ကို မင်းကို ငါတို့ ဘာကြောင့် အပြစ်ပေးရတယ် ဆိုတဲ့ဥစ္စာကို ရှင်းပြတယ်။”

အခုနောက်ပိုင်းမှုာတော့ စစ်တက္ကသိုလ်က ကျောင်းသားတွေအချင်းချင်းကြား ဗိုလ်ကျ အနိုင်ယူတဲ့အထိ အခြေအနေတွေ ဆိုးရွားလာနေတာကို တွေ့ရတယ် လို့လည်း ဗိုလ်မှူး အောင်လင်းထွဋ်က ဆက်ပြောပါတယ်။

“အခုနောက်ပိုင်းမှာ ဖြစ်လာတဲ့ဥစ္စာတွေ ကျနော်ကြည့်တဲ့အခါကျတော့ ဗိုလ်ကျတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ ဒါကလည်း ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ ဒီဘက်ခေတ် နောက်ပိုင်းမှာ အတွေးအခေါ်ပေါ့လေ၊ စစ်တပ်ထဲမှာလည်း အတွေးအခေါ် ပြောင်းလာတယ်။ စစ်တပ်ထဲဝင်မှ လူတွင်ကျယ် လုပ်နိုင်တယ်၊ လူရာဝင်နိုင်တယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်လာတဲ့အခါမှာ အဲဒီ အဲဒီကတည်းက လူကြီး သားသမီးတွေပေါ့လေ၊ လူကြီး သားသမီး ဆိုတဲ့နေရာမှာ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ သားတွေ၊ သမီးတွေ၊ ကျနော်တို့ စစ်တက္ကသိုလ်ကို ရောက်လာတယ်။ အဲဒီတော့ - သူတို့ Junior ဖြစ်စဉ်တုန်းကတော့ သူတို့က ခံခဲ့ရတဲ့ဥစ္စာကို သူတို့ Senior ဖြစ်တဲ့အခါကျတော့ ငါတို့တုန်းကလည်း ဘယ်လို လုပ်ရတယ် ဆိုပြီးတော့မှ တကယ့်ကို ပြင်းပြင်းထန်ထန်နဲ့ ရိုက်မောင်း၊ ပုတ်မောင်း လုပ်တဲ့ အနေအထားမျိုးတွေ ဖြစ်လာကြတယ်။ အဲဒီတော့ ဖြစ်လာတဲ့အခါမှာ အဲဒီမှာရှိတဲ့ နည်းပြတွေ၊ အရာရှိတွေကလည်း သူ့အဖေက ဗိုလ်ချုပ်တွေ ဖြစ်နေတယ်၊ ဗိုလ်မှူးကြီးတွေ ဖြစ်နေတဲ့အခါကျတော့ ပြောလို့မရတဲ့ အပိုင်းတွေ ရှိလာတယ်။”

စစ်အစိုးရ လက်ထက်အတွင်း စစ်တပ်ကို တိုးချဲ့ တည်ဆောက်ဖို့အတွက် တပ်သားသစ်တွေ စုဆောင်းတာမှာ ကလေးစစ်သားတွေကိုပါ စစ်တပ်ထဲ အဓမ္မ ထည့်သွင်းလာတဲ့အထိ ဖြစ်တယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က ထောက်ပြပါတယ်။

ဗိုလ်လောင်း အောင်ညီညီဇော် အသက်သေဆုံးတဲ့အထိ ထိုးနှက်ခဲ့တဲ့ နောက်ဆုံးနှစ်ကျောင်းသား ဗိုလ်လောင်း ဇွဲမာန်အောင်ကို စစ်တက္ကသိုလ်ဝင်းထဲမှာပဲ ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်မယ်လု့ိ စစ်တက္ကသိုလ် တာဝန်ရှိသူတွေက ပြောပေမယ့်လည်း ဒီကိစ္စကို လူသေမှုအဖြစ်နဲ့ အရပ်ဖက် ဥပဒေအရ အရေးယူရမယ့် အမှုဖြစ်တယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က ပြောပါတယ်။

“တကယ်တော့ ဒီဥစ္စာက အရပ်ဥပဒေအရလည်း ရာဇဝတ်မှုအရ လူသေမှုပါဗျ။ ပုဒ်မ (၃၀၄) ဖြစ်မှာပေါ့။ အဲဒါမျိုး အမှုဖြစ်တဲ့အခါမှာ တကယ်တော့ ဒီအမှုတွေဟာ အရပ်ဘက်က တရားရုံးတွေကပဲ စီရင်ချက် ချမှတ်ရမယ့် ကိစ္စမျိုးတွေပါ။ စစ်ဘက် တရားရုံးတွေက တကယ်တော့ စီရင်ချက် ချပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် အခုနောက်ပိုင်း အခြေခံဥပဒေအရတော့ ကျနော် မပြောတတ်တော့ဘူး။ ကျနော်တို့ခေတ်၊ ကျနော်တို့ ကာလတုန်းက အဲဒီလိုမျိုး လူသေမှုတွေ ဖြစ်လာတယ်၊ နယ်ဘက် ရာဇဝတ်မှုတွေနဲ့ ပတ်သက်လာရင် နယ်ဘက် တရားရုံးကို ကျနော်တို့ လွဲပေးရပါတယ်။ စစ်တရားရုံးကနေပြီးတော့မှ အကျဉ်းနည်းနဲ့ စစ်မယ်၊ ပြီးလို့ရှိရင် ဒီလူကို အရပ်ဘက် တရားရုံးမှာ သူ့ကို လွဲပြီးတော့မှ အရေးယူရတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီအတိုင်းလည်းပဲ ဖြစ်သင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်သားကလည်း ပြည်သူထဲက ပြည်သူတယောက်ပဲဗျာ၊ ထူးခြားခံစားခွင့် မရှိသင့်ဘူးလို့ ကျနော်ထင်တယ်လေ။”

သေဆုံးသူ ဗိုလ်လောင်း အောင်ညီညီဇော်ဟာ ပဲခူးတိုင်း၊ ကဝမြို့နယ်က ဖြစ်ပြီး ထိုးကြိတ် ဆုံးမခဲ့တဲ့ ဗိုလ်လောင်း ဇွဲမာန်အောင်ကတော့ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က ဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်လောင်း အောင်ညီညီဇော်ကိုတော့ သူ့မိသားစုက အောက်တိုဘာလ ၉ ရက်နေ့က ပြင်ဦးလွင်မြို့မှာ သင်္ဂြိုလ်လိုက်ပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG