သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကလေးစစ်သား ပြဿနာရှိနေဆဲ


မြန်မာနိုင်ငံမှာ ကလေးစစ်သား ပပျောက်ဖို့ အခြေအနေ တိုးတက်မှု မရှိသေးဘူးလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။ HRW ရဲ့ ညွှန်ကြားရေးမှူး ဂျိုး ဘက်ကာ (Joe Backer) နဲ့ ဗွီအိုအေ ဆက်သွယ်မေးမြန်းခန်းမှာ သူက အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကို မအင်ကြင်းနိုင် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကလေးအခွင့်အရေး အပြည့်အ၀ မရှိသေးဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေတာကြောင့် နိုင်ငံတွင်း ကလေးစစ်သား စေခိုင်းနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ ဂျိုး ဘက်ကာ (Joe Backer) ကို မေးကြည့်တော့ -

“မြန်မာနိုင်ငံက ကလေးစစ်သား စေခိုင်းနေတဲ့ အခြေအနေဟာ စိုးရိမ်နေရဆဲပါပဲ။ ဒီအခြေအနေတွေ ပပျောက်အောင် တချို့အပိုင်းတွေမှာ တာဝန်ခံဆောင်ရွက်မယ်လို့ အစိုးရက ကတိပေး ပြောဆိုထားပေမဲ့ တကယ်ပဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါ့မလားဆိုတာ ကျမတို့က သံသယ ရှိနေပါတယ်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအကုန်မှာ ကလေးစစ်သား ပပျောက်ရေး အကောင်အထည်ဖော်မယ့် အစီအစဉ်ကို မြန်မာအစိုးရက ကုလသမဂ္ဂမှာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက လက်မှတ်ရေးထိုးထားတာပါ။ ဒါပေမဲ့ အခုချိန်ထိ အခြေအနေတွေဟာ တိုးတက်မလာသေးပါဘူး။ ၂၀၀၉ ခုနှစ် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က ကောက်ယူထားတဲ့ ကလေးစစ်သားစာရင်း ၇၇၀ ကျော်လောက် ရှိပါတယ်။ အဲ့ဒီထဲက မြန်မာအစိုးရက လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း အခုချိန်ထိ လွတ်မြောက်လာတဲ့ ကလေးစစ်သား အရေအတွက်ဟာ ၆၆ ယောက်ပဲ ရှိပါသေးတယ်။”
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။

မေး။ ။ အစိုးရဘက်က အပြည့်အ၀ အခုလို အကောင်အထည် မဖော်နိုင်ဖြစ်နေတာ ဘာကြောင့်လဲလို့ ဂျိုး ဘက်ကာ (Joe Backer) ထင်ပါလဲရှင့်။

“အစိုးရအနေနဲ့ သူကတိပေးထားတဲ့အတိုင်း အချိန်ကိုက် ဆောင်ရွက်နိုင်ဖို့ အစီအစဉ်တွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ လိုနေတာပါ။ ဥပမာဆိုရင် မနှစ်က နိုဝင်ဘာလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ကလေးစစ်သား အရေအတွက် စာရင်းပြုစုထုတ်ပြန်မယ်လို့ အစိုးရက ပြောထားပေမဲ့ အခုချိန်ထိ ဖြစ်မလာသေးပါဘူး။ နောက်ပြီးတော့ အခု လာမယ့် ဒီဇင်ဘာလအကုန်မှာ စာရင်းရှိထားတဲ့ ကလေးစစ်သား အကုန်လုံး ပြန်လွှတ်ပေးမယ်ဆိုတဲ့ အစီအစဉ်အတွက်လည်း မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးဖို့ လိုနေပါတယ်။ ILO ကပြောထားတဲ့ စာရင်းအရ ကလေးစစ်သား အရေအတွက်ဟာ ၇၇၀ ကျော်ရှိနေပြီး အဲ့ဒီထဲက အရေအတွက် အများအပြားဟာ အခုချိန်ထိ လွတ်မြောက်လာတာမျိုး မရှိသေးဘူးလေ။”

မေး။ ။ HRW အနေနဲ့ရော မြန်မာနိုင်ငံမှာ ကလေးစစ်သား ပပျောက်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေတဲ့အခါမှာ အဓိက စိန်ခေါ်ချက်တွေ ဘာတွေရှိလဲရှင့်။

“အဓိက စိန်ခေါ်နေတဲ့အချက်က ကလေးစစ်သားတွေနဲ့ပတ်သက်လို့ ကျမတို့ အတိအကျ စုံစမ်းမေးမြန်းခွင့် ရဖို့ အချက်ပါ။ သူတို့ ဘယ်မှာလဲ။ သူတို့ စာရင်းဝင်ထားလား။ သူတို့ စုဆောင်းခံထားရတဲ့ စစ်တပ်တွေကနေ စနစ်တကျ ပြန်လွတ်နိုင်အောင် လုပ်ပေးဖို့ လိုပါတယ်။ ဒါမှသာ သူတို့ အိမ်ကို ပြန်ရောက်တဲ့အခါမှာ စာသင်ကြားနိုင်မယ်၊ အလုပ်အကိုင်တွေ ရဖို့ လုပ်နိုင်မှာဖြစ်တယ်။ ဒီလိုမျိုး ဆောင်ရွက်ပေးနိုင်ဖို့ အစိုးရနဲ့ စစ်တပ်က အဓိက ဖြစ်နေတာပါ။ နောက်ပြီး ကုလသမဂ္ဂဘက်ကလည်း ဒီထက်ပိုပြီး အားစိုက်လုပ်ဆောင်ပေးဖို့ လိုပါတယ်။”

မေး။ ။ အခုလိုပေါ့နော် မြန်မာနိုင်ငံမှာ ကလေးစစ်သားတွေ၊ ကလေးအလုပ်သမားတွေ ရှိနေပြီးတော့ သူတို့တွေ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ အခြေအနေကို ဘယ်လိုမျိုး ကာကွယ်ပေးနိုင်မလဲရှင့်။

“ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးတွေကို နိုင်ငံအတော်များများ ရင်ဆိုင်နေရတာပါ။ တချို့နိုင်ငံတွေမှာ မိသားစု ဆင်းရဲလို့ ငွေကြေးအတွက် ကလေးတွေဟာ စစ်တပ်ထဲ ဝင်ကြတယ်ဆိုပေမဲ့ မြန်မာနိုင်ငံက ကလေးစစ်သားတွေကတော့ မိဘတွေဟာ ငွေကြေးဆင်းရဲတယ်ဆိုပေမဲ့ အတင်းအဓမ္မ ခြိမ်းခြောက်ပြီး စုဆောင်းခံရတဲ့ အခြေအနေမျိုး တွေ့ရပါတယ်။ ကလေးအခွင့်အရေး ကာကွယ်ဖို့ဆိုရင် အဓိကအချက်ကတော့ ပညာရေးစနစ်ကို တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ လိုပါတယ်။ ကလေးတိုင်း ပညာမသင်မနေရ စနစ်ရှိမယ်ဆိုရင် ကလေး အလုပ်သမားတွေလည်း မရှိနိုင်သလို ကလေးစစ်သား ဆိုတာမျိုးလည်း ပပျောက်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး သူတို့အနာဂတ်အတွက် အလုပ်အကိုင် ကောင်းကောင်းရမှာ သေချာတယ်လေ။”

HRW ရဲ့ ညွှန်ကြားရေးမှူး ဂျိုး ဘက်ကာ (Joe Backer) ကို ဆက်သွယ်မေးမြန်းခဲ့တာပါရှင်။ မြန်မာနိုင်ငံက ကလေးစစ်သား စေခိုင်းမှု အခြေအနေကို HRW အဖွဲ့က စောင့်ကြည့်နေပြီးတော့ နိုင်ငံတကာကိုလည်း အစီရင်ခံ ထုတ်ပြန်နေတာပါရှင်။
XS
SM
MD
LG