သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် မြန်မာခရစ်ယာန်တွေရဲ့ခရစ္စမတ်


First Burmese Baptist Church of San Francisco ဓါတ်ပုံ- FBBC's facebook
First Burmese Baptist Church of San Francisco ဓါတ်ပုံ- FBBC's facebook

ခရစ်ယာန်ဘာသာဝင်တွေအတွက် ဘာသာရေးအထွဋ်အမြတ်ဖြစ်တဲ့ ခရစ္စမတ်နေ့မှာ အမိမြေငြိမ်းချမ်းရေးရဖို့ ဆုမွန်ကောင်းတောင်းပေးနေမယ်လို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာနဲ့ တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေက ပြောပါတယ်။


အမေရိကန်မှာရောက်နေတဲ့ မြန်မာနိုင်ငံက ခရစ်ယာန်ဘာသာဝင်တွေ စုစည်းပြီး ခရစ္စမတ်ပွဲတော်တွေကို ဘယ်လိုဆင်နွဲကြသလဲဆိုတာကို မအင်ကြင်းနိုင်က ဆက်ပြီးပြောပြပါမယ်။

ယေရှုခရစ်တော်ဖွားမြင်တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့မှာ အမေရိကန်ရောက် ခရိယာန်ဘာသာ ဝင်တွေကလည်း ဘာသာရေးဆုတောင်းပွဲတွေ၊ အလှူအတန်းပွဲတွေ ကျင်းပကြလေ့ရှိပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ဆောင်းရာသီ ခရစ်စမတ်ကာလရောက်ချိန်မှာ အားလပ်ရပ် အဖြစ် အစိုးရရုံးတွေနဲ့ ကျောင်းတွေ ရက်ရှည်ပိတ်ထားပါတယ်။ အခုလို ခရစ်စမတ်ကာလ အမေရိကန်ပြည်ထောင်စုမှာ အစဉ်အလာမပြတ် ဆင်နွဲှကြတဲ့ ဓလေ့ကိုတော့ နယူးရောက်မြို့မှာနေထိုင်တဲ့ နော်ရင်မွန်မြင့်က အခုလိုပြောပြပါတယ်။

“ ဒီလိုမျိုး ခရစ်စမတ်အချိန်မှာဆိုရင် အလုပ်ကလည်း ပိတ်ပေးတယ်လေ။ ခရစ်စမတ်ဆိုရင် မိသားစုတွေ အတူတူဖြစ်အောင်ဆိုပြီး ပိတ်ပေးတယ်ဆိုတော့ ဒီတနှစ်မှာ ဒီမိသားစုအိမ်မှာ ပွဲလုပ်မယ်ဆိုရင် နောက်တနှစ်မှာ နောက်မိသားစုအိမ်ပေါ့နော်။ မြန်မာတွေစုပြီး ပွဲလုပ်ကြတယ်။ အဲဒီလိုမျိုးစုတဲ့အခါကြလို့ရှိရင်လည်း ဟင်းတွေ စုပြီး ယူလာကြတယ်။ ပြီးတော့ သူတို့ ပစ္စည်းလက်ဆောင်တွေယူလာတယ်။ ဒါပေမဲ့ ဒီပွဲတွေ မစခင်မှာတော့ သူတို့ ဘုရားကျောင်းကိုသွားကြတယ်။ ဘုရားကျောင်းမှာလည်း ဆင်းရဲတဲ့သူတွေ၊ ပစ္စည်းမတတ်နိုင်တဲ့သူတွေကို ပေးလို့ရအောင် ခရစ်စမတ်အပင်တွေမှာ နာမည်လေးတွေ ချိတ်ထားပြီးတော့ ကိုယ်ပေးချင်တဲ့သူတွေရှိရင်လည်း ကိုယ်ပေးလို့ရတယ်ပေါ့နော်။ ပြီးတော့ အလုပ်ထဲမှာ ဆိုရင်လဲ တယောက်နဲ့ တယောက် ပစ္စည်းတွေလဲပြီး လက်ဆောင်ပေးကြတာမျိုးရှိတယ်။”

San Francisco မြို့က မြန်မာခရစ်ယာန်ဘာသာဝင်တွေကလည်း ခရစ္စမတ်နေ့ပွဲတော်အထိမ်းအမှတ်ကျင်းပဖို့ စီစဉ်နေကြပါတယ်။ First Burmese Baptist အသင်းတော်က မစန္ဒာရွှေက ခရစ္စမတ်အကြိုနေ့နဲ့ ခရစ္စမတ်နေ့မှာ ကျင်းပမယ့် အစီအစဉ်တွေကို ခုလိုပြောပါတယ်။

“ခရစ်စမတ်နေ့ မရောက်ခင်မှာတော့ သီချင်းသွားဆိုကြတာပေါ့။ အသင်းတော်ရဲ့ အဖွဲ့ဝင်အိမ်တွေမှာ ခရစ်တော်မွေးဖွားတဲ့အကြောင်းကို ကြိုဆိုတဲ့အနေနဲ့ သီချင်းလိုက်ဆိုတယ်ပေါ့နော်။ ပြီးတဲ့အခါကြတော့ လက်ဆောင်တွေ ပေးကြတယ်ပေါ့နော်။ ပြီးတော့ ခရစ်စမတ်နေ့မှာကြတော့ ကလေးတွေအတွက် ခရစ်စမတ် အစီအစဉ်၊ ပြီးတဲ့အခါကြတော့ ညနေပိုင်းမှာ Candle Light Service ဆိုတာရှိတယ်။ ပုံမှန်အားဖြင့် Candle Light Service က ခရစ်စမတ်နေ့ရောက်မှ လုပ်တယ်လေ။ ဒါပေမဲ့ ဒီနှစ်က ခရစ်စမတ်နေ့က တနင်္ဂနွေနေ့နဲ့ တိုက်နေတော့ မနက်ပိုင်းမှာ အင်္ဂလိပ်စကားပြောအစီအစဉ်နဲ့ ခရစ်စမတ် အစီအစဉ်ကိုလုပ်ပြီးတော့ နေ့ခင်းပိုင်းမှာကြတော့ မြန်မာစကားပြော ဆုတောင်းပွဲနဲ့ ညနေပိုင်းမှာ Candle Light Service အစီအစဉ်ကို လုပ်မယ်ပေါ့နော်။ အဲဒီအချိန်မှာ အသက်ကြီးတဲ့သူတွေကို လက်ဆောင်ပေးတဲ့ အစီအစဉ်လည်းရှိတယ်ပေါ့နော်။”

အခုလို မိသားစုတွေ မိတ်ဆွေသူငယ်ချင်းတွေ စုဝေးပြီး ပျော်စရာပွဲတော်တွေ ဆင်နွဲနေကြတဲ့အချိန်မှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ အမိမြေ ကချင်ပြည်နယ်မှာ အမြန်ဆုံးငြိမ်းချမ်းရေးရဖို့ ဆုမွန်ကောင်းတောင်းကြောင်း အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်တဲ့ ကချင်တိုင်းရင်းသူ ဒွဲလင်းက ပြောပါတယ်။

“ဒီခရစ်စမတ်လ ခရစ်ယာန်ဘာသာဝင်တွေအတွက်တော့ အရမ်းအရေးကြီးတဲ့ အထွတ်အမြတ် ပွဲတော်တခုဖြစ်တယ်။ ကချင်မှာဆိုရင် လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းက ခရစ်ယာန်ဖြစ်နေတော့ ဒီပြည်တွင်းမှာဆိုရင်တော့ နေရာတကာ မြို့ကြီးမှာရော တောရွာကအစ အကုန်လုံးမှာ ခရစ်စမတ်ပွဲကိုဆင်နွဲတဲ့ ကာလဖြစ်တယ်။ ဒါပေမယ့်အခု ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က ထိုးစစ်ဆင်တိုက်ပွဲတွေဖြစ်နေတဲ့အခါကျတော့ သူတို့စိတ်ထဲမှာ ဘယ်အချိန်က ဘယ်လိုဖြစ်မလဲ၊ တိုက်ပွဲက ဘယ်လိုအချိန်ဖြစ်မလဲဆိုပြီး စိုးရိမ်ပူပန် ပြီးတော့ ခရစ်စမတ်ပွဲကို ဆင်နွဲနေရတဲ့အခြေအနေဖြစ်နေတယ်။ ဆိုတော့ ကျမတို့အနေနဲ့လည်း ဒီမှာရောက်နေရတယ်ဆိုပေမယ့် အမြဲတမ်းဆန္ဒပြုချင်တာကဘာပဲပြောပြော ဒီလိုမျိုး အရမ်း အထွတ်အမြတ်ထားတဲ့ ပွဲတော်ကိုတော့ စိတ်ပူပြင်မှုမရှိပဲနဲ့ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေလို့ ကျမဆုတောင်းပါတယ်။”

မြန်မာနိုင်ငံနဲ့ အဝေးမှာရောက်နေကြပေမယ့်လည်း ခရစ္စမတ်အချိန်မှာ အမေရိကန်ရောက် မြန်မာခရစ် ယာန်တွေစုဝေးကြပြီး ခုလိုအထိမ်းအမှတ်ပွဲတွေကျင်းပကြ၊ မြန်မာနိုင်ငံအေးချမ်းဖို့ ဆုတောင်းမေတ္တာပို့သပွဲတွေ ကျင်းပနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG