သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ တော်ဝင်နှင်းဆီမှာ ကျင်းပ


ဆဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲမှာ ဆုရှင် ကိုဇော်ဇော် (အလယ်၊) မဖြိုးဖြိုးအောင်ကိုယ်စား ဆုယူပေးသူ ဒေါက်တာနေဝင်း (ယာ-တတိယ)၊ ဒေါက်တာနန္ဒာဝင်း (ယာအစွန်) ဓာတ်ပုံ (နာရေးကူညီမှုအသင်း)
ဆဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲမှာ ဆုရှင် ကိုဇော်ဇော် (အလယ်၊) မဖြိုးဖြိုးအောင်ကိုယ်စား ဆုယူပေးသူ ဒေါက်တာနေဝင်း (ယာ-တတိယ)၊ ဒေါက်တာနန္ဒာဝင်း (ယာအစွန်) ဓာတ်ပုံ (နာရေးကူညီမှုအသင်း)

၂၀၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ခြင်းခံရသူ ဗကသများအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က သူ့အနေနဲ့ အများအကျိုး အတွက် ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ရန်ကုန်မြို့မှာ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကြိုတင်ရိုက်ကူးပေးပို့ခဲ့တဲ့ဗွီဒီယိုမှတ်တမ်းကတဆင့် ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို နှစ်စဉ်ချီးမြှင့်လာခဲ့တာ ခုနှစ်ပါနဲ့ဆို ၆ ကြိမ်မြောက်ရှိသွားပြီ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်း အနားကို ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခမ်းမမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခု ပြည်သူ့ ဂုဏ်ရည်ဆုရှင်ဖြစ်တဲ့ မဖြိုးဖြိုးအောင်ကတော့ သာယာဝတီအကျဉ်းထောင်မှာ အထိမ်းသိန်းခံနေရဆဲဖြစ်ပြီး သူ့ကို ရုံးထုတ်ချိန်မှာ ဒီဆုနဲ့ပတ်သက်လို့ သူပြောခဲ့တဲ့ဗွီဒီယို မှတ်တမ်းဖိုင်ကို ဖွင့်ပြခဲ့ပါတယ်။ ဒီဆုအတွက် ကျေးဇူးတင်ပြီး သူ့အနေနဲ့ အများအကျိုးအတွက် ဆက်လက်လုပ် ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြောင်း မဖြိုးဖြိုးအောင်ကိုယ်စား ဆုလက်ခံယူခဲ့တဲ့ ဖခင်ဖြစ်သူ ဒေါက်တာနေဝင်းက VOAကိုပြောပါ တယ်။

ဖြိုးဖြိုးအောင် (ဓာတ်ပုံ-ပြည်သူ့ဂုဏ်ရည်)
ဖြိုးဖြိုးအောင် (ဓာတ်ပုံ-ပြည်သူ့ဂုဏ်ရည်)

“…ဒုက္ခရောက်နေတဲ့ ဗမာပြည် ပြည်သူတွေကို ကူညီတဲ့ သမီးနဲ့၊ နောက်တခါ ဂျောက်ထဲကျနေတဲ့ပညာရေးစနစ်၊ ပညာရေးစနစ်ဆိုတာ တိုင်းပြည်မှာ အင်မတန်အရေးကြီးတယ်။ ပညာရေးစနစ်မကောင်းလို့ အဲဒါ အနစ်နာခံပြီးတော့ ပညာရေးစနစ်ပြောင်းလဲရေး ပြန်ကြိုးစားခဲ့တဲ့ သမီးနဲ့ ရဲဘော်တွေအတွက် ဒီဆုပေးတယ်လို့ ကျနော် ခံယူပါတယ်။ အခမ်းအနားမှာ ဗွီဒီယိုထိုးပြတယ်။ အဲဒီဗွီဒီယိုမှာတော့ သူက ဒီဆုရတဲ့အတွက် ဝမ်းသာပါတယ်-ပေါ့။ ကျေးဇူးလည်းတင်ပါတယ်- အဲလိုပြောပါတယ်။ ဒါ အများအတွက်ရတဲ့ဆုလို့ပဲ သူခံယူပါတယ်ပေါ့နော်။ အများအတွက် ဆက်ပြီးလုပ်သွားပါမယ်-လို့ပေါ့နော်။ အဲဒီလို ပြောပါတယ်။ ဗွီဒီယိုမှတ်တမ်းမှာလေ။”

ပြည်သူ့ဂုဏ်ရည်ဆုကို ပထမဆုံးအကြိမ် လက်ခံရခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူကတော့ မဖြိုးဖြိုးအောင် ဟာ ပြည်သူ့ဂုဏ်ရည်ဆုကို ရသင့်တယ်လို့ မှတ်ချက်ပေးပါတယ်။

“မဖြိုးဖြိုးအောင်က ဒါ တကယ်ကို ပေးသင့်တယ်လေ။ ပြည်သူလူထု၊ ကျောင်းသားလူငယ်တွေအတွက်၊ အနာဂတ်အတွက် တကယ်ကို ရဲရဲဝံ့ဝံ့နဲ့ အခက်အခဲပေါင်း မြောက်မြားစွာရှေ့မှာ သူတို့လုပ်ခဲ့ရတာကိုး။ အခုထက်ထိလည်း ထောင်ထဲရောက်နေတုန်းပဲလေ။ သူ့အတွက်က တကယ်ရသင့်တဲ့ဆုပါ။ သူရသင့်သလို ကိုဇော်ဇော်ဆိုတာလည်း ငါးကင်ရောင်းပြီး စာကြည့်တိုက်လေး၊ တပိုင်တနိုင်လေးဖွင့်တာ။ အဲဒီစာကြည့်တိုက်လေးလည်း အောင်မြင်တယ်။ ထိုနည်းတူစွာ ဒေါက်တာနန္ဒာဝင်းလည်း ညနေခင်းဟင်းဆိုတာ အရင်းအတိုင်းပဲ အစားအသောက်ရောင်းချပေးတာ- ဒီနှစ်ကတော့ တကယ်ရသင့်တဲ့လူတွေပါ။”

ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးအဖွဲ့က ၂၀၁၅ ခုနှစ်အတွက် ချီးမြှင့်တဲ့ဆုတွေထဲမှာ ပြည်သူ့ဂုဏ်ရည်အထူးဆု ၂ဆုလဲ ပါဝင်ပြီး အဲဒီနှစ်ဦးမှာ အခမဲ့ စာကြည့်တိုက် လုပ်နေတဲ့ ကျောက်ပန်းတောင်းမြို့က ကိုဇော်ဇော်နဲ့ တန်ဖိုးနဲညစာရောင်းချပေးသူ ဧရာဝတီတိုင်း အင်္ဂပူမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာနန္ဒဝင်းတို့ ဖြစ်ပါတယ်။ ဒေါက်တာနန္ဒဝင်း သူလုပ်ဆောင်ချက်တွေကို ပြောပြပါတယ်။

“ဘာစားလဲလို့ မေးတဲ့အချိန်မှာ သူတို့က ငပိချက်စားတယ်ပေါ့နော်၊ တနေကုန်အလုပ်တွေလုပ်လာ၊ ပြန်လာတော့ ဟင်းတွေဘာတွေလည်း မချက်နိုင်တဲ့ အခါမှာ ဖြစ်သလိုပဲ အလွယ်တကူရတဲ့ ငပိချက်လေးတအိုးနဲ့ ထမင်းနဲ့နယ်စားလိုက်ရပြီး နောက်ပိုင်း သွေးတွေလည်းတိုး၊ ရောဂါတွေလည်း ဖြစ်တဲ့အခါမှာ ဒီလူနာတွေအတွက်ကို ကျနော်တို့က အာဟာရဓာတ်တွေအကုန်လုံးပြည့်စုံတဲ့ ၊ ပါတဲ့ဟင်းတွေ စီစဉ်ပေးဖို့အတွက်ကို ဖြစ်လာတာ။ ကျနော်တို့က အချိုမှုန့် မသုံးဘူး၊ စားအုန်းဆီမသုံးဘူး။ ကိုလက်စထရော ဖရီးဖြစ်တဲ့ နေကြာဆီကိုသုံးတယ်။ သီးစုံပဲဟင်းနဲ့ထမင်းဆိုရင် ငွေ ၂ဝဝ ကျပ်၊ ဝက်သားနဲ့ ထမင်းနဲ့ဆိုရင် ၃ဝဝ ကျပ်၊ ကြက်သားနဲ့ထမင်းနဲ့ဆိုရင် ၅ဝဝ နဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။”

ပြည်သူ့ဂုဏ်ရည်ဆုကို နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူအပြင် ထောင်ဝင်စာတွေ့မယ့်သူမရှိတဲ့ အကျဉ်းသားတွေအတွက် ထောင်ဝင်စာကူညီ တွေ့ပေး ခဲ့တဲ့ NLD ပါတီအဖွဲ့ဝင် ဒေါ်ရှု၊ လူငယ်ဖွံ့ဖြိုးရေးနဲ့ ပရဟိတတွေ လုပ်နေတဲ့ Kachinland သတင်းဌာနက လဖိုင်နော်မိန်းနဲ့ NLD ပါတီ ပညာရေး ကွန်ယက်တို့ကို တနှစ်စီ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆုရှင် မဖြိုးဖြိုးအောင်နဲ့အတူ ပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ အခြားကျောင်းသားတွေဟာ အကျဉ်းထောင်တွေထဲ ခုချိန်ထိ အထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။ ၃လာကျော်ကြာလာပြီဖြစ်တဲ့ အဖမ်းဆီးခံ ကျောင်းသူ ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ မိတ္ထီလာမြို့မှာ ဒီကနေ့ ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ပြီး လုံခြုံရေးတွေ တင်းကြပ်ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

XS
SM
MD
LG