သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ အရေးကြီးလှတဲ့ လယ်မြေသိမ်းကိစ္စ အစိုးရက ဖြေရှင်းပေးဖို့ လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေ စုံစမ်းရေးကော်မရှင်က ပြီးခဲ့တဲ့ လွှတ်တော်မှာတုန်းက အစီရင်ခံစာတစ်စောင် ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီတင်သွင်းခဲ့တဲ့ အစီရင်ခံစာပေါ်မှာ မြေသိမ်းမှုတွေမှာ တိုက်ရိုက် သက်ဆိုင်တဲ့ ၀န်ကြီးဌာနတွေက လွှတ်တော်မှာ လယ်မြေတွေ ပြန်ပေးနိုင်ရေးအတွက် ဇူလိုင်လ ၁၆ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြောဆိုလာတာပါ။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

စစ်အစိုးရလက်ထက် တလျှောက်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကိစ္စကို လွှတ်တော်အတွင်းမှာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ ၄၀ ကျော်က ၄ ရက်ကြာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေကို အစိုးရ အာဏာပိုင်တွေဘက်က ပြန်ပြီး တုံ့ပြန်ပြောဆိုမှုတွေ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ၀န်ကြီး ဗိုလ်ချုပ် ဝေလွင် ကတော့ စစ်တပ်က သိမ်းထားတဲ့ မြေတွေအတွက် တိုင်ကြားစာပေါင်းဟာ ၆၅၀ ကျော် ရှိပြီးတော့ အဲဒီထဲက ၄၈၀ ကျော်ကို စိစစ်မှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

တပ်ကသိမ်းတဲ့မြေတွေမှာ သီးနှံခင်းတွေ ပါလာရင်တော့ လယ်သမားတွေ ပြန်ပေးဖို့နဲ့ တပ်မြေသိမ်းပြီးတဲ့ နောက်ပိုင်းမှာ တပ်တွေကို သီးစားချထားတွေရှိရင် မူလပိုင်ရှင်ကို ပြန်ပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားထားတယ်လို့လည်း ဗိုလ်ချုပ် ဝေလွင် က ဒီကနေ့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။

“တပ်မြေတွေ စတင် သိမ်းတဲ့အချိန်မှာ လယ်တွေ၊ ယာတွေ၊ စိုက်ခင်းတွေ ပါဝင်ခဲ့တယ်ဆိုရင် အခု တိုင်ကြားလာတဲ့အခါ ဒါတွေ ပါဝင်တယ်ဆိုရင် မူလပိုင်ရှင်ကို ပြန်ပေးပါလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ချပါတယ်။ တပ်မြေသိမ်းယူပြီးတဲ့ နောက်ပိုင်းကျတော့လည်း ကျနော်တို့ တပ်တွေရဲ့ ခွင့်ပြုချက်နဲ့ တောင်သူတွေ ကိုယ်တိုင်ပဲ မြေရှင်းစိုက်ပျိုးတယ်။ တပ်တွေကိုလည်း သီးစားခတွေ တပ်တွေကိုလည်း ပေးရတယ်။ အဲ့လို သီးစားခ ချထားတဲ့ မြေတွေဆိုရင်လည်း အဲ့ဒီတောင်သူတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြန်လည်ပေးအပ်ပါလို့ ပြောပါတယ်။ ”

စစ်တပ်အနေနဲ့ အရင် စစ်အစိုးရလက်ထက်က စီမံကန်းအတွက် သိမ်းထားတဲ့ နေရာတွေမှာ လုပ်ငန်းတွေ လုပ်ကိုင်ပြီးခဲ့တဲ့ နေရာတွေကလွဲရင် ကျန် လစ်လပ်နေတဲ့ မြေယာတွေကို ပြန်ပေးမယ်ဆိုပြီးတော့လည်း လွှတ်တော်မှာ တရားဝင် ပြောခဲ့ပါတယ်။

“လယ်မြေအမိန့်နဲ့ ရတဲ့မြေတွေကို ကျနော်တို့ မြေသိမ်းကတည်းက ကာကွယ်ရေး ၀န်ကြီးဌာနက အသုံးပြုရန်မလိုတော့ဘူးဆိုရင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံသည်ဆိုပြီး ကျနော်တို့ ပါပါတယ်။ အဲ့လို ပါတဲ့အတွက် ဒီဟာတွေကို ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံတော်ကို ကျနော်တို့ ပြန်အပ်ရပါတယ်။ ကျန်တဲ့ စွန့်လွှတ်ရမယ့် မြေအမျိုးအစားတွေ၊ ဥပမာအားဖြင့် ပုံစံ ၁၀၅၊ ၁၀၆ တို့နဲ့ မြေသိမ်းဖို့ စွဲထားတာတွေရှိပါတယ်။ အဲ့ဒါတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရသို့ သက်ဆိုင်ရာအလိုက် စနစ်တကျ ပြန်လည်အပ်နှံသွားပါမည်။”

ဒါပေမဲ့ အခုလို ပြန်ပေးတဲ့နေရာမှာတော့ မဆိုင်တဲ့လူတွေက မူလပိုင်ရှင်တွေရဲ့ လယ်မြေတွေကို ကြားက အမြတ်ထုတ်ပြီး ၀င်မယူသွားနိုင်အောင်လည်း အသိထား ဆောင်ရွက်ရမယ်လို့ ဗိုလ်ချုပ်ဝေလွင် က ပြောပါတယ်။
လယ်မြေသိမ်းမှုတွေဟာ အရင် စစ်အစိုးရ လက်ထက်တွေမှာတုန်းက ဖြစ်ခဲ့တဲ့ အခြေအနေပေါ်မှာ မူတည်ပြီး မူလ လယ်သမားတွေကို နောက်ကွယ်က မြှောက်ပေးပြီး နိုင်ငံရေး အမြတ်ထုတ်တဲ့ ကိစ္စတွေရှိနေတယ်လို့လည်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ဝေလွင် က ပြောခဲ့ပါတယ်။

“အဲ့ဒီဟာမှာ အခုလို ထွန်တုံးတိုက်ပွဲတွေ၊ တောင်းဆိုပွဲတွေ လုပ်နေတဲ့အချိန်မှာ ဒါတော့ ဒီမြေတော့ သူတို့ လွတ်ပြီ။ အဲ့တော့ တို့က ၀င်ပြီးတော့ လုပ်ကြမယ်ဆိုရင်တော့ တကယ်အုပ်ချုပ်မှုရေးရာအရ စနစ်တကျ ပြန်ပြီးတော့ မအပ်နှံခင် မဆိုင်တဲ့သူတွေက ၀င်သွားလို့ရှိရင်လည်း ပိုပြီးတော့ ရှုတ်ထွေးမှုတွေက ဖြစ်မှာကိုလည်း ဒါကို ကျနော်တို့ သတိပြုဖို့ လိုအပ်တယ်လို့ ကျနော် ပြောလိုပါတယ်။”

ပြည်ထဲရေးဝန်ကြီးဌာနကလည်း အခုလို လယ်မြေတွေ ပြန်ပေးဖို့ လုပ်လာတဲ့ အခြေအနေတွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့ လက်တွဲပြီး ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ကလည်း ပြည်ထောင်စု လွှတ်တော်မှာ ပြောခဲ့တာပါ။

“ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့အညီ ဆက်စပ်ပတ်သက်နေသော ၀န်ကြီးဌာနများနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး မြေယာဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။”

အရင် စစ်အစိုးရလက်ထက်က မြေသိမ်းမှုတွေဟာ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆူပူမှုတွေ၊ ဆန္ဒပြမှုတွေ အဆိုးဆုံး အနေအထားမှာ ဖြစ်နေတာပါ။

ဒါကြောင့် အခု ဒီတကြိမ်ကျင်းပတဲ့ သတ္တမအကြိမ် အစည်းအဝေးမှာတော့ လွှတ်တော် ကိုယ်စားလှယ် ၄၀ ကျော်ကပါ ဒီလယ်မြေ ယာမြေ သိမ်းတဲ့ ကိစ္စတွေအပေါ်မှာ အလေးပေး ဆွေးနွေးလာခဲ့တာလည်း ဖြစ်ပါတယ်။
ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ လယ်ယာမြေများနဲ့ အခြား မြေများ စုံစမ်းရေး ကော်မရှင်ကနေပြီး မြေသိမ်းမှုတွေကို အဂတိတရား ၄ ပါး ကင်းကင်းနဲ့ အစီရင်ခံစာ ပြုစုပြီး တင်ပြပေးလိုက်တာ ဖြစ်တယ်လို့လည်း ကော်မရှင် ဥက္ကဌ ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွဋ် က ပြောပါတယ်။

“လယ်မြေသိမ်းဆည်းပြီးတော့မှ လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီများက ကျနော်တို့ကို မုန်းမှာလား။ အစိုးရဘက်ကနေပြီးတော့ လုပ်တာတွေဟာ ကျနော်တို့ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေရှိရင်လည်း ကျနော်တို့ ထောက်ပြတာကို အစိုးရအနေနဲ့ ကျနော်တို့ အဖွဲ့ကို မုန်းမှာလားဆိုတဲ့ ကြောက်ရွံ့တဲ့ အရာ ဒါ ကင်းဖို့လိုပါတယ်။ အစိုးရ မဟုတ်တာလုပ်ရင်လည်း ဒါ မဟုတ်တဲ့အကြောင်း၊ တောင်သူလယ်သမားတွေဘက်က မုန်းချင်မုန်းပါစေ မဟုတ်တာကြီးလာပြီး တင်ပြတာကို လိုက်လျောဖို့ မရှိပါဘူး။ ဒါကြောင့် ကျနော်တို့က ကြောက်ရွံ့ခြင်းဆိုတဲ့ အရာကို ကျနော်တို့က လွတ်ကင်းအောင် ကျနော်တို့က လုပ်ရပါတယ်။”

ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန (၁)၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့က ၀န်ကြီးတွေက သူတို့နဲ့ သက်ဆိုင်တဲ့ ၀န်ကြီးဌာန မြေသိမ်းမှုတွေနဲ့ ပတ်သက်ပြီး ပြန်လည် တုံ့ပြန်ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG