သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒူးချီးရားတန်း အရေး နိုင်ငံတကာ စုံစမ်းဖို့ ကင်တားနား အဆို မြန်မာ အစိုးရ ပယ်ချ


ကုလအထူးကိုယ်စားလှယ် ကင်တာနား သတင်းစာရှင်းလင်းပွဲ၊ ရန်ကုန်လေဆိပ်။ (ဖေဖော်ဝါရီ ၁၉၊ ၂၀၁၄)
ကုလအထူးကိုယ်စားလှယ် ကင်တာနား သတင်းစာရှင်းလင်းပွဲ၊ ရန်ကုန်လေဆိပ်။ (ဖေဖော်ဝါရီ ၁၉၊ ၂၀၁၄)
ရခိုင်ပြည်နယ် မောင်တောဒေသ ဒုချီးရားတန်းရွာမှာဖြစ်ခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ကိုယ်ပိုင် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်တဲ့ အတွက် နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတွေ မလိုဘူးလို့ မြန်မာအစိုးရက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားရဲ့ မနေ့က သတင်းစာရှင်းလင်းပွဲအတွင်း ဒုချီးရားတန်းကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုမှုအပေါ် အစိုးရက တုံ့ပြန်ခဲ့တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ လွတ်လပ်မှု အပြည့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်း စစ်ဆေးပြီးနောက် မြန်မာနိုင်ငံ ကနေ ပြန်လည် မထွက်ခွာခင် ဗုဒ္ဓဟူးနေ့က ရန်ကုန်လေဆိပ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာ ကင်တားနား က ဇန်နဝါရီလက ရခိုင်ပြည်နယ် မောင်တောဒေသ ဒုချီးရားတန်းရွာမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ လုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှု တွေဟာ နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့ ကိုက်ညီမှု မရှိတာကြောင့် သူ့အနေနဲ့ လူ့အခွင့်အရေးကောင်စီကို တင်ပြပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တိုက်တွန်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်အပေါ် မြန်မာနိုင်ငံအနေနဲ့ ကိုယ်ပိုင် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ သမ္မတရဲ့ ပြောခွင့်ရသူ လည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ် က အခုလို တုံ့ပြန်ခဲ့ပါတယ်။

"ပထမဆုံးအချက်ကတော့ဗျာ။ မစ္စတာကင်တာတားဟာ အမြဲတမ်းပဲ ကျနော်တို့မြန်မာနိုင်ငံကို လာပြီဆိုရင် သူ့မှာ ကြိုတင်လက်ခံထားပြီးသားဖြစ်တဲ့ အယူအဆတွေကို သယ်လာပြီးတော့မှ အဲ့ဒီ့အယူအဆတွေကိုပဲ ဒီမှာ ပြန်ပြောလေ့ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါသူ ဒီလိုပြောတာကိုလည်း ကျနော်တို့အနေနဲ့က ဘာမှ မအံ့သြပါဘူး။

ဒုတိယအချက်ကတော့ ကော်မရှင်တစ်ခုဟာ နိုင်ငံတကာ အဆင့်မှီမှီ ဆိုတာဟာ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ပဲ ကျနော်တို့က ကြ့ည့်ရမှာ ဖြစ်ပါတယ်။ အခုလုပ်တဲ့ကော်မရှင်တွေဟာ သူတို့ဘာသာ သူတို့လွတ်လွတ်လပ်လပ်စုံစမ်းစစ်ဆေးခွင့်ရတယ်။ သူတို့တွေ့ရှိချက်ကို သမ္မတကြီးဆီကို တင်ပြတယ်။ ပြီးရင် ပါဝင်ပတ်သတ်တဲ့ အသိုင်းအဝိုင်းကသူတွေ အားလုံး၊ နှစ်ဖက်အသိုင်းအဝိုင်းက သူတွေ အားလုံးပါတယ်။ ကျွမ်းကျင်တဲ့ပညာရှင်တွေပါတယ်။ မှုခင်းဆိုင်ရာ ဆေးပညာရှင်တွေပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒါဟာ နိုင်ငံတကာ အဆင့်မှီတယ်လို့ ပြောလို့ ရပါတယ်။ သူတို့ပါစေချင်တဲ့ကုလသမဂ္ဂအဖွဲ့အစည်းက သူတွေ မပါတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတကာအဆင့်မမှီဘူးလို့ပြောရင်တော့ အဲ့တာ ဘာမှအဓိပ္ပါယ်မရှိပါဘူး။

နံပတ်သုံးကတော့ ကျနော်တို့ အတိအလင်းပြောထားပြီးပါပြီ။ ကျနော်တို့နိုင်ငံဟာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကျနော်တို့ဘာသာ ကျနော်တို့ လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ ကုလသမဂ္ဂက ဘာမှ ပါဝင်စရာမလိုပါဘူး။ "

ဒီဒုချီးရားတန်းပြဿနာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့အတွက် သမ္မတဦးသိန်းစိန်ကနေ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းပေးခဲ့ သလို၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကလည်း စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့တာပါ။ ဒါကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကလည်း သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ လွတ်လပ်မှု အပြည့်အဝ ရှိတယ်လို့ အတွင်းရေးမှူးလည်းဖြစ်၊ လူ့အခွင့်အရေး ကော်မရှင်နာလည်းဖြစ်တဲ့ ဦးစစ်မြိုင်က ပြောပါတယ်။

"ကျနော်တို့ကော်မရှင်အဖွဲ့ သွားစစ်တာဟာ ကျနော်တို့ကော်မရှင်ရဲ့ဆုံးဖြတ်ချက် သပ်သပ်နဲ့ ကျနော်တို့သွားတာပါ။ နံပတ်တစ်၊ နံပတ် ၂က ကျနော်တို့ ဘယ်တွေကိုသွားမယ်။ ကျနော်တို့ ဘယ်သူတွေကို စစ်မယ်ဆိုတာ ကျနော်တို့အဖွဲ့ရဲ့ ကိုယ်ပိုင် သီးခြားလွတ်လပ်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ကျနော်တို့ သွားချင်တဲ့နေရာ၊ ကျနော်တို့ စစ်ဆေးချင်တဲ့ပုဂ္ဂိုလ်၊ ကျနော်တို့ တွေ့ဆုံချင်တဲ့ ပုဂ္ဂိုလ်တွေဆီကိုလည်း ကျနော်တို့သွားခွင့်ရခဲ့တယ်။ ကျနော်တို့ စစ်ခွင့်ရခဲ့တယ်။ တွေ့ခွင့်ရခဲ့တယ်။

အဲ့ဒီဟာတွေကိုတော့ ပြည်ထောင်စုအစိုးရအနေနဲ့ရော၊ ဒေသဆိုင်ရာ အစိုးရအနေနဲ့ရော စွက်ဖက်ခြင်း လုံးဝ မရှိပါဘူး။ ဒါကြောင့် ကျနော်တို့အဖွဲ့အနေနဲ့ ကျနော်တို့ရဲ့ ဆောင်ရွက်ချက် စစ်ဆေးချက်ဟာ လွတ်လပ်တယ်ဆိုတာကို ရဲရဲတင်းတင်း ကျနော်တို့ ပြောလိုပါတယ်ဗျာ။ "

ဒါ့အပြင် ရခိုင်ပြည်နယ်မှာရှိတဲ့ နိုင်ငံတကာ NGO တွေအနေနဲ့ ဒုချီးရားတန်းကိစ္စနဲ့ပတ်သက်ပြီး သူတို့မှာ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိတယ်လို့ ပြောဆိုနေပေမဲ့ တကယ်တမ်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သွားရောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့အခါ ပူးပေါင်းဆောင်ရွက်တာမျိုး၊ သူတို့မှာရှိတဲ့ အထောက်အထားတွေကို ပြသနိုင် တာမျိုး တွေမရှိခဲ့ဘူးလို့လည်း ဦးစစ်မြိုင်က ထောက်ပြပါတယ်။

မစ္စတာ ကင်တားနားကတော့ ရခိုင်ပြည်နယ်ကိစ္စဟာ ပြည်တွင်းရေးကိစ္စ မဟုတ်ဘဲ ဒေသတွင်းကိုပါ ရိုက်ခတ်မှုတွေ ရှိနေတယ်လို့ ထောက်ပြခဲ့တာပါ။ ဒါ့အပြင် ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံ ထားရတဲ့ INGO အဖွဲ့အစည်းက ပုဂ္ဂိုလ် ၃ ဦးကို ပြန်လွှတ်ပေးဖို့ကိုလည်း မြန်မာအစိုးရကို မစ္စတာ ကင်တားနား တောင်းဆိုထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဒုဝန်ကြီး ဦးရဲထွဋ် က အခုလို ပြောပါတယ်။

"အဓိကအားဖြင့်ပြောရရင် ဘူးသီးတောင်၊ မောင်တောမှာဖြစ် ခဲ့တဲ့ ပြဿနာတွေဟာ ဒီပုဂ္ဂိုလ်တွေ လှုံ့ဆော်လို့ဖြစ်ခဲ့တယ်ဆိုတာ အထောက်အထားတွေရှိလို့ ဥပဒေနဲ့အညီ ကျနော်တို့ ရုံးတင်ပြီးတော့ အပြစ်ပေးထားတာဖြစ်ပါတယ်။ အဲ့တာကို မစ္စတာကင်တာနားက သူ့ရဲ့အစီရင်ခံစာထဲမှာ ယုံကြည်မှုကြောင့် အကျဉ်းကျခံလို့ သုံးထားတာရှိတယ်။ အဲ့တော့ ကျနော်တို့က ဒီအသုံးအနှုံးကိုလည်း လက်မခံပါဘူး။ နောက်ပြီးတော့ ကင်တာနားရဲ့ပြောဆိုမှုကလည်း ကင်တာနားရဲ့ ဘက်လိုက်မှု ကို ပိုပြီးတော့ ပေါ်လွင်စေတယ်လို့ ကျနော် ထင်ပါတယ်။"

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်နဲ့ နောက်ဆုံးအကြိမ် မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ သူ့ရဲ့ ဒီခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ရန်ကုန် အင်းစိန်အကျဉ်းထောင်နဲ့ ရန်ကုန် သီလဝါ အထူးစီးပွားရေးဇုန် တွေက အခြေအနေတွေကို သွားရောက် လေ့လာခဲ့တာပါ။

သူဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အနေနဲ့ ၆ နှစ်တာ တာဝန်ယူခဲ့တဲ့ ကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြောင်းလဲ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး အသိအမှတ်ပြု ပြောဆိုခဲ့သလို၊ လက်ရှိ မြန်မာနိုင်ငံ သွားနေတဲ့ အသွင် ကူးပြောင်းရေးမှာ အကဲစမ်းချက်တွေ ရှိနေတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

မစ္စတာ ကင်တားနားဟာ သူ့ရဲ့အခုခရီးစဉ်အတွင်း စုံစမ်းသိရှိခဲ့သမျှတွေကို လာမယ့် မတ်လ ၁၇ ရက်နေ့မှာ တော့ လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာ တင်သွင်းသွားမှာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG