သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမှုအပေါ် အကြမ်းဖက်ဖြေရှင်းမှု ကန့်ကွက်ဝေဖန်


လုံခြုံရေးရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုကြောင့် မီးလောင်ဒဏ်ရာရ ခဲ့ရတဲ့ ဆန္ဒပြသံဃာတော်များ မုံရွာဆေးရုံတွင် ဆေးကုသမှု ခံယူစဉ်။ (နိုဝင်ဘာ ၂၉၊ ၂၀၁၂)
လုံခြုံရေးရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုကြောင့် မီးလောင်ဒဏ်ရာရ ခဲ့ရတဲ့ ဆန္ဒပြသံဃာတော်များ မုံရွာဆေးရုံတွင် ဆေးကုသမှု ခံယူစဉ်။ (နိုဝင်ဘာ ၂၉၊ ၂၀၁၂)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြတောင်းဆိုနေသူတွေနဲ့ တာဝန်ရှိသူတွေကြားမှာ ညှိုနှိုင်းလို့ ရနိုင်တဲ့ အခြေအနေရှိနေတဲ့ကြားက ဆန္ဒပြသဃာတွေကို လုံခြုံရေးက အင်အားသုံး နှိမ်နှင်းခဲ့တာဖြစ်တယ်လို့ ပြဿနာကို ကြားဝင်စေ့စပ် ဖို့ကြိုးစားနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောလိုက်ပါတယ်။ ကြေးနီ တူးဖော်ရေး စီမံကိန်း နယ်မြေတဝိုက် ဆန္ဒပြနေကြတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ဖယ်ရှားဖို့ ပြည်ထဲရေးဌာနက အသိပေးပြီးနောက် အာဏာပိုင်တွေဘက်က အင်အားသုံး နှိမ်နှင်းခဲ့တဲ့ အပေါ်မှာ ဒေါ်ခင်စန်းလှိုင်က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ အပေါ်မှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ခံနေရချိန်မှာ အခုလို အခြေအနေဖြစ်ရတာနဲ့ ပါတ်သက်လို့ ဘန်ကောက်ရုံး မစုမြတ်မွန်က တင်ပြပါမယ်။

လက်ပံတောင်းတောင် ကြေးနီသတ္တုတူးဖော်ရေးရပ်ဆိုင်းဖို့ သပိတ်မှောက် ဆန္ဒပြနေကြတဲ့ သံဃာတော်တွေကို ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ရဲတပ်ဖဲ့ွက အင်အားသုံး လူစုခွဲခဲ့တာနဲ့ ပါတ်သက်လို့ အာဏာပိုင်တွေဖက်က ညှိနှိုင်းလို့ ရနိုင်ရက်နဲ့ အင်အားသုံး ဖြေရှင်းတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က VOA မြန်မာပိုင်းကို ပြောလိုက်ပါတယ်။

“ ကျမရောက်တဲ့အချိန်ကတည်းက သပိတ်စခန်းနဲ့ ညှိနှိုင်းပြီးသားပါ။ ဦးပိုင်ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့လည်း ကျမစကားပြောပြီးသားပါ။ အဲ့တော့ ညှိနှိုင်းလို့ရရင် ညှိနှိုင်းကြပါ။ လိုချင်တာတွေ တောင်းဆိုချင်တာတွေ နှစ်ဖက် မျက်နှာစုံညီ ညှိနှိုင်းကြပါ။ ညှိနှိုင်းလို့ ပြေလည်တယ်ဟေ့ ဆိုရင်၊ သူတို့ဘက်ကနေ ကျမတို့ပြောတဲ့စကားကိုလည်း နားထောင်မယ်။ သပိတ်စခန်းကိုလည်း သိမ်းပေးမယ် သူတို့ဘက်က ပြောပြီးသား။ ဒီသပိတ်စခန်း ဘက်က တုန့်ပြန်ထားပြီးသား။ အဲ့တာကို ကျမတို့ ဟိုဘက်ကို ပြောပြတယ်။ ညှိနှိုင်းမယ် လည်းပြောတယ်။ ပြေလည်မယ့်နည်းလမ်းက ဘယ်လိုနည်းလမ်းကို ကျင့်သုံးမှာလည်း ကျမ ဒါကိုပြောတယ်။ အဲ့တာကို တာဝန်ရှိတဲ့သူတွေ ဘယ်လိုလုပ်မလဲဆိုတာကို ကျမတို့ကို အကြောင်းပြန်ပါပြောတာကို ကျမတို့ကို အကြောင်းမပြန်ဘဲနဲ့ ဒါ သူတို့အကြောင်းပြန်လိုက်တဲ့ နည်းလမ်းကတော့ မနေ့ညက ဆောင်ရွက်တဲ့နည်းလမ်းပါပဲ။”

စစ်ကိုင်းတိုင်းထဲက ကြေးနီသတ္တုတူးဖော် ထုတ်လုပ်ရေးစီမံကိန်းတွေကြောင့် လူမှုဝန်းကျင်နဲ့ သဘာဝပါတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေက ကန့်ကွက် ဆန္ဒပြနေတဲ့ကိစ္စကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လွှတ်တော်မှာ ဖြေရှင်းဖို့ ကြိုးစားနေသူဖြစ်သလို၊ ဆန္ဒပြသူတွေနဲ့ တာဝန်ရှိသူတွေကို ကိုယ်တိုင်တွေ့ဆုံ ညှိနှိုင်းပေးဖို့ ကြိုးစားနေသူဖြစ်ပါတယ်၊ အဲဒီလိုအခြေအနေမျိုးမှာ ခုလို အရုပ်ဆိုးစေတဲ့ အဖြစ် ဖြစ်ရတဲ့အပေါ် လွှတ်တော်မှာ ဆက်လက် တင်ပြဆောင်ရွက်သွားမယ်လို့ သူကပြောပါတယ်။

“တရားဥပဒေစိုးမိုးရေး လမ်းကြောင်းပေါ် သွားနေတဲ့အချိန်မှာ၊ တရားဥပဒေစိုးမိုးရေး ကော်မတီရဲ့ ဥက္ကဌ တစ်ယောက်လာတော့မယ့် ခရီးစဉ်မှာ ဒီနေ့လာတော့မယ့် ခရီးစဉ် ရဲ့ အချိန်မှာဘဲ ဒီလိုမျိုး တရားဥပဒေစိုးမိုးမှု မရှိဘဲနဲ့ ပြည်သူ့အခွင့်အရေး၊ နောက်ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ နောက် လူ့အခွင့်အရေး ဒါတွေကို ချိုးဖောက်ပြီးကာမှ တရားဥပဒေအတိုင်း မလုပ်ဘဲနဲ့ ဒီလိုမျိုး ချိုးဖောက်ပြီးတော့ ဆောင်ရွက်သွားတဲ့ကိစ္စရပ်အပေါ်မှာ ကျမတို့က ဒါကို လုံးဝလက်မခံပါဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျမတို့က ဆက်လက်ဆောင်ရွက်သွားမှာပါ။”

သံဃာတော် အများစုဖြစ်တဲ့ ထိခိုက်ဒဏ်ရာရ သွားကြသူတွေရဲ့ အရေပြားတွေ မီးလောင်ဒဏ်ရာတွေ ရရှိရလောက်အောင် ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့တာနဲ့ ပါတ်သက်လို့ အစိုးရက ဒီကနေ့ သတင်းထုတ်ပြန်ရာမှာတော့ ကြေးနီစီမံကိန်း အတွင်းမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ကြားက သပိတ်စခန်းတွေဖွင့်၊ စီမံကိန်းပျက်ပြားအောင် ဆောင်ရွက်၊ စီမံကိန်းထောက်ပံ့ရေးပစ္စည်းတွေကို ဖျက်ဆီး၊ ဝန်ထမ်းတွေကို အနှောင့်အယှက်ပေးပြီး ဆူပူဆန္ဒပြတဲ့အတွက်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နောက်ဆုံးသတ်မှတ်ချိန် မတိုင်ခင်ရော ကျော်သွားပြီးတဲ့နောက်မှာပါ အသံချဲ့စက်တွေနဲ့ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့တယ်လို့လဲ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အထိကရုဏ်းနှိမ်နှင်းရေး နည်းစနစ်အတိုင်း အဆင့်ဆင့် ရှင်းလင်းဆောင်ရွက်ခဲ့တယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့ညက သပိတ်စခန်းကို ဖြိုခွင်းခဲ့တာနဲ့ ပါတ်သက်လို့ အဲ့ဒီ့သပိတ်စခန်းမှာ ရှိနေတဲ့ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးတေဇက VOA မြန်မာပိုင်းကို မိန့်ခဲ့တာကတော့-

“ ဦးဇင်းတို့က ဒီလောက်ကြီး အကြမ်းဖက်ပြီးတော့ နှိမ်နှင်းမယ်လို့ ဦးဇင်းတို့ မထင်ခဲ့ဘူးပေါ့။ သူတို့ တကယ်လို့မှ ဦးဇင်းတို့ကို ဖမ်းမယ်ဆိုရင် ဦးဇင်းတို့က လိုက်ဖို့အဆင်သင့်ပေါ့။ ဒီကိစ္စကို ဦးဇင်းတို့က အရေးတော်ပုံ အောင်မြင်စွာ ဆောင်ရွက်မယ်ဆိုတဲ့ သန္ဒိဌာန် နဲ့ ဦးဇင်းတို့က ဆက်နေတယ်။ သူတို့က သတ်မှတ်ထားတဲ့ ၁၂ အထိ သူတို့က ဘာတခုမှ မလုပ်ပါဘူး။ ၁၂ကျော်တော့ ဦးဇင်းတို့ သံဃာတော်တွေ ကျိမ်းကြတယ်။ ကျိမ်းတော့ ဦးဇင်းတို့ ဝမ်ပေါင်ကုမ္မဏီရှေ့က ပင်မသပိတ်စခန်းမှာ ဦးဇင်းတို့ သံဃာအပါး ၂၀၀ဝန်းကျင်ခန့်လောက် ကျိမ်းနေကြတယ်။

၂နာရီခွဲလောက်မှာ သူတို့က ဝမ်ပေါင်ကုမ္မဏီရှေ့က ပင်မတံခါးကြီးကို ဖွင့်လိုက်ပါတယ်။ ဖွင့်လိုက်တဲ့အချိန်မှာ သူတို့က ကုမ္မဏီရှေ့က တံခါးကြီးရဲ့ မီးသတ်ကားဘေးမှာ ဒိုင်းတွေနဲ့ နံပတ်တုတ်တွေ ကိုင်ထားတဲ့ ရဲအင်အားက တဖက်၊ တဖက်မှာ ပေါင်းလိုက်မယ်ဆိုရင် ၁၅၀ ဝန်းကျင်လောက်ရှိတယ်။ သူတို့ နံပတ်တုတ်တွေနဲ့ ရိုက်တဲ့အသံကြောင့် သံဃာတော်တွေက အနည်းအကျဉ်း နိုးလာတာပေါ့။ မုံရွာက ပါလာတဲ့၊ မန္တလေးက ပါလာတဲ့ သံဃာအသေးလေးတွေကတော့ အိပ်ပျော်နေကြတယ်။

အဲ့ဒီ့အချိန်မှာ ဦးဇင်းတို့ မန္တလေးက ခေါင်းဆောင် အကြီးအကဲငါးပါးက ဝမ်ပေါင်ကုမ္ပဏီရှေ့ အပေါက်ကို ပိတ်ပြီးတော့ ငြိမ်းချမ်းစွာ ထိုင်လိုက်တယ်။ အဲ့ဒီ့အချိန်မှာ သူတို့က အဲ့ဒီ့ငါးပါးကို မီးသတ်ပိုက်တွေနဲ့ ထိုးပက်ပါတယ်။ ဒါပေမဲ့ အဲ့ငါးပါးက ကြံံ့ကြံ့ခိုင်ပြီး ဒီအတိုင်းနေတယ်။ အဲ့အချိန်မှာ အဲ့ဒီ့ငါးပါးကို ပက်ပြီးတဲ့အခါမှာ ဦးဇင်းတို့ဒီဝမ်ပေါင်ကုမ္မဏီရှေ့မှာ ကျိမ်းနေတဲ့ သံဃာတွေကို မီးသတ်ပိုက်နဲ့ ထိုးပက်တယ်။ ဒါပေမဲ့ သူတို့ မရဘူး။ အဲ့ဒီ့အချိန်မှာ ရဲတွေက ရှေ့က ငါးပါးကို ဝင်ရိုက်ပါတယ်။

ရှေ့ကငါးပါးကို ဝင်ရိုက်ပြီးတဲ့နောက်မှာတော့ ဦးဇင်းတို့ ပင်မသပိတ်စခန်းကြီးကို ဗုံးကျဲပါတယ်။ ဗုံးကျဲတယ်လို့ သုံးစွဲတဲ့နေရာမှာ သူတို့က ဦးဇင်းတို့ သပိတ်စွဲထားတဲ့ သံဃာတော်တွေကို လူစုလူဝေးကွဲသွားအောင် ခြိမ်းခြောက်တဲ့အနေနဲ့ မျက်ရည်ယိုဗုံးခွဲတာမဟုတ်ပါဘူး။
ဒီဗုံးကြီးဟာ ဦးဇင်းတို့ ရဟန်းတွေ၊ လူတွေ ထိခိုက်ရင် အဆောက်အဦးတခုလုံး မီးလောင်ပျက်စီးနိုင်တယ်၊ ဒီ့ထက်ဒဏ်ရာရရင် သေဆုံးစေနိုင်တယ်၊ ဒီလိုဒဏ်ရာတွေကြောင့်လည်း ဦးဇင်းတို့ မုံရွာဆေးရုံမှာ သံဃာအပါး ၂၀ကျော် ဆေးရုံတင်လိုက်ရပါပြီ။ မုံရွာဆေးရုံက မနိုင်လို့ ဦးဇင်းတို့ သူငယ်ချင်းတစ်ပါးကို မန္တလေးဆေးရုံမှာ ဆေးရုံတင်လိုက်ရပါတယ်။”

သံဃာတော်တွေရဲ့ သပိတ်မှောက် လှုပ်ရှားမှုကို ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးတေဇ မိန့်ခဲ့တာဖြစ်ပါတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတဲ့အတိုင်း စီမံကိန်း ထောက်ပံ့ရေး ပစ္စည်းတွေကို ဖျက်ဆီး၊ ဝန်ထမ်းတွေကို အနှောင့်အယှက်ပေးတယ်ဆိုတဲ့ ဖော်ပြချက်နဲ့ ပါတ်သက်လို့ ဒီကိစ္စတွေကို တောက်လျှောက် စောင့်ကြည့်နေတဲ့ ဒေသခံ သတင်းထောက် တစ်ယောက်ကိုလည်း မေးကြည့်ပါတယ်။

“ အစ်မ၊ မဟုတ်ဘူး။ မဟုတ်ဘူး။ ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေပေါ်မှာ ပစ္စည်းတွေ လာပုံတာတွေရှိပါတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေ လာပုံတာတွေ ရှိပါတယ်။ ရှိတော့ကျတော့ ဒီဒေသခံတောင်သူတွေက ခင်ဗျားတို့က ဒီပေါ်မှာတော့ လာမပုံပါနဲ့။ ကျနော်တို့က ထွန်ယက်စိုက်ပျိုး စားရဦးမှာဆိုပြီးတော့အခါကျတော့ သူတို့မြေလေးတွေကို သူတို့ကာကွယ်တဲ့ အစဉ်အလာတွေတော့ရှိပါတယ်။ ဒါသူတို့ကို အနှောင့်အယှက်ပေးတာမဟုတ်ပါဘူး။ ကိုယ့်မြေကိုယ် ကာကွယ်တဲ့အဆင့်ပဲဖြစ်ပါတယ်။ ”

နောက် ဥပဒေနဲ့ မညီ လူစု လူဝေးနဲ့ ဆူပူ ဆန္ဒပြလာတယ်လို့ ပြောပါတယ်၊ ဘယ်လို ဆူဆူပူပူလုပ်လာတာကို မြင်ရပါလဲရှင့်။

“ သူတို့သပိတ်စခန်းဖွင့်လာတာ ယခုလ ၁၇ရက်နေ့က စတင်ပြီးတော့ သူတို့အထွေထွေ သပိတ်စခန်းဖွင့်လာတယ်။ အဲ့သလိုရက်လေးတွေ အနည်းငယ်ရလာတာနဲ့အမျှ သူတို့သပိတ်စခန်းက တခုကနေ ခြောက်ခုအထိ တိုးချဲ့ပြီးတော့ ဖွင့်လာတာကို တွေ့ရပါတယ်။ သူတို့က ငြိမ်းချမ်းစွာနဲ့ပဲ ထိုင်နေကြပါတယ်။ သူတို့က အော်နေတာတို့၊ ရုတ်ရင်းဆန်ခတ်ဖြစ်စေနိုင်တဲ့ အပြုအမူ၊ အပြောအဆိုတွေ လုပ်နေတာတွေမရှိပါဘူး။ သူတို့ရဲ့သပိတ်စခန်း၊ မိုးကာတဲလေးတွေ အောက်မှာ သူတို့ဘာသာ ငြိမ်းချမ်းစွာနဲ့ ထိုင်နေတာကိုပဲ ကျနော်တို့မြင်တွေ့ရပါတယ်ခင်ဗျာ။ ”

စစ်ကိုင်းတိုင်းဒေသခံ သတင်းထောက် တယောက်က သူမြင်တွေ့ရတဲ့ အခြေအနေကို ပြောပြသွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေအပေါ် ထောက်ခံအားပေးမှု ရရှိနေချိန်မှာ သပိတ်မှောက် သံင်္ဃာတွေကို အစိုးရက ဖြိုခွဲခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG