သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း အာဏာသိမ်း မှု မြန်မာ စောင့်ကြည့်


ထိုင်းစစ်တပ်အာဏာ သိမ်းပြီးနောက် လုံခြုံရေး ထူထပ်စွာချထား။ (မေ ၂၂၊ ၂၀၁၄)
ထိုင်းစစ်တပ်အာဏာ သိမ်းပြီးနောက် လုံခြုံရေး ထူထပ်စွာချထား။ (မေ ၂၂၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ မာရှယ်လော စစ်အုပ်ချုပ်ရေး ဥပဒေ ပြဌာန်းပြီး ၂ ရက်အကြာ ဒီကနေ့ ညနေပိုင်းမှာတော့ စစ်တပ်က တတိုင်းပြည်လုံးကို ထိန်းချုပ် လိုက်ပြီ ဖြစ်ပါတယ်။ သဘောထား အပြင်းအထန် ကွဲလွဲနေကြတဲ့ နိုင်ငံရေး အုပ်စုတွေကြား စစ်တပ်က ကြားဝင် စေ့စပ် ဆွေးနွေးမှုတွေ လုပ်နေတဲ့ တချိန်တည်းမှာပဲ ခုလို အာဏာ သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံကတော့ အခြေအနေ ကို စောင့်ကြည့်နေတဲ့ အကြောင်း ပြောပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Steve Herman သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက စုစည်း တင်ပြပေးထားပါတယ်။

စစ်တပ်က တိုင်းပြည် အာဏာကို ထိန်းချုပ်လိုက်ပြီ ဖြစ်တဲ့ အကြောင်းကို ထိုင်း ရုပ်မြင်သံကြားတခုမှာ စစ်တပ်အရာရှိတွေ ခြံရံပြီး တွေ့ရတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan Ochaက ဒီကနေ့ ညနေပိုင်းမှာပဲ ကြေညာ သွားတာ ဖြစ်ပါတယ်။

"စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ အနေနဲ့ တိုင်းပြည် အာဏာကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ အတွက် ခုလို လုပ်ဆောင်ရတာပါ။ တိုင်းပြည်မှာ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုတွေ ဖြစ်လာအောင် တွန်းအားပေးပြီး ငြိမ်ဝပ်ပိပြားမှု ပြန်လည် ရရှိလာအောင် စစ်တပ်က လုပ်ဆောင်သွားမှာဖြစ်ပါတယ်။"

ခုလို အာဏာသိမ်းကြောင်း ကြေညာပြီးတဲ့နောက် အစိုးရ ဆန့်ကျင် ဆန္ဒပြသူနေကြသူတွေနဲ့ အစိုးရကို ထောက်ခံ ဆန္ဒပြသူတွေ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း အဓိက ဆန္ဒပြနေကြတဲ့ နေရာကြီးနှစ်ခုကို ရှင်းလင်းဖို့ စစ်တပ်က နေရာယူခဲ့ပါတယ်။ ထိုင်း အဓိက ရုပ်မြင်သံကြား ဌာန နှစ်ခုကိုလည်း သတင်းတွေ ထုတ်ပြန်လို့မရအောင် စစ်တပ်က ရပ်ဆိုင်းထားလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသတင်းထောက်တွေနဲ့ အင်တာနက် သုံးစွဲမှုတွေကတော့ ဆက်ပြီးတော့ ရှိနေပါတယ်။

ဘန်ကောက်မြို့တော် အနောက်ဘက်မှာ စခန်းထိုး ဆန္ဒပြနေကြတဲ့ အစိုးရ လိုလားသူ ရှပ်နီတွေကတော့ စစ်တပ် အာဏာသိမ်းတဲ့ ကြေညာချက် ထွက်ခဲ့တဲ့ တိုင်အောင် ဆက်လက် ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။ အာဏာရှင် ဆန့်ကျင်ရေး ညီညွတ်တဲ့ ဒီမိုကရေစီတပ်ဦး (UDD) အဖွဲ့က လက်တုံ့ပြန်နိုင်အောင် အဆင်သင့် ပြင်ထားကြဖို့ Twitter လူမှုကွန်ယက် ကနေတဆင့် လူတွေကို သတိပေးထားပါတယ်။ ဆန္ဒပြသူတွေကို နေရာကနေ ဖယ်ရှားဖို့ စစ်ကားတွေ နဲ့ တပ်ဖွဲ့တွေကို စေလွှတ်ထားတဲ့အကြောင်း စစ်တပ် ပြောခွင့်ရသူ က ပြောပါတယ်။

နိုင်ငံရေး သဘောထား ကွဲလွဲနေသူတွေကြား သဘောတူညီမှု ရဖို့ စစ်တပ်က ကြားဝင်ပြီး နှစ်ရက်တာ စေ့စပ် ဆွေးနွေးမှုတွေ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို အာဏာသိမ်းကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

အခုလို ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုနဲ့ပတ်သက်လို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံ ကတော့ စောင့်ကြည့် သွားမှာ ဖြစ်တဲ့ အကြောင်း မြန်မာပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ခုလို ပြောပါတယ်။

" ပထမဆုံးတချက်ကတော့ မြန်မာနိုင်ငံက ကျနော်တို့၂၄ကြိမ်မြောက် ထိပ်သီး အစည်းအဝေးမှာ ထုတ်ထားခဲ့တဲ့ ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ ကြေညာချက် က ကျနော်တို့ နောက်ဆုံးထုတ်ပြန်ထားတဲ့ သဘောထားပေါ့နော်။ အဲ့ဒီ့သဘောထား မှာလည်း ဘာပဲပြောပြော ထိုင်းနိုင်ငံရေး အကျပ်အတည်း ကို ဖြေရှင်း တဲ့အခါမှာ လိုက်နာရမယ့် အခြေခံအချက်တွေ ပါပြီးဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ နောက်တခါထပ်ပြီးတော့မှ အာဆီယံ အနေနဲ့ ထုတ်ပြန်ဖို့ လိုမလို ဆိုတဲ့ ကိစ္စကိုတော့ ကျနော်တို့ အာဆီယံ နိုင်ငံတွေကြား မှာ ဆွေးနွေးပြီးမှပဲ ပြောနိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ လောလောဆယ် အာဆီယံနိုင်ငံတွေကြားမှာ တိုင်ပင်ဆွေးနွေးမှု မလုပ်ခင်မှာတော့ ကျနော်တို့ ဘာမှ ထုတ်ပြန်နိုင်ခြင်းဘူး။ ဖြစ်ပျက်နေတဲ့ ဒီအခြေအနေတွေကို ကျနော်တို့ ဆက်ပြီးတော့ လေ့လာစောင့်ကြည့်လျက်ရှိပါတယ်။"

မြန်မာပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ပြောသွားတာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်ခင်းမှာပဲ အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ ယာယီအစိုးရ ဘက်က ကိုယ်စားလှယ်တွေ၊ အဓိက ပြိုင်ဆိုင်နေကြတဲ့ အတိုက်အခံ ပါတီကြီးနှစ်ခု နဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်တွေ ဘန်ကောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ပထမ တရက်က တွေ့ဆုံ ခဲ့ကြပြီးတဲ့နောက် ဒီကနေ့ ဆွေးနွေးမှုမလာခင်မှာ အပြေလည်ဆုံး ဆွေးနွေးနိုင်အောင် ကြိုတင် ပြင်ဆင်ခဲ့ကြဖို့နဲ့၊ တိုင်းပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်နိုင်မယ့် အဆိုပြုချက်တွေ တင်ပြလာဖို့ မှာကြားခဲ့တဲ့အကြောင်း စစ်တပ်က ပြောပါတယ်။

ဒါပေမဲ့ ဒီကနေ့ ဆွေးနွေးမှုကနေပြီးတော့ သဘောတူညီမှု တစုံတရာ မရခဲ့တဲ့နောက်မှာတော့ နိုင်ငံရေး ခေါင်းဆောင်တွေကို စစ်တပ်က ထိန်းသိမ်း ထားလိုက်ပါတယ်။ အဲ့ဒီနောက် မိနစ်ပိုင်းအကြာမှာတော့ စစ်တပ် အာဏာ သိမ်းကြောင်း ကာကွယ်ရေး ဦးစီးချုပ်က ကြေညာလိုက်တာ ဖြစ်ပါတယ်။

ထိုင်း ကြားဖြတ် ဝန်ကြီးချုပ် Niwattamrong Boongsongpaisan ကို ဒီဆွေးနွေးပွဲတွေ တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမဲ့လို့ သူ့အနေနဲ့ အတိုက်အခံတွေ ဘက်က ရာထူးကနေ နှုတ်ထွက်ခိုင်းတဲ့ ဖိအားမျိုးကို လက်မခံနိုင်ဘူးလို့ ဆိုပြီး အစည်းအဝေးတွေကို ကိုယ်တိုင် မတက်ရောက်ခဲ့ဘဲ သူ့ရဲ့ လက်ထောက်တွေ ကိုပဲ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ် အာဏာမသိမ်းခင် နာရီပိုင်း အကြာမှာပဲ ကြားဖြတ် ဝန်ကြီးချုပ်က တိုင်းပြည်မှာ နိုင်ငံရေး အယူအဆ တွေကြောင့် ပြိုကွဲတာတွေ မဖြစ်ရလေအောင် တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားမှု ရှိဖို့အတွက် မာရှယ်လော စစ်အုပ်ချုပ်ရေး ဥပဒေပြဋ္ဌာန်းခဲ့တာက အထောက်အကူ ဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။

အခုနောက်ဆုံး စစ်တပ်က တိုင်းပြည်အာဏာ သိမ်းလိုက်တာနဲ့ ပတ်သက်လို့ ဒေသတွင်း စိုးရိမ်မှုတွေနဲ့ ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။
ပြင်သစ်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ International Federation for Human Rights (FIDH) က ထိုင်းစစ်တပ်ရဲ့ အခုနောက်ဆုံး အာဏာသိမ်းမှု လုပ်ရပ်ကို အပြင်းထန်ဆုံး ဝေဖန်တဲ့ အကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီထိုင်းသတင်းနဲ့ပတ်သက်ပြီးတော့ မနေ့က ဗွီအိုအေရဲ့ သတင်းခေါင်းစဉ်မှာ "ထိုင်းစစ်အုပ်ချုပ်ရေး မြန်မာထောက်ခံ" လို့ ခေါင်းစဉ် တပ်ခဲ့တဲ့ အပေါ် မြန်မာပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ကန့်ကွက်ခဲ့ပါတယ်။ ဦးရဲထွဋ်က အာဆီယံ အသင်းအနေနဲ့ နောက်ထပ် သဘောထား မထုတ်ပြန်ရသေးတဲ့ အတွက် ထိုင်းနိုင်ငံရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ကန့်ကွက်မှု မရှိတဲ့အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG