သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA အပေါ် မြန်မာစစ်တပ် ဆက်လက် ထိုးစစ်ဆင်


ကချင်တပ် ရှေ့တန်းစစ်မျက်နှာ။
ကချင်တပ် ရှေ့တန်းစစ်မျက်နှာ။
ကချင်ပြည်နယ် မိုးမောက်နယ်ထဲမှာ မြန်မာအစိုးရတပ်တွေနဲ့ ကချင် လွတ်မြောက်ရေး တပ်တွေ တိုက်ပွဲတွေဆက်ဖြစ်ပြီး ဒီကနေ့ ဧပြီလ ၁ရ ရက်နေ့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကတော့ (ရ) နာရီကြာနီးပါးလောက် ဆက်တိုက်ဖြစ်သွားခဲ့တာပါ။ ဒီ့အတွက် ကေအိုင်အေ စခန်းတချို့ လက်လွတ်ဆုံးရှုံးခဲ့ရပြီး အစိုးရက ပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ ကချင်ကျေးရွာတွေနဲ့ အိုးအိမ်မဲ့ ဒုက္ခသည်တွေ နေထိုင်နေတဲ့ စခန်းတွေအထိ ကျရောက်နေတာကြောင့် ထောင်ဂဏန်းရှိတဲ့ ဒုက္ခသည်တွေ လည်း ပြေးနေကြရပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်တွင်းမှာ ကေအိုင်အေ တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေက လက်နက်ကြီးတွေ သုံးပြီး ပစ်ခတ်မူတွေကြောင့် ဒုက္ခသည်တချိုု့ ထွက်ပြေး တိမ်းရှောင်နေရသလို့ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲတွေဟာ ဧပြီလ ၁၇ရက်နေ့ ၊ နှစ်ဆန်း၁ရက်နေ့မှာ မနက်အစောပိုင်း အချိန်ကစပြီး အချိန် အတော်ကြာထိ တိုက်ပွဲတွေဖြစ်နေခဲ့တာပါ။

တိုက်ပွဲဖြစ်နေတဲ့နေရာမှာ ရောက်ရှိနေတဲ့ အယ်လ်ဂျာဇီယား သတင်းဌာနအတွက် သတင်းရယူနေတဲ့ဦးဂျွန်စံလင်းက ဧပြီလ ၁၇ရက်နေ့ က တိုက်ပွဲတွေအကြောင်း အခုလိုပြောပြပါတယ်။

“ မိုင်ဆမ်ကွန့်နဲ့ ဂျာရီ တိုက်ပွဲတဲ့နော် တိုက်ပွဲ မိုင်ဆမ်ကွန့်ဆိုတာ သစ်စခန်းပေါ့လေ။ အဲ့တာ သူတို့ ကချင်လိုဆိုရင်တော့ သစ်စခန်းလို့ အဓိပ္ပါယ်ရတယ်။ စဖြစ်တဲ့အချိန်က လေးနာရီ ငါးဆယ့် ငါးမိနစ်ကနေ ဆယ့်တစ်နာရီ ငါးမိနစ်အထိ၊ တပ်တွေက ဖြစ်တဲ့တပ်တွေက တပ်မ ၉၉၊ ဦးစီးပြီးတော့ KIA တပ်ရင်း(၁)ပေါ့နော်။ မိုင်ဆမ်ကွန့် နဲ့ ဂျာရီ စခန်းက နေပြီးတော့ ၈၀ မမ၊ ၁၀၅ မမ တို့နဲ့ ပစ်ခတ်တာ။ ခြေလျင် တပ်ရင်း(၁၀) နောက်ပြီးတော့ (၇၉) (၂၁)ကနေပြီးတော့ ဆယ်ရင်းလောက် အင်အား ထောင့်ငါးရာလောက် အခုလက်ရှိ တိုက်ပွဲ တိုက်နေတာပေါ့။”

သမ္မတပြောခွင့်ရလည်းဖြစ်၊ ဒု ပြန်ကြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဦးရဲထွဋ်ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းစဉ်မှာတော့ ကချင်ပြည်နယ်မှာကတော့ သန်းခေါင်စာရင်းကောက်ယူနေတဲ့ အချိန်အတွင်းမှာ ကေအိုင်အေဘက်ကနေ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေကို တားမြစ်တာ၊ ဟန့်တားခဲ့တာတွေ ရှိတယ်။ သန်းခေါင်စာရင်းကောက်ယူရေးကိစ္စတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တပ်မတော်က အရာရှိတွေနဲ့ စစ်သည်တွေကို ချောင်းမြောင်းပစ်ခတ်တဲ့ အတွက်ကြောင့်မို့ ဗိုလ်မှူးတစ်ဦး ကျဆုးခဲ့ရတာရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီ့နယ်မြေမှာရှိနေတဲ့ ဦးဂျွန်စံလင်းကတော့ သူ့ရဲ့တွေရှိချက်တွေကို အခုလိုပြောပြပါတယ်။

“ စစ်သားတစ်ယောက်အနေနဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့အထဲမှာ ပါဝင်ကူညီတယ်ဆိုတာတော့ အစိုးရအုပ်ချုပ်တဲ့ နယ်မြေမှာဆိုရင်တော့ အဆင်ပြေမှာပေါ့၊ အစိုးရအုပ်ချုပ်တဲ့ နယ်မြေမဟုတ်ရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဟိုတလောက တပ်ရင်းမှူး ဗိုလ်မှူး မျိုးညွန့်စိုး ဆိုတာကတော့ သူဝင်လာတာ သန်းခေါင်စာရင်း ကောက်ဖို့ဆိုပြီးတော့ အစိုးရက ကြေညာ တာပေါ့နော်။ အမှန်မှာကတော သန်းခေါင် စာရင်း ကောက်တယ်။ သူ ဦးဆောင်ပြီး လာတယ်ဆိုလို့ရှိရင် သူ့ရဲဘော်နဲ့သူနဲ့ နှစ်ယောက်တည်း တိုးတိုးတိတ်တိတ် လာစရာ အကြောင်းမရှိဘူး။ အဲ့ဒီ့ဘက်မှာလည်း သန်းခေါင်စာရင်းကောက် ရလောက်အောင် လူဦးရေ ရှိတဲ့ရွာလည်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ့နေရာက KIA စိုးမိုးတဲ့နယ်မြေဖြစ်တဲ့အတွက် သူ့အနေနဲ့ နယ်ကျွံပြီး လာတဲ့အတွက် သန်းခေါင်စာရင်းကောက်တာနဲ့တော့ ကျနော်ထင်တယ် လုံးဝ မပတ်သတ်ဘူး။”

ဧပြီ ၁ရရက်နေ့က တိုက်ပွဲတွေကြောင့် ကေအိုင်အေရဲ့ စခန်းငယ်တချို့လည်း ဆုတ်ခွါပေးနေရပြီး အဓိက စခန်းတွေကတော့ ခုခံနေကြဆဲဖြစ် ပါတယ်။ မြန်မာစစ်တပ်တွေက လိုင်ဇာနဲ့ လဂတ်ယန် (Lagat Yang Camp) ကို မတိုက်ဘဲ သူတို့ကို ကျောထောက်နောက်ခံ ပေးထားတဲ့ တပ်တွေကို သာ ချေမှုန်းပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာကို တွေ့နေရကြောင်း ဦးဂျွန်စံလင်းကပြောပါတယ်။

“ သူတို့ လိုင်ဇာနဲ့ မိုင်ဂျာယန်ကို ကာကွယ်ပေးထားတဲ့ KIAတပ်ရင်းတွေပေါ့။ အဲ့တာတွေကို သူတို့က နယ်မြေစိုးမိုးရေး အနေနဲ့ အပြီးသတ် ချေမှုန်းချင်တဲ့ ပုံစံရှိတယ်။ ဒါမှလည်း အကာအကွယ် ပေးထားတဲ့ တပ်တွေက ရွှေ့ပြီးတော့ အရင်တုန်းက KIA တပ်စခန်းတွေ သူတို့ပြန်သိမ်းပိုက်နိုင် လို့ရှိရင် ဒီနေရာတွေမှာသူတို့ မြန်မာ့တပ်မတော်က စိုးမိုးထားနိုင်ရင် ဘယ်လိုဖြစ်လာမလဲဆိုတော့ အဓိက အကျပ်အတည်းဖြစ်အောင် လုပ်ပြီးတော့မှ အတင်း လက်မှတ်ထိုးခိုင်းမယ့် ပုံစံမျိုးပေါ့။ တကယ်လို့ မထိုးဘူး ဆိုလို့ရှိရင်လည်း ရန်သူက ကိုယ့်အနီးနားမှာ အဲ့တာမျိုးပုံစံပေါ့။ KIA ဘက်ကလည်း ဒါမျိုးတော့ အဖြစ်ခံမှာမဟုတ်ဘူး။”

ပြီးခဲ့တဲ့ရက်ကစပြီး ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေကြောင့် ကချင်ရွာထဲတွေအထိ ကျည်ဆံခံွံများ ကျကျန်နေကြောင်း ရွာသားးတွေကဆိုပါတယ်။ ဒါ့အပြင် လဂျာယန်မှာ ရှိတဲ့ အိုင်ဒီပီ ဒုက္ခသည်စခန်းနားထိ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာ၊ လက်နက်သံတွေ နီးကပ်နေတာတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပြီး ကချင်အမျိုးသမီးအစည်းအရုံးက အော့နန်းကလည်း ပြောပါတယ်။

“ လဂျာယန် ကမ့်အိုင်ဒီပီရှိတဲဘက်မှာ အဲ့ဒီ့လက်နက်ကြီးတွေ ကျပြီး အိုင်ဒီပီတွေ အားလုံးက အခု နေလို့မရတော့ဘူးလေ။ အခု တခြားနေရာ တရုတ်ပြည်ဘက် နယ်စပ်ဘက်မှာ ထွက်ပြေးသွားကြတယ်။ အားလုံးက။”

ဒီရက်ပိုင်းအတွင်းမှာပဲ ကချင်လူထု အခြေပြုအဖွဲ့အစည်းတွေ စုပေါင်းပြီး အရေးပါ်ကြေညာချက် ထုတ်ပြန်ရာမှာ မန်စီမြို့ နယ်ထဲမှာ ရှိတဲ့နေရာ အတော်များများမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေကြောင်း တိုက်ပွဲဖြစ်နေ တဲ့နေရာတွေဟာ ပြည်တွင်း အိုးအိမ်မဲ့ဒုက္ခသည်တွေနဲ့ တကီလို အကွာ လောက်မှာဖြစ်နေတဲ့ အတွက် ဒုက္ခသည် ၈၀၀လောက် ထွက်ပြေးနေရကြောင်း အဲ့ဒီဒေသက ရှမ်း၊ ကချင် ပလောင်ရွာသား ၂၀၀၀လောက် ဟာလည်း တရုတ်နယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဖော်ပြထားပြီး လဂျာယန်စခန်းအနီးမှာ လက်နက်ကြီးကျည်များ ကျရောက်တာကြောင့် အိုးအိမ်မဲ့ ဒုက္ခသည် နောက်ထပ် ၁၄၀၀လောက် ရှိနေကြောင်း ဖော်ပြထားပါတယ်။

KIA ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ဟာ အမေရိကန်အစိုးရတာဝန်ရှိသူတွေ၊ မြန်မာ့အရေး၊ ကချင့်အရေး စိတ်ဝင်စားတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိနေစဉ်မှာပဲ အခုလို တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပေါ်နေတာပါ။
-
XS
SM
MD
LG