သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကျန်းမာရေး ဝန်ကြီးအဖွဲ့ အမေရိကန် ခရီးစတင်


မြန်မာ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဖေသက်ခင်
မြန်မာ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဖေသက်ခင်

အမေရိကန် နဲ့ မြန်မာ တို့ ဆက်ဆံရေး ပုံမှန် ဖြစ်အောင် ကြိုးစားမှု တစ်ခု အနေနဲ့ အမေရိကန်ဘက် က ပထမဦးဆုံး ဖိတ်ကြားတာ ကို ခံရတဲ့ မြန်မာ ကျန်းမာရေး ဝန်ကြီးဟာ ကျန်းမာရေး နဲ့ ပညာရေး ကိစ္စတွေ အဓိက ဆွေးနွေးဖို့ ဆိုပြီးတော့ အမေရိကန် ပြည်ထောင်စု ကို ရောက်ရှိနေပါတယ်။ မြန်မာ နိုင်ငံ ကျန်းမာရေး နဲ့ ပညာရေး ကဏ္ဍတွေမှာ ကြုံနေရတဲ့ အခက်အခဲတွေ နဲ့ ဒီ ခရီးစဉ် အတွင်း မျှော်လင့်ချက် တွေကို တော့ ကိုဝင်းမင်းက အဖွဲ့ဝင် တစ်ဦးနဲ့ မေးမြန်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဖေသက်ခင်ဟာ တနင်္ဂနွေ နေ့က စရောက်လာတဲ့ သူ့ရဲ့ ၁၀ ရက်ကြာ အမေရိကန် ခရီးစဉ် ထဲမှာ ကျန်းမာရေး နဲ့ ပညာရေး အဆင်မြင့် အရာရှိတွေ အပါအဝင် အဖွဲ့ဝင် ၁၁ ပါတဲ့ အဖွဲ့ကို ဦးဆောင် လာခဲ့ ပြီး ဒီကနေ့ တနင်္လာနေ့မှာ အမေရိကန် အဆင်မြင့် တက္ကသိုလ် တစ်ခုမှာ စကား ပြောဖို့ ရှိနေပါတယ်။

မြန်မာ သမ္မတရဲ့ နိုင်ငံရေး အကြံပေးတစ်ဦးနဲ့ အစိုးရ မဟုတ်တဲ့ NGO တစ်ခုလည်း ပါတဲ့ ဒီ ခရီးစဉ်ရဲ့ ထူးခြားမှု ကို လိုက်ပါလာတဲ့ မင်္ဂလာ မြန်မာ အဖွဲ့က ဒေါက်တာ ဖုန်းဝင်း က အခုလို ရှင်းပြပါတယ်။

“ထူးခြားတာက တော့ နှစ်ပေါင်း ဆယ်စုနှစ် များစွာ အတွင်းမှာ မြန်မာနိုင်ငံ ကနေ ပြီးတော့ လူကြီး တစ်ယောက် အနေနဲ့ အမေရိကန် နိုင်ငံ ကို လာရောက်တဲ့ ခရီးစဉ် ဖြစ်တယ်ပေ့ါလေ။ ပြီးတော့လည်း ဒီကျန်းမာရေး နဲ့ ပညာရေး ကို ဦးစားပေးပြီး တော့ ပထမဦးဆုံး အနေနဲ့ မြန်မာ နိုင်ငံ အစိုးရ က နေလည်း လွှတ်လိုက်တယ်။ ပြီးတော့ အမေရိကန် နိုင်ငံဘက် ကလည်း စောင့်ကြို ပြီးတော့ ဒီကိစ္စမှာ စထင် ပူးပေါင်းဆောင်ရွက် ဖို့ စီစဉ်ကြတယ် ဆိုတာ အင်မတန် ကို မှ ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ အရင်တုန်းက တော့ ကျန်းမာရေး၊ ပညာရေး ဆိုတဲ့ ကဏ္ဍက သိပ်ပြီးတော့ ဦးစားပေး၊ နှစ်ပေါင်းများစွာ ပေါ့လေ၊ မြန်မာပြည်မှာ ဦးစားပေး မခံ ရတဲ့ ကိစ္စဖြစ်သော်လည်း ဘဲ အခုကျတော့ ပထမ ဦးစားပေး ကိစ္စ အဖြစ် အမေရိကန် နိုင်ငံ နဲ့ မြန်မာ နိုင်ငံ အကြားမှာ ပူးပေါင်း ဆောင်ရွက် ဖို့ ဆောင်ရွက်တာ ကောင်းလည်း ကောင်းတယ်။ ထူးလည်း ထူးခြားတဲ့ ကိစ္စဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း (John Hopkins) တက္ကသိုလ် ရဲ့ ဆေးကျောင်းမှာ စကားပြောမယ့် ဒေါက်တာ ဖေသက်ခင် ရဲ့ အဖွဲ့ အနေနဲ့ ဒီ ခရီးစဉ်ထဲမှာ ကျန်းမာရေး ပညာရေး နဲ့ ပတ်သက်ပြီး ဘယ်လို ကိစ္စတွေကို အဓိက ထား ဆွေးနွေးမလဲ ဆိုတာ မေးရာမှာတော့ ဒေါက်တာ ဖုန်းဝင်းက မြန်မာ နိုင်ငံမှာ ဘယ်ဟာတွေ ကို ဦးစားပေး အဆင့် သတ်မှတ် ပြီး လုပ်ကိုင်နိုင်ဖို့ တိုင်ပင် ဆွေးနွေးမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

“ပူးပေါင်း ဆောင်ရွက်တဲ့ နေရာမှာ လိုအပ်ချက်တွေ က အများကြီး ဖြစ်နေတဲ့ အခါကျတော့ မြန်မာ ပြည်ရဲ့ လိုအပ်ချက်တွေ ထဲမှာ အရေးကြီးတဲ့ လိုအပ်ချက်တွေ ကို ဦးစားပေး အစီအစဉ် အဖြစ် ချမှတ်နိုင်ပြီးတော့ အဲဒီ ဦးစားပေး အစီအစဉ် အတိုင်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက် သွားဖို့ အတွက် အသေးစိတ် လာပြီးတော့ လေ့လာတာ ပေါ့နော်။ တမင်လာလုပ်၊ လေ့လာတဲ့ နေရာမှာ အဲဒီမှာ သွားတွေ့တဲ့ အခါမှာ ဦးစားပေး လုပ်နိုင်တဲ့ ဟာကို သတ်မှတ် လိုက်ပြီးတော့ အမြန်ဆုံး စလုပ်ဖို့ အတွက် စီစဉ်မယ်လေ။ ”

ဒါ့အပြင် သမ္မတ ဦးသိန်းစိန် ပြောခဲ့ သလိုဘဲ မြန်မာနိုင်ငံ ကို ပညာရေး အဆင့် မြှင့်တင်နိုင်ဖို့ အမေရိကန် နိုင်ငံက ထိပ်တန်း တက္ကသိုလ်တွေ နဲ့ ပူးပေါင်းဆောင်ရွက် နိုင်မယ့် ကိစ္စတွေကို လည်း ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် နဲ့ ရန်ကုန် နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ်တွေ ကိုယ်တိုင်ပါတဲ့ ဒီခရီးမှာ အသေးစိတ် ဆွေးနွေးဖို့ ရှိတယ် လို့ ဒေါက်တာ ဖုန်းဝင်းက ဆက်ပြောပါတယ်။

ဒီနေ့ မြန်မာနိုင်ငံ ရဲ့ ကျန်းမာရေး နဲ့ ပညာရေး စိမ်ခေါ်မှု တွေကို ဖြေရှင်းရာမှာ မြန်မာ နိုင်ငံ အနေနဲ့ ဘယ်လို အခက် အခဲတွေ ကြုံလာခဲ့ ရပါလဲ လို့ ဒေါက်တာ ဖုန်းဝင်းကို မေးရာမှာတော့

“ရှိတဲ့ အခက်အခဲက လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးမှာ ဆန်ရှင် လုပ်ထားတဲ့ ကိစ္စရယ်၊ ကျနော်တို့ ဒီ ကိုယ်ဘာသာ ကိုယ် သီးသီးသန့်သန့် နေတဲ့ ကိစ္စ ရယ်ကြောင့် မို့လို့ရယ် အခက်အခဲတွေ အများကြီးရှိတာပေါ့။ ဆိုလိုတာက ကမ္ဘာမှာ လက်တွေ့သုံးနေတဲ့ နည်းပညာတွေ ကို ကျနော်တို့ မရရှိတဲ့ အခက်အခဲမျိုးတွေ လိုအပ်တဲ့ အထောက်အပံ့တွေ ငွေရေး ကြေးရေး ဆိုင်ရာ အထောက်အပံ့တွေ မရနိုင်တဲ့ အခက်အခဲ က ရှိနေတုန်းဘဲလေ။”

မြန်မာ သမ္မတ ဦးသိန်းစိန် အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဆန်းက တွေ့တုန်းက မြန်မာနိုင်ငံ အတွက် အမေရိကန် ထိပ်တန်း တက္ကသိုလ်တွေ ရဲ့ အကူအညီ လိုတယ် လို့ ပြောခဲ့ အပြီးမှာ မကြာခင် ကြားဖြတ်ရွေးကောက်ပွဲ တိုးတက်မှုတွေ ကြောင့် ဝန်ကြီး ကလင်တန် ဘက်ကလည်း ပိတ်ဆို့ မှု တွေ လျှော့ပေးရာမှာ အခုလို ပညာရေး နဲ့ ကျန်းမာရေး ဖွံ့ဖြိုးရေး ကိစ္စတွေကို US Aid အမေရိကန် ဖွံံ့ဖြိုးရေး အကူအညီ ပေးတဲ့ အဖွဲ့က ကူညီပေးတာတွေကို စ ခွင့်ပြု လိုက်ပါပြီ။

ဒီတစ်ခေါက် ခရီးစဉ်ထဲမှာ မြန်မာနိုင်ငံက ပြဿနာတွေကို ဖြေရှင်းရာမှာ အမေရိကန်ဘက် က ပို အကူအညီပေးလာ ဖို့ မျှော်လင့် ချက်ရှိတာကိုလည်း ဒေါက်တာ ဖုန်းဝင်း က ဆက်ပြောပါတယ်။ တကယ်တော့ ဂျွန်ဟော့ကင်း တက္ကသိုလ်ကနေ မြန်မာ ကျောင်းသားတွေကို နှစ်ပေါင်းမှာစွာ ပညာသင် ဆုတွေ ပေးလာရာ ကနေ ဒီကျောင်းသားတွေ နဲ့ တက္ကသိုလ် တို့ ပူးပေါင်းပြီး မြန်မာ အစိုးရ နဲ့ တွေ့ဆုံ ဆွေးနွေးလာရာ ကနေ နောက်ဆုံးမှာ တက္ကသိုလ် ပါမောက္ခချုပ် နဲ့ သမ္မတ ဦးသိန်းစိန် တို့ ကိုယ်တိုင် ဖေဖော်ဝါရီလ မှာ တွေ့အပြီး ဆက်ဆံရေး တိုးတက် လာခဲ့ အပြီး အမေရိကန် ဘက်က လည်း ပထမ ဦးစားပေး အဖြစ် ကျန်းမာရေး ဝန်ကြီးကို စတင် ဖိတ်ခေါ်လာခဲ့ တာ ဖြစ်ပြီး နောက်ပိုင်းမှာလည်း အခုလို ခရီးစဉ်တွေ ထပ်ဖြစ်လာဖို့ ရှိတယ် လို့ ဒေါက်တာ ဖုန်းဝင်းက ဆိုပါတယ်။

XS
SM
MD
LG