သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေရောက် မြန်မာတွေ သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ


နော်ဝေရောက် မြန်မာတွေ သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြနေစဉ် ၂၆ ဖေဖော်ဝါရီလ ၂၀၁၃ (ဓာတ်ပုံ - KAN)
နော်ဝေရောက် မြန်မာတွေ သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြနေစဉ် ၂၆ ဖေဖော်ဝါရီလ ၂၀၁၃ (ဓာတ်ပုံ - KAN)
ဥရောပ ၅ နိုင်ငံ ခရီးထွက်လာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အင်္ဂါနေ့က နော်ဝေနိုင်ငံကို ပထမဆုံး ရောက်ရှိလာ ချိန်မှာပဲ နော်ဝေရောက် မြန်မာနိုင်ငံသားတွေက သူ့ကို ဝိုင်းဝန်း ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

နော်ဝေနိုင်ငံ အော်စလိုမြို့က သမ္မတ ဦးသိန်းစိန် တည်းခိုတဲ့ Hotel Continental ရှေ့ မှာ မြန်မာနိုင်ငံသား ၇၀ လောက် သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဘာကြောင့် အခုလို ဆန္ဒပြကြတာပါလဲ။ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသား တဦးဖြစ်တဲ့ ဦးမင်းမင်းဦးက အခုလို ပြောပြပါတယ်။

“အဓိက ရည်ရွယ်ချက် တခုကတော့ မြန်မာနိုင်ငံထဲမှာ တကယ့် ဖြစ်တည်နေတဲ့ အခြေအနေတွေ က နိုင်ငံတကာက ထင်မြင်ထားတဲ့ အခြေအနေမျိုးတွေ မဟုတ်သေးဘူး ဆိုတာတွေကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါပဲ။ အဓိကကတော့ ပြောင်းလဲနေတဲ့ အခြေအနေတွေက တကယ် နိုင်ငံတကာက ထင်မြင်ထားသလိုမျိုး အပြောင်းအလဲတွေ မဟုတ်သေးဘူးဆိုတာ ကို နော်ေ၀ အစိုးရကိုရော သိစေချင်တာရော၊ နိုင်ငံတကာကိုရော သိစေချင်တာရော ရည်ရွယ်တာပါပဲ။”

ဆန္ဒပြနေချိန်မှာ ဦးဆောင် ဆန္ဒပြသူတချို့ကို မထင်မှတ်ဘဲ နော်ဝေနိုင်ငံခြားရေးရုံးက ဖုန်းဆက် လာခဲ့တဲ့အကြောင်းနဲ့ အဲ့ဒီနောက် နော်ေ၀ သံအမတ်တဦး အပါအဝင် သမ္မတ ဦးသိန်းစိန် ခရီးစဉ်နဲ့ အတူ လိုက်ပါလာတဲ့ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းနဲ့ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ် တို့နဲ့ ဆန္ဒပြသူတချို့ တွေ့ခွင့်ရခဲ့တဲ့ အကြောင်းကိုတော့ ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူ တဦးဖြစ်တဲ့ မနန်းကြည်အေးက အခုလို ပြောပြပါတယ်။

“ကျမတို့ ဆန္ဒပြတဲ့ ၄ နာရီ ၄၅ မိနစ်၊ မိနစ် ၅၀ ပတ်ဝန်းကျင်လောက်မှာပေါ့နော် နော်ဝေ
နိုင်ငံခြားရေးဝန်ကြီးရုံးရဲ့ လက်ထောက် တယောက်ကပေါ့နော် သူတို့က ကျမတို့နဲ့ စကားပြောချင်တယ်ဆိုပြီးတော့ အဲ့ဒီ ကျမရယ်၊ ကိုမြင့်အေးရယ်ပေါ့ ၂ ယောက် သူတို့ တည်းတဲ့ ဟိုတယ်ထဲမှာ ခေါ်သွားပါတယ်။ ခေါ်သွားပြီးတော့ ကျမတို့ နှစ်ယောက်က ဗမာပြည်ရဲ့ ဘယ်လိုခေါ်မလဲ minister ပေါ့ ဦးရဲထွဋ်ရယ်၊ ဦးစိုးသိန်းရယ်၊ သူတို့ နှစ်ယောက်နဲ့လည်း စကားသွားပြောတဲ့ အခွင့် ရပါတယ်။ အဲ့ဒီမှာ ကျမတို့ ပြောတဲ့ message ကတော့ အပြင်က ဆန္ဒပြတဲ့ အတိုင်းပဲပေါ့နော်။ ပထမ message ကတော့ ၂၀၀၈ အခြေခံဥပဒေကို ကျမတို့က အပြောင်းအလဲ ဖြစ်စေချင်တယ်။ နောက်တခုကတော့ တန်းတူညီမျှမှုပေါ့နော် တိုင်းရင်းသားတွေရဲ့ အခြေအနေပေါ့ အဲ့ဒီဟာတွေလည်း ကျမတို့ ပြောဖြစ်တယ်။ တိုင်းရင်းသားအခြေအနေဆိုတာက စစ်မှန်တဲ့ နိုင်ငံရေး စကားဝိုင်း အဲ့ဒါကို ကျမတို့က လိုချင်တယ်။ အဲ့ဒါကိုလည်း ကျမတို့က ဆွေးနွေးဖြစ်တယ်ပေါ့နော်။”

သူတို့ဘက်က အခုလို တင်ပြမှုတွေအပေါ်မှာ မြန်မာဝန်ကြီးတွေက ဘယ်လို ပြန်လည် တုံ့ပြန် ခဲ့ပါလဲ။ မနန်းကြည်အေးက အခုလို ဆက်ပြောပြပါတယ်။

“သူတို့ဘက်က တုံ့ပြန်တာကတော့ သူတို့ကတော့ ဒီ ၂၀၀၈ ရဲ့ ဥပဒေကို ပြောတဲ့အခါမှာ သူတို့က ပြောတာကတော့ အချိန်ကတော့ ယူရလိမ့်မယ်ပေါ့။ သူတို့လည်း ပြောင်းချင်ပါတယ်ပေါ့။ ဒီဥပဒေကို။ နောက်ပြီးတော့ သူတို့ တခုခု လုပ်မယ် ကြံလိုက်တိုင်း ကြံလိုက်တိုင်းမှာ ဒီဥပဒေက သူတို့ကိုလည်း အခက်အခဲ ဖြစ်စေတယ်ပေါ့။ ဒါပေမဲ့တဲ့ သူတို့ပြောတာက ဒီဥပဒေကို ပြင်မယ် ဆိုလို့ရှိရင် ဒါ အများသဘောအရ ပါလီမန်မှာပေါ့နော် တင်ရမယ်ပေါ့။ တင်ရပြီးတော့မှ အများသဘောအရ သူတို့က လုပ်ရမယ်ပေါ့နော်။ နောက်တခု ဦးစိုးသိန်းပေါ့နော်။ သူပြောတာ ကျတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးခဲ့တယ်ပေါ့။ ဒီဥပဒေကို ပြင်ဖို့။ ဒီကိစ္စကို တင်ပေးပါပေါ့နော်။ ပါလီမန်ကို တင်ပါပေါ့နော်။ အဲ့ဒါ သူတို့က တင်မယ်ဆိုလို့ရှိရင် သူတို့က မဲ ရှုံးမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ဆက်ပြီးတော့ ကြိုးစားမယ်လို့တော့ ပြောပါတယ်။”

အများပြည်သူ အလုပ်လုပ်တဲ့ ရုံးဖွင့်ရက် ဖြစ်လို့ ဆန္ဒပြသူ များလိမ့်မယ်လို့ မျှော်လင့်မထားပေမဲ့ လူ ၇၀ နီးပါးလောက် ရောက်လာတဲ့အတွက် အားရစရာ လှုပ်ရှားမှုတခု ဖြစ်ခဲ့သလို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်လည်း သူတို့ရဲ့ ဆန္ဒပြမှုကို တွေ့ရှိသွားခဲ့တဲ့အကြောင်း မနန်းကြည်အေးက အခုလို ပြော ပါတယ်။

“ဦးသိန်းစိန်လာတဲ့ schedule တွေ အကုန်လုံးက တကယ့် top secret သူတို့က လုပ်ထားတယ်။ သူတို့က မကြေညာထားဘူးပဲ။ ဘယ်အချိန်မှာ ဦးသိန်းစိန် ဘယ်နားမှာ ရှိမလဲဆိုတာကို။ သူတည်းခိုမယ့် ဟိုတယ် ကိုတောင် ကျမတို့ ဆန္ဒပြခါနီး တရက်လောက် အလိုမှာမှ သိတာ။ အဲ့ဒါနဲ့ သူ တိုက်တိုက်ဆိုင်ဆိုင် သူက တခြား ဟို meeting တခုကနေ ပြန်လာပြီးတော့ တွေ့ဆုံပွဲတခု ကနေ ပြန်လာပြီးတော့ ဒီဟိုတယ်ရှေ့ကို အဝင်ပေါ့နော် အဝင်မှာနဲ့ သွားတိုက်ဆိုင်လိုက်တဲ့အခါ မှာတော့ ကျမတို့ရဲ့ ဆန္ဒပြတာကို သူကိုယ်တိုင်လည်း ကြားသွားတယ်။ သူကိုယ်တိုင်လည်း သိသွားတယ်ပေ့ါနော်။”

နော်ဝေအစိုးရအနေနဲ့ကတော့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ပိုပြီး အားသန်နေချိန်ဖြစ်လို့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တကယ်တမ်း လက်တွေ့မှာ ပြောင်းလဲသင့်သလောက် မပြောင်းလဲသေးဘူးဆိုတာကို နော်ဝေအစိုးရကိုရော
နော်ဝေနိုင်ငံသားတွေကိုပါ သိစေချင်တဲ့အတွက် အခုလို ဆန္ဒပြခဲ့ကြတဲ့အကြောင်းလည်း ဦးမင်းမင်းဦးက ပြောပါတယ်။

မနေ့က နော်ဝေနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နော်ေ၀ ဝန်ကြီးချုပ် အပါအဝင် နော်ဝေအစိုးရ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် သမ္မတအဖြစ် ပထမဆုံး သွားရောက်တဲ့ ဒီ ဥရောပခရီးစဉ်အတွင်း နော်ဝေနိုင်ငံမှာ ကြာသပတေး
နေ့အထိ ရှိနေမှာဖြစ်ပြီးတော့ အဲ့ဒီနောက် ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနဲ့ အီတလီ
နိုင်ငံတွေကိုလည်း ခရီဆက်ဦးမှာ ဖြစ်ပါတယ်။
XS
SM
MD
LG