သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင် အာဖရိကရောက်မြန်မာတွေ မန်ဒဲလားအတွက် လွမ်းသူ့ ပန်းခွေပို့


ကွယ်လွန်သူ တောင်အာဖရိကခေါင်းဆောင်ဟောင်း
မန်ဒဲလားအတွက် လွမ်းသူပန်းများ ဂုဏ်ပြုနေကြစဉ်။ (ဒီဇင်ဘာလ ၆၊ ၂၀၁၃)
ကွယ်လွန်သူ တောင်အာဖရိကခေါင်းဆောင်ဟောင်း မန်ဒဲလားအတွက် လွမ်းသူပန်းများ ဂုဏ်ပြုနေကြစဉ်။ (ဒီဇင်ဘာလ ၆၊ ၂၀၁၃)
အခုလို ကွယ်လွန်သွားတဲ့ တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား အတွက် တောင်အာဖရိကနိုင်ငံ ကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း မန်ဒဲလား ကွယ်လွန်တဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် လွမ်းသူ့ပန်းခွေသွားချပြီး အမှတ်တရ ဂုဏ်ပြုဖို့ စီစဉ်နေကြပါတယ်။ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးခေါင်းဆောင် နယ်လဲဆင်မန်ဒဲလားရဲ့ အစဉ်အလာကြီးမားတဲ့ သမိုင်းကြောင်းတွေကို ဂုဏ်ပြုဖို့ဖြစ်ပြီး မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုမှာ လည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နယ်လဲဆင် မန်ဒဲလားရဲ့ နိုင်ငံရေး သြဇာကြီးမား သက်ရောက်မှုတွေ ရှိခဲ့တဲ့အတွက် အခုလိုလွမ်းသူ့ပန်းခွေချပြီး သွားအလေးပြုကြမှာဖြစ်တယ်လို့ တောင် အာဖရိကနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူ ဒေါက်တာသိန်းဝင်းက ပြောပါတယ်။

"မန်ဒဲလား ရုပ်အလောင်းရှိတဲ့ စစ်ဆေးရုံကိုသွားဖြစ်မလား မသိဘူးပေါ့။ Johannesburg မှာရှိတဲ့ သူ့အိမ်ကိုသွားဖြစ်မလား။ ဒါမှမဟုတ်ရင် Pretoria က သမ္မတရုံးပေါ့နော် Union Building ကိုသွားဖြစ်မလား မသိဘူး။ ကျနော်တို့သွားဖို့ပါ။ သွားရင်တော့ ကျနော်တို့က မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ တောင်အာဖရိကနိုင်ငံ ကိုယ်စားရယ်၊ မြန်မာပြည်သူလူထုရဲ့ ကိုယ်စားရယ်၊ နောက်တစ်ခုက ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စားရယ် သမ္မတ မန်ဒဲလားကို လာရောက်ပြီး ဂါဝရပြုတယ်ဆိုတာလုပ်ဖို့ပါ"

လူမည်းခေါင်းဆောင် မန်ဒဲလား ကွယ်လွန်သွားတာကို ကြေညာ လိုက်တဲ့အချိန်မှာ တောင်အာဖရိကနိုင်ငံတဝှမ်း က ပြည်သူတွေရဲ့ ခံစားချက်တွေနဲ့ မြင်ကွင်းကိုလည်း ဒေါက်တာသိန်းဝင်းက အခုလိုပြောပြပါတယ်။

"နယ်ဆင် မန်ဒဲလားရဲ့ ရုပ်အလောင်းဟာ Pretoria မှာရှိတဲ့ စစ်ဆေးရုံကို ရွှေ့လိုက်တယ်လို့ကျနော်ကြားပါတယ်။ ဒါမှာကတော့ Johannesburg ကော Cape Town ရော Bloemfontein ရော ဒီမြို့ကြီးတွေမှာ ဝက်ဝက်ကွဲနေတယ် ပြောရမှာပေါ့နော်။ အားလုံးဟာ အုတ်အော်သောင်းနင်းနဲ့ အကုန်ဖြစ်နေတာပေါ့။ မနေ့က ဆိုလို့ရှိရင် ကျနော်တို့ နယ်ဆင် မန်ဒဲလား ဆုံးတယ်လို့ ကြားကြားချင်း တီဗွီမှာ ကျနော်တို့တွေ့တာ့ သူ့ရဲ့အိမ်ပေါ့နော် Johannesburg မှာရှိတဲ့ သူ့ရဲ့အိမ်မှာ လမ်းမပေါ်မှာ လူထုတွေ အများကြိးရောက်လာတယ်။ နောက်ပြီးတော့ Sikhumbuzo ဆိုတဲ့ လူမဲရပ်ကွက်အကြီးဆုံးပေါ့ ညကတည်းက အခမ်းအနားတွေ လူထုတွေ မန်ဒဲလားနဲ့ ပါတ်သက်တဲ့ သီချင်းတွေ ဆိုကြတယ်။ နောက်ပြီးတော့ တော်လှန်ရေး ကာလက တိုက်ပွဲ သီချင်းတွေဆိုကြတယ်။ ပြီးတော့ဂုဏ်ပြုတာတွေ ကျနော်တို့တွေ့ရတယ်။"

အခုလိုမျိုး အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေးခေါင်းဆောင် နယ်ဆင် မန်ဒဲလား ကွယ်လွန်သွားရတဲ့ အပေါ်မှာ လူမည်းပြည်သူတွေတင်မကဘဲ လူဖြူတွေကပါ ဝမ်းနည်းကြောင်း အတူတကွ ပြသခဲ့ကြတာမြင်ခဲ့ရတယ်လို့ ဒေါက်တာ သိန်းဝင်းက အခုလိုပြောပြပါတယ်။

"ပိုပြီး ကြည်နူးဖို့ကောင်းတာက လူထုက အမည်းလူထုပေါ့နော် လူမည်းအများစုက လုပ်တဲ့နေရာမှာ လူဖြူတွေ အများကြီးက ပါဝင်တာကိုကျနော်တို့တွေ့ရတယ်။ သာမန်လူဖြူတွေဟာလည်း လူမည်းတွေနဲ့ အတူ သီချင်းဆိုကြတယ်။ ကကြတယ်။ လူဖြူတွေကိုယ်တိုင်က အများကြီးကနေပြီးတော့ အသိအမှတ်ပြု တယ်ပေါ့ဗျာ။ အခု ကွယ်လွန်သွားတဲ့ နယ်ဆင် မန်ဒဲလားကို သူ့ကြောင့်သူတို့ တိုင်းပြည်ဟာ အေးချမ်းသွားရတယ်ပေါ့။ ကျေးဇူးတင်တယ်အကြောင်းဆိုတာလုပ်ကြတယ်။ နောက်တစ်ခါ ဒီ Cape Town မှာလည်း ကျနော်တို့ မြန်မာလူထုသိတဲ့ The Arts Institute မှာ ဒစ်မွန်တူးတူးက ဒီမနက်မှာ ဆုတောင်းပွဲ လုပ်တဲ့အခါကျတော့ မန်ဒဲလား အကြောင်းကိုပြောကြတယ်ပေါ့လေ။ မြို့တိုင်းမှာ နယ်လ်ဆင် မန်ဒဲလားနဲ့ပါတ်သက်လို့ ကိုယ့်ဆိုင်ရာဆိုင်ရာတွေကရော တစ်ဦးချင်းကရော ဂုဏ်ပြုကြတာမျိုးတွေ အခုလောလောဆယ်ရှိနေကြပါတယ်ခင်ဗျ"

ဒါကတော့ တောင်အာဖရိကပြည်သူတွေအပါအဝင် သူ့ကိုလေးစားချစ်ခင်ကြတဲ့ လူတော်တော်များများ နောက် တောင်အာဖရိကနိုင်ငံရောက်မြန်မာနိုင်ငံ သားတွေကပါ နယ်လ်ဆင်မန်ဒဲလား အပေါ် လွမ်းသူ့ပန်းခွေချ အလေးပြု ဂုဏ်ပြုနေကြတာဖြစ်ပါတယ်။
XS
SM
MD
LG