သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာနယ်ဇင်းကောင်စီ ဘယ်လဲ ဘာလဲ


မြန်မာအစိုးရက ဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ စာနယ်ဇင်းကောင်စီဟာ စာနယ်ဇင်းသမားတွေအတွက် မဟုတ်ဘဲ စာပေ စိစစ်ရေးအဖွဲ့ လိုမျိုး ရပ်တည်လုပ်ဆောင်မယ့်သဘော တွေ့နေရတယ်လို့ ပြည်တွင်း စာနယ်ဇင်းသမားတွေက ပြောကြပါတယ်။ အဲဒါကြောင့် လည်း လက်ရှိ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စာနယ်ဇင်းအဖွဲ့တွေထဲမှာ ဘယ်အဖွဲ့ကမှ စာနယ်ဇင်းကောင်စီမှာ ပါဝင်ရေး ဆုံးဖြတ်ချက် မကျသေးပါဘူး။ စာနယ်ဇင်းကောင်စီအပေါ် လွတ်လပ်တဲ့ စာနယ်ဇင်းအဖွဲ့အသီးသီးရဲ့ သဘောထားတွေကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

စာနယ်ဇင်းကောင်စီနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ပေးထားတဲ့အချက်တွေထဲမှာ လက်ခံနိုင်တဲ့အချက်တွေ ပါသလို မသင့်တော်ဘူးလို့ ထင်တဲ့အချက်တွေ ပါနေတာကြောင့် ပြင်ဆင်ပေးရေး အကြောင်းပြန်ဖို့ ဆုံးဖြတ်ထားတဲ့အဖွဲ့ကတော့ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း ဖြစ်မြောက်ရေးကော်မတီ MJA ပါ။ မေလ ၁၆ ရက်နေ့က ပြုလုပ်တဲ့ ကော်မတီရဲ့ အစည်းအဝေးအတွင်း အဲဒီလို ဆုံးဖြတ်ခဲ့ကြတာပါ။

ဘယ်လိုအချက်မျိုးတွေကို မသင့်တော်ဘူးလို့ မြင်တာလည်းဆိုတာကိုတော့ ကော်မတီရဲ့နာယကတဦးဖြစ်သူ ဝါရင့် သတင်းစာ ဆရာ ဦးစိုးသိမ်း ခေါ် မောင်ဝံသ က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“ဒီစာနယ်ဇင်းကောင်စီဆိုတာကလည်း ဘာပဲပြောပြော ကျနော်တို့ သတင်းမီဒီယာအဖွဲ့အစည်းပဲ၊ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်း၊ နောက် စာနယ်ဇင်းအားလုံးကို သက်ဆိုင်တဲ့ အကျုံးဝင်တဲ့ အဖွဲ့အစည်းဖြစ်တော့ တကယ်ကတော့ စာနယ်ဇင်း သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်တာ၊ စာနယ်ဇင်းသမားတွေရဲ့ စာပေလွတ်လပ်ခွင့်ပေါ့၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဆောင်ရွက်ပေးတာ၊ အဲဒါနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးတဲ့၊ ညှိနှိုင်းဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းမျိုး ဖြစ်သင့်တယ်။ အခုကတော့ စာပေစီစစ်ရေးနေရာမှာ စာပေစီစစ်ရေးရဲ့လုပ်ငန်းတွေကို ယာယီအစားထိုးပြီး ဝင်လုပ်ရတဲ့ အချက် အလက်တွေ အဲ့ဒီလိုပါနေတာ တွေ့ရတယ်။ အဲဒါကြောင့် ဒါတွေကတော့ဖြင့် မသင့်ဘူးလို့ အဲဒီလို အကြံပြုမယ်လို့ စဉ်းစားထား ပါတယ်။”

တကယ်လို့သာ သူတို့ ပြင်စေချင်တဲ့အချက်တွေ အကုန်လုံးကို ဝန်ကြီးဌာနဘက်က မပြင်ဆင်ပေးခဲ့ ဘူးဆိုရင်တော့ ကောင်စီမှာ ပါဝင်ဖို့ ခက်လိမ့်မယ်လို့လည်း ဦးဝံသ က ပြောပါတယ်။

တခါ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းသမဂ္ဂ MJU အနေနဲ့လည်း ကောင်စီမှာပါဝင်ရေးကိစ္စ ကို လောလောဆယ်မှာ ဆုံးဖြတ်ထားတာ မရှိသေးဘူးလို့ သမဂ္ဂ ထူထောင်သူတွေထဲမှာ တဦးအပါအဝင်ဖြစ်တဲ့ အယ်ဒီတာ ကိုဇော်သက်ထွေးက ဗွီအိုအေ ကို ပြောပါတယ်။ ဒါ့အပြင် ကောင်စီကို ဖွဲ့စည်းတဲ့ ရည်ရွယ်ချက်နဲ့ သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေက ကွဲပြားနေတာ ကြောင့် ပါဝင်ဖို့ခက်မယ်လို့ ဆိုပါတယ်။

“အခုအတိုင်းဆိုရင်တော့ စာနယ်ဇင်းကောင်စီမှာ ကျနော်တို့က တက်တက်ကြွကြွနဲ့ ပါဖို့ အလားအလာ နဲပါတယ်။ ဘာလို့လဲဆို တော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပြီးတော့ ထင်သာမြင်သာရှိတဲ့ အချက် (၂) ချက်ပါ၊ နံပါတ်တစ်က Freedom Of Expression ဆိုတဲ့ လွတ်လပ်စွာရေးသားခွင့်ကို ကာကွယ်ဖို့နဲ့ Defend to the all of Journalists ပေါ့ဗျာ၊ ဒီဂျာနယ်လစ် အားလုံးကို ကာကွယ်စောင့်ရှောက်ဖို့ပါ၊ အဲဒီတော့ ဒီအချက် (၂) ချက်ကိုပဲ ကျနော်တို့က ဆောင်ရွက် မှာ ဖြစ်တဲ့အခါကျတော့ ဒီလိုမျိူး National Press Council မှာလိုမျိူး ပါပြီးတော့ စာပေအဖွဲ့တွေရဲ့ ထိန်းညှိဖို့ လုပ်ကိုင်ဆောင်ရွက်ဖို့ ဆိုတဲ့နေရာမှာတော့ ကျနော်တို့ အဖွဲ့ရဲ့ အဓိပ္ပါယ်နဲ့ ကွာခြားသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ကတော့ ဒီအပေါ်မှာ ပါဝင်ဖို့ ခဲယဉ်းပါတယ်။”

လက်ရှိမှာ ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာဥပဒေမူကြမ်းတခုကို ရေးဆွဲပြုစုနေဆဲဖြစ်ပြီး ဇွန်လအတွင်း ပြန်ကျင်းပဖို့ရှိတဲ့ လွှတ်တော်အစည်းအဝေးမှာ တင်ပြဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ သတင်းမီဒီယာဆိုင်ရာ ဥပဒေတရပ် အခိုင်အမာ ထွက်မလာသေး တဲ့အတွက် ကောင်စီမှာပါဝင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆုံးဖြတ်လိုက်တဲ့အဖွဲ့ကတော့ မြန်မာဂျာနယ်လစ်ကွန်ယက် MJN ပါ။ သူတို့ကွန်ယက်ကလည်း မေလ ၁၆ ရက်နေ့မှာပဲ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စာနယ်ဇင်းကောင်စီ ဆိုတာဟာ အစိုးရက ကြီးမှူးဖွဲ့စည်းရမှာမဟုတ်ဘဲ စာနယ်ဇင်းသမားတွေကသာ လွတ်လွတ် လပ်လပ် ဖွဲ့စည်းရမှာဖြစ်တယ်လို့ သူတို့ကွန်ယက်က သဘောရပါတယ်။ စာပေစိစစ်ရေးအဖွဲ့လို လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး တွေ့ရတဲ့အတွက်လည်း လက်မခံနိုင်ဘူးလို့ ကွန်ယက်ရဲ့ ကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုထက်နိုင်ဇော်က ဗွီအိုအေ ကို ပြောပါတယ်။

“အဲဒီအချက်တွေကို ကျနော်လက်မခံ နိုင်ပါဘူး။ အဲဒီထဲမှာ ၁၉၆၂ ပုံနှိပ်သူများ ဥပဒေပေါ့၊ ဥပဒေနဲ့အညီ ပြည်တွင်းမှာရှိတဲ့ စာပေတွေကို ကြပ်မတ် စိစစ်ဖို့ ကောင်စီက လုပ်ရမယ်လို့ တာဝန်တွေမှာပါတယ်။ အဲဒီတာဝန်တွေကိုကျနော်သဘောမကျဘူး။”

ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးကျော်ဆန်းက ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာ အဖွဲ့အသီးသီး ကပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး ထုတ်ေ၀ မယ့်စာတွေကို စာပေစိစစ်ရေးအဖွဲ့ကနေ စိစစ်ဖြတ်တောက်တာမျိုး လုပ်နေတာတွေကို မကြာခင်မှာ ရပ်ဆိုင်းတော့မယ့် အကြောင်း၊ လာမယ့် ဇွန်လအတွင်းမှာ Press Council လို့ပြောနေတဲ့ စာနယ်ဇင်းကောင်စီတခု ဖွဲ့စည်းမယ့်အကြောင်းနဲ့ အဲဒီ စာနယ်ဇင်းကောင်စီထဲမှာ ကိုယ်စားလှယ် ၆ ဦးစီ ပေးပို့ဖို့ဆိုတဲ့ကိစ္စတွေကို ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီ MJA၊ မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂ MJU နဲ့ မြန်မာဂျာနယ်လစ်ကွန်ယက် MJN တို့က သူတို့ရဲ့ သဘောထားတွေကို အခုလို ထုတ်ပြောလာကြတာပါ။

စာပေကင်ပေတိုင်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စိစစ်ရေးအဖွဲ့က စိစစ်တာမျိုးတွေ မလုပ်တော့တဲ့အပေါ် စာနယ်ဇင်းလောက သားတွေက ကြိုဆိုကြပေမဲ့လည်း အဲ့ဒီအစား အခု စာနယ်ဇင်းကောင်စီဆိုတာမျိုးကနေ တဆင့် ထိန်းချုပ်လာမှာမျိုးကို စိုးရိမ်နေ ကြတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG