သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ သတင်းထောက်တွေ လွတ်ရေး သမ္မတထံ ဆန္ဒပြ တောင်းဆိုမည်


မြန်မာ သတင်းသမားများ ဆန္ဒပြခဲ့ကြစဉ်။ (ဇန်နဝါရီလ ၇၊ ၂၀၁၄)
မြန်မာ သတင်းသမားများ ဆန္ဒပြခဲ့ကြစဉ်။ (ဇန်နဝါရီလ ၇၊ ၂၀၁၄)

မြန်မာနိုင်ငံမှာ စာနယ်ဇင်း၊ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးပြီး နှစ်ရှည်ထောင် ဒဏ်တွေ ချမှတ်နေတဲ့ သမ္မတဦးသိန်းစိန်အစိုးရကို ကန့်ကွက်ဆန္ဒပြဖို့ ပြည်တွင်း မီဒီယာ သမားတွေက ပြင်ဆင်နေကြပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ MPC ငြိမ်းချမ်းရေး စင်တာက သမ္မတ ဦးသိန်းစိန်နဲ့ အနုပညာရှင်တွေ ရဲ့တွေဆုံပွဲမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြမှာဖြစ်တယ်လို့ သတင်းထောက်တွေ က ပြောပါတယ်။ ဒါအပြင် ဆန္ဒပြမယ့် သတင်းထောက်တွေကို ဖမ်းဆီး အရေးယူမယ်ဆိုပြီး ငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူတဦးကနေ ခြိမ်းခြောက် ထားတယ်လို့လည်း သတင်းထောက်တွေက ဆိုပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကပြောပြမှာပါ။

ဒါနဲ့ ပတ်သက်လို့ အသေးစိတ်သိရအောင် မြန်မာနိုင်ငံဂျာနယ်လစ်ကွန်ရက် (MJN)အဖွဲ့ဝင် သတင်းထောက် ကိုထက်ခေါင်လင်းကို မေးမြန်းကြည့်တော့-

"ကျနော်တို့ MJN အဖွဲ့ရဲ့ တာဝန်ရှိသူတချို့တွေနဲ့ MPC ဘက်က အရာရှိတစ်ဦးက ဖုန်းဆက်ပြီးတော့ လှမ်းပြောတာပေါ့နော်။ မနက်ဖြန်ကို MPC ပွဲမှာပေါ့နော် သမ္မတလာမယ့် MPC ပွဲမှာ ကျနော်တို့ သတင်းသမားတွေက ဒီလိုမျိုး ကမ်ပိမ်းလုပ်မယ့် အကျီမျိုးကို ဝတ်ဆင်ထားမယ်ဆိုရင် သူတို့က ဝင်းထဲကို ပေးမဝင်ဘူး ဆိုတဲ့ အကြောင်း၊ နောက်ပြီးတော့ ကျနော်တို့က ဝင်းထဲမှာ တခုခု Action တခုခု လုပ်မယ်ဆိုလို့ရှိရင် သူတို့ ပရဝဏ်ဖြစ်တဲ့အတွက် ကျနော်တို့ကို ဥပဒေအရ အရေးယူနိုင်တယ်ဆိုတဲ့အကြောင်းကို လှမ်းပြောတယ်ဆိုတဲ့ သတင်း စကားကိုလည်း ကျနော် ကြားရတယ်။"

ဒါ့အပြင် သမ္မတရုံးကတာဝန်ရှိသူတဦးကလည်း သမ္မတကို ဆန္ဒပြတာမျိုးမလုပ်ဖို့ တယ်လီဖုန်းကနေတဆင့်ဆက်သွယ် တားမြစ်ခဲ့တယ်လို့ ကိုထက်ခေါင်လင်းကဆိုပါတယ်။ ဘယ်လိုပဲ တားမြစ်မှုတွေရှိပါစေ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နေတဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း ကန့်ကွက်ဆန္ဒပြမှာဖြစ်တယ်လို့ အလွတ်သတင်းထောက် မအိမွန်ကျော်ကပြောပါတယ်။

" ဖြစ်နိုင်လို့ရှိရင် ဝင်လို့ရတဲ့သူက ဝင်မယ်။ သတင်းယူချင်တဲ့သူ ယူ၊ မယူချင်တဲ့သူက တစ်ယောက်ချင်းစီ ဝင်ကြမယ်ပေါ့။ တစ်တိုက် တစ်ယောက်စီ ဟိုမှာ ထိုင်နေမယ်။ ထိုင်နေပြီးတော့ ဒီအတိုင်း ဘာမှလည်း မနှောင့်ယှက်ဘူး။ ဘာဝတ်စုံမှလည်း ဝတ်ထားမှာ မဟုတ်ဘူး။ သူတို့ ဒီသတင်းမယူဘူးပေ့ါနော်။ သဘောကတော့ ဒီနိုင်ငံတနိုင်ငံမှာ သမ္မတကို အယုံအကြည် မရှိတော့ဘူးဆိုလို့ ရှိရင် ဆန္ဒထုတ်ဖော်လို့ရတယ်လို့ တခြားမီဒီယာသမားတွေက အကြံပေးတယ်။ အဲ့ဒီ့သတင်းကို မယူဘူး ဒီအတိုင်းထိုင်နေမယ်။ အပြင်က ဒီ MPC ဝင်တဲ့လမ်း ရွှေလီလမ်းကို ပိတ်ထားမယ်ဆိုရင် ရွှေလီလမ်းအပြင်ကနေ ဝတ်စုံတွေနဲ့ နေမယ်။ တကယ်လို့ ရွှေလီလမ်းကို ဝင်လို့ရရင် MPC အရှေ့မှာနေပြီးတော့ ဝတ်စုံတွေနဲ့နေမယ်။ မီဒီယာသမားတွေ ဆန္ဒကိုပြဖြစ်အောင်ပြမှာပါ။"

မေး။ ။ အဲ့တော့ မြန်မာပြည်တွင်းမှာ ရှိတဲ့ မီဒီယာသမားတွေအနေနဲ့ အခုလက်ရှိမြန်မာနိုင်ငံက အခုလို သတင်းလွတ်လပ်ခွင့်လျော့နည်းလာပြီးတော့ အခုလိုခြိမ်းခြောက်ခံရတယ်။ မီဒီယာသမားတွေ စိုးရိမ်နေရတဲ့အနေအထားတွေအပေါ်မှာ ဘယ်လိုဆက်လုပ်ဖို့ အစီအစဉ်ရှိလဲရှင့်။

"အခုကတော့ သူတို့က လုပ်ပြတာပေါ့နော် အရှေ့ကနေ DVB သတင်းထောက်ကို ဖမ်းတယ်။ Eleven က ကောင်မလေးကို ဖမ်းပစ်တယ်။ လာမထိနဲ့ ထိလို့ရှိရင် ဒီလိုမျိုးဖြစ်မယ်ဆိုတဲ့သဘောမျိုး။ ညီမတို့ သတင်းသမားတွေက သတင်းလွတ်လပ်ခွင့်တောင်းတယ် ဆိုတာက ပရမ်းပတာ လုပ်ချင်တိုင်းလုပ် ရေးချင်တိုင်း ရေး ဖို့ ညီမတို့က တောင်းနေတာမဟုတ်ဘူး။ ကိုယ်ရသင့်ရထိုက်တာ ကိုယ်ဖော်ပြသင့်တာ ဖော်ပြနိုင်ဖို့ အတွက် တောင်းနေတာ။

မီဒီယာသမားတွေက အခု ညီမတို့ မီဒီယာသမားကို ဆယ်နှစ်ချလို့ ဆန္ဒပြပွဲတွေ လုပ်မယ်ဆိုပြီးတော့ အစိုးရဘက်ကနေ တန်ပြန်တိုက်ဖို့ Facebook ကနေ တိုက်ဖို့ တောင်းဆိုနေတာ တကယ် တရားမျတတဲ့ တရားမဏ္ဍိုင်ဖြစ်ဖို့ တောင်းဆိုနေတာ။ တကယ်အခုဖြစ်နေတဲ့ အစိုးရနဲ့ မီဒီယာသမားတွေ ထိပ်တိုက်တွေ့ပြီးဖြစ်နေတာ။ အခုလည်း လက်နက်စက်ရုံကိစ္စဆိုလည်း စွဲလို့ရတယ်။ သူတို့ကို ထောင်လည်းချလို့ရတယ်။ ဒါပေမဲ့ ဒီဆယ်နှစ်ဆိုတာချည်းက မဖြစ်သင့်တဲ့ဟာမျိုးကို ညီမတို့ဘက်က မခံနိုင်ဖြစ်ကြတာပေါ့နော်။"

ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက်လေးဦး ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဇူလိုင်(၁၀)ရက်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့တာပါ။

အခုလို သတင်းမီဒီယာသမားတွေကို ရာဇဝတ်ပြစ်မှုပုဒ်မတွေနဲ့ အရေးယူတာမျိုး မလုပ်ပဲ အကျဉ်းကျနေတဲ့ သတင်းထောက်တွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ မီဒီယာလွတ်လပ်ခွင့် အာမခံချက်ပေးဖို့ သမ္မတဦးသိန်းစိန်ကို အိတ်ဖွင့်ပေးစာ ပေးဖို့ သတင်းမီဒီယာအဖွဲ့တွေက ပြင်ဆင်နေကြပါတယ်

XS
SM
MD
LG