သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့် စစ်အုပ်ချုပ်ရေး သတင်းသမားတွေ စိုးရိမ်


စစ်အုပ်ချုပ်ရေး လောက်ကိုင်ဒေသ။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅)
စစ်အုပ်ချုပ်ရေး လောက်ကိုင်ဒေသ။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅)

တိုက်ပွဲဖြစ်ပွါးနေတဲ့ ရှမ်းပြည်နယ်လောက်ကိုင်ဒေသဘက်မှာ မြန်မာအစိုးရစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲတွေအကြား သတင်းရယူဖို့သွားမယ့် သတင်းသမားတွေကို တပ်မတော်ကနေ လုံခြုံရေး ယူပေးဖို့ မြန်မာဂျာနယ်လစ် ကွန်ယက် MJNကနေ တောင်းဆို လိုက်ပါတယ်။ လောလောဆယ်မှာ လောက်ကိုင်ဒေသကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေတွေနဲ့ ငြိစွန်းမယ် ဆိုရင် စစ်ခုံရုံးက စစ်ဆေးသွားမှာဖြစ်တဲ့ အကြောင်းလည်း ဖော်ပြထား ပါတယ်။ လောက်ကိုင်နယ်မြေအတွင်းက စစ်ရေး နဲ့ သတင်းမီဒီယာ လှုပ်ရှားခွင့်တွေ အကြောင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန် က စုံစမ်းတင်ပြထားပါတယ်။

ရှမ်းပြည်နယ် ကိုးကန့် အထူးဒေသတွင်း စစ်ဥပဒေအရ အုပ်ချုပ်နေတဲ့ကာလမှာ တရားစီရင်ရေးအပိုင်းက ပြစ်မှု ဥပဒေထဲမှာ သတင်းမီဒီယာပြစ်မှုတွေလည်း ပါဝင်နေပါတယ်။ အခုလိုစစ်အုပ်ချုပ်ရေးအရ ဒေသတွင်း သတင်းမီဒီယာကန့်သတ်မှု ခံနေရတဲ့အပေါ်မှာ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN) အထွေထွေအတွင်းရေးမှုး ဦးမြင့်ကျော်က အခုလိုပြောပါတယ်။

" ကျနော်တို့ အုပ်ချုပ်ရေးအာဏာပိုင် တပ်လို အသေရေဖျက်မှုလို ကိစ္စ မျိုးကို နည်းဥပဒေ ထည့်ထားလည်းဖြစ်နိုင်တယ်။ နောက်တခုက လူမျိုးတမျိုးနဲ့ တမျိုး၊ အုပ်စုတစုနဲ့ တစုနဲ့ကြားမှာ လူမျိုး ဘာသာမတူတဲ့ကြားမှာ လှုံ့ဆော်ရေးသားတာ သတင်းမီဒီယာဥပဒေထဲမှာ ပါတယ်။ အဲ့ဒီ့ဟာ နှစ်ခုအပေါ်မှာ ရည်ရွယ်ပြီးတော့ ထည့်ထားတယ်လို့ ကျနော်ထင်တယ်ပေါ့။ စစ်အုပ်ချုပ်ရေးကတော့ ဘယ်ဟာကမကောင်းဘူးပေါ့။ စစ်အုပ်ချုပ်ရေးဆိုတာ လွတ်လပ်ခွင့်တွေအကုန်လုံးကို ကန့်သတ်ခံလိုက်ရတယ်။ အဲ့ဒီ့အောက်မှာ မျှတတဲ့ တရားစီရင်ရေးတွေ သွားတောင်းဆိုလို့ မလွယ်တဲ့ အနေအထား။"

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဖေဖေါ်ဝါရီ(၁၈)ရက်နေ့က ထုတ်ပြန်ချက်အရ သတင်းမီဒီယာဥပဒေအရ ပြစ်မှုတွေ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း ဥပဒေအရပြစ်မှုတွေကို စစ်ခုံရုံးကနေ စစ်ဆေးသွားမယ်ဆိုတဲ့ အချက်လည်း ပါရှိနေပါတယ်။ လက်ရှိအနေအထားအရ ရှမ်းပြည်နယ် ကိုးကန့် အထူးဒေသလောက်ကိုင် ဘက်မှာ မြန်မာတပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့ တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွါးနေပြီး တိုက်ပွဲကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတယ်ဆိုပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကနေ ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့ကစပြီး စစ်အုပ်ချုပ်ရေးသုံးလ အုပ်ချုပ်သွားဖို့ တပ်မတော်ကို တာဝန်လွဲအပ်ခဲ့ပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်ခံနေရတဲ့ဒေသတခုလဲဖြစ်နေပါတယ်။

ဒါ့အပြင် သတင်းမီဒီယာသမားတွေအနေနဲ့ တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်မေးမြန်းပြီး သတင်းဖေါ်ပြရင် တည်ဆဲ ဥပဒေအရ မတရားအသင်း အက်ဥပဒေနဲ့ ငြိစွန်းနေတယ်လို့လည်း သတင်းတွေ ပေါ်ထွက်နေပါတယ်။ အခုလို မတရားအသင်း အက်ဥပဒေနဲ့ ငြိစွန်းနေတယ် ဆိုပြီး သတင်း ထွက်ပေါ်လာတာဟာ ကိုးကန့်ဒေသ အတွင်း စစ်အုပ်ချုပ်ရေး ကာလမှာ သတင်းဝါဒဖြန့်ချီမှုကို ကန့်သတ် တားမြစ်မှုတခုလို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ဦးကြည်မြင့်က အခုလိုပြောပါတယ်။

"လောက်ကိုင်ဒေသမှာ သူတို့စစ်ဆင်ရေးလုပ်တဲ့အခါမှာ သူတို့က အပြတ်ချေမှုန်းပစ်ဖို့ ရည်ရွယ်တဲ့အခါမှာ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့လည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဘာတွေ ဖြစ်လာလိမ့်မယ် သူတို့ဘက်က အဲ့တာတွေကို ကာကွယ်ဖို့လည်း ဖြစ်အောင် တဖက်က သူတို့ဝါဒဖြန့်ချီရေး လုပ်တာကို တားတဲ့အနေနဲ့ အထူးသဖြင့် ကိုးကန့်ကိစ္စမှာ ဒီဥစ္စာကို ထုတ်ပြောလာတယ်လို့ ကျနော်ကတော့ အဲ့လိုမြင်တယ်ဗျာ။"

စစ်အုပ်ချုပ်ရေး ဥပဒေအရ အနည်းဆုံးထောင်ဒဏ် (၃)လကနေ အများဆုံးသေဒဏ် အထိ စီရင်ပိုင်ခွင့်ရှိတဲ့ ပြစ်မှု အမျိုးအစားထဲမှာ သတင်းမီဒီယာ ဥပဒေအရပြစ်မှုတွေလည်း အကြုံးဝင်နေပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ပြောင်းလဲမှု အတော်အတန်ရှိနေပြီးလို့ ပြောဆိုနေပေမဲ့လဲ သတင်းမီဒီယာသမားတွေအနေနဲ့ သတင်းရေးသားမှုအတွက် ဘက်မျှမှုရှိအောင်ရေးသားနိုင်ဖို့အတွက် အစိုးရအပါအဝင် ဌာနဆိုင်ရာတွေ ကနေ တွေ့ဆုံ မေးမြန်းချက်ကိုဖြေကြားဖို့ အချက်တွေအပေါ် အခက်ခဲ ရှိနေဆဲလို့ မြန်မာဂျာနယ်လစ်ကွန်ယက်မှ အထွေထွေအတွင်း ရေးမှုး ဦးမြင့်ကျော်ကပြောပါတယ်။

"ဝန်ကြီးဌာန၊ အာဏာပိုင်တွေ အဲ့ဒီ့အထဲမှာလည်း မပြောရဲတဲ့သူတွေလည်း အများကြီးရှိနေသေးတာပေါ့နော်။ သူတု့ိတွေရဲ့ အလုပ်ကို ထိခိုက်မှာစိုးလို့၊ သတင်းရယူဖို့ ခက်ခဲနေတုန်းပဲ။ သတင်းသမားတွေ ဘက်က လိုလားတဲ့အခြေအနေတရပ်တော့ မရောက်သေးဘူး။"

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ(၁၇)ရက်နေ့တုန်းက စစ်ဖြစ်ပွါးရာ လောက်ကိုင်ဒေသမှာ ဒုက္ခသည်တွေကို ကယ်ဆယ်တဲ့ကြက်ခြေနီယာဉ်တန်းတွေ တိုက်ခိုက်မှုခံခဲ့ရပြီး ကြက်ခြေနီအဖွဲ့တွေနဲ့ ခရီးသည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီယာဉ်တန်း ထဲမှာ သတင်းထောက်အချို့နဲ့ ဓါတ်ပုံ သတင်းထောက်အချို့လဲ ပါဝင်ခဲ့ပါတယ်။

သတင်းသမားတွေအနေနဲ့ မိမိတို့ လုံခြုံရေးအတွက် အကာအကွယ် ကြိုတင်ပြင်ဆင်မှု ပြုလုပ်သွားဖို့နဲ့ သက်ဆိုင်ရာ သတင်းဌာနနဲ့ တိုင်ပင်ပြီး သတင်း သွားရောက်ယူဖို့ကိုလည်း မြန်မာ ဂျာနယ်လစ်ကွန်ယက်ကနေ တိုက်တွန်းထားပါတယ်။

သတင်းသမားတွေအနေနဲ့ လက်ရှိဖြစ်ပွါးနေတဲ့ ကိုးကန့်ဒေသ အခြေအနေမှန်ကို မီဒီယာကနေ တဆင့် ပြည်သူတွေကို တင်ပြနိုင်ဖို့သွားရောက် သတင်းယူနေတဲ့ အပေါ် သတင်းသမားတွေရဲ့လုံခြုံရေးကို အကာအကွယ်ပေးဖို့ မြန်မာ ဂျာနယ် လစ်ကွန်ယက်ကနေ တိုက်တွန်းကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG