သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားကမြန်မာတချို့ အိမ်ပြန်နိုင်ရေးကြန့်ကြာ


အသက်အန္တရာယ်လုံခြုံရေးစိုးရိမ်ရလို့ မိခင်နိုင်ငံကိုပြန်လိုကြတဲ့ မလေးရှားနိုင်ငံ က မြန်မာအလုပ်သမားတွေ နေရပ်ရင်းပြန်ဖို့အရေး ကြန့်ကြာမှုတွေဖြစ်နေ တယ်လို့ သိရပါတယ်။ မလေးရှား လူဝင်မှုကြီးကြပ်ရေးရဲ့ လုပ်ထုံးလုပ်နည်း အရ နေရပ်ရင်းပြန်ဖို့ ခွင့်ပြုချက်ရဖို့က အနည်းဆုံး သုံးလလောက် ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် နေရပ်ရင်းပြန်လိုသူတွေ အတွက် အမြန်ဆုံးပြန်နိုင်ကြဖို့အရေး မလေးရှားနိုင်ငံက မြန်မာ့အလုပ်သမားရေး ကူညီလှုပ်ရှား ပေးနေသူတွေက မြန်မာနိုင်ငံသံရုံး တာဝန်ရှိသူတွေကို တောင်းဆို ထားတယ်လို့ သိရပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ မလေးရှားလူဝင်မှုကြီးကြပ်ရေးအဖွဲ့အနေနဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတဲ့ အနေအထားမှာရှိနေတဲ့ မလေးရှားနိုင်ငံက မြန်မာအလုပ်သမား ၁၆ ဦးကိုပဲ အရင်ဆုံးဦးစားပေးစနစ် နဲ့ မြန်မာပြည်ပြန်ဖို့ အမြန်ဆုံးစီစဉ်ပေးနေတယ်လို့ မလေးရောက်မြန်မာ အလုပ်သမားတွေကို အကူအညီပေးနေတဲ့ လူမှုအသင်းအဖွဲ့ဖြစ်တဲ့ ကပုန်းနာရေးကူညီမှုအသင်းက ဦးဆန်းဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါ တယ်။

“သူတို့ကနေပြီးတော့ ဒီမှာရှိတဲ့ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား အားလုံးကို ပြန်လွှတ်ပေးမယ်ပြောတယ်။ အဲဒီ ပြန်လွှတ်ပေးမယ့်ဟာကို ဒီသံရုံးက ပထမဦးဆုံးအကြိမ် ၁၆ ယောက်ကို ဒုက္ခရောက်တဲ့ဒေသမှာရှိတဲ့ ၁၆ ယောက်ကို ပထမဆုံး ပြန်လွှတ်ပေးမယ်။ ၁၆ ယောက်ကို ပြန်လွှတ်တဲ့ အခါမှာ သူတို့ကတော့ immigration စာရွက်စာတမ်းတွေ အကုန်လိုက်ကူညီတဲ့ အတွက် အားလုံး အဆင်ပြေတယ်။ ဒါပေမဲ့ နောက်ပြန်မယ့် သူတွေကျတော့ မြန်မာသံရုံးက CI ပဲ ထုတ်ပေးတယ်။ CI ဆိုတဲ့ လျှောက်လွှာ စာရွက်လေး ထုတ်ပေးတယ်။ immigration ရောက်သွားတဲ့အခါကျတော့ immigration အရာရှိက ၃ လနဲ့ ၅ လကြားအထိ စောင့်ခိုင်းတယ်။ ပိုက်ဆံတွေလည်း တောင်းခံတယ်။ အဲဒါကြောင့်မိုလို့ ပြန်မယ့်သူတွေက အခက်အခဲတွေဖြစ်နေပါတယ်။ သူတို့ရဲ့ အတည်မပြုရသေးတဲ့သတင်းအရ ဆိုရင်တော့ ဒီ တနင်္လာနေ့မနက်ပိုင်းက ပြန်ပို့ဖို့ စီစဉ်နေပါတယ်။”

အခုလာမယ့် တနင်္လာနေ့မနက်ပိုင်းကစလို့ ပြန်နိုင်ကြတယ်လို့လည်း ဦးဆန်းဝင်းက ပြောပါတယ်။ ဒါပေမဲ့ ဒီလို အရေးတကြီး ပြန်ဖို့လိုအပ်တဲ့ မြန်မာ အလုပ်သမား ၁၆ ယောက်ကလွဲရင်တော့ ကျန် မြန်မာနိုင်ငံသားတွေပြန်ဖို့ အရေးက မလေးရှားလူဝင်မှုကြီးကြပ်ရေးရဲ့ စာရင်းသွင်း စိစစ်မှု ဆောင်ရွက်မယ့် အချိန်က အနည်းဆုံး သုံးလကနေ ခြောက်လလောက် ကြာမြင့်နိုင်ခြေ ရှိတဲ့အတွက် နေရပ်ရင်းပြန်လိုသူ မြန်မာအလုပ်သမားတွေ အခက်အခဲ ဖြစ်နေကြတယ်လို့လည်း ဦးဆန်းဝင်းကပြောပါတယ်။ မြန်မာ အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေသူတွေအနေနဲ့ အခုဖြစ်ပေါ်နေတဲ့ အခက်အခဲအပေါ် သက်ဆိုင်ရာ မြန်မာသံရုံးတာဝန်ခံတွေကို အကြောင်းကြားထားပေမဲ့ ဆောင်ရွက်နေဆဲ အနေအထားမှာပဲရှိသေးတယ်လို့ ဆိုပါတယ်။

“မနေ့ကဆိုရင် ကပုန်းဘုန်းတော်ကြီးရုံးမှာ သံရုံးဘက်ကနေ ကြားဝင်ကူညီပေးတဲ့ ကိုသီဟမောင် ဆိုတဲ့သူနဲ့ တွေ့ဆုံပါတယ်။ ကျနော် အဲဒီကိစ္စတွေကို မေးတဲ့အခါမှာ၊ သူတို့က မနက်ဖြန်ည အစည်းအဝေးရှိလို့ပါတဲ့။ ပြီးရင် ပြန်ပြောပါ့မယ်ဆိုပြီးတော့ အခုချိန်ထိ ကျနော့်ကို ဘာမှပြန်ပြောတာမရှိသေးပါဘူးခင်ဗျ။”

အခုလက်ရှိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာရှိတဲ့ မြန်မာသံရုံးဘက်ကတော့ CI လို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် ထုတ်ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံတွင်း လာရောက်အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားတွေထဲက နိုင်ငံကူးလက်မှတ် လက်ဝယ်ရှိသူရော၊ မရှိတဲ့သူပါ အပါအဝင် နေရပ်ရင်းပြန်လိုသူတွေ တရားဝင်ပြန်ကြနိုင်ဖို့အရေး အကူအညီပေးဖို့ အလုပ်သမားရေး ကူညီစောင့်ရှောက်ပေးနေသူတွေက မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာချိန်မှာ ဝိုင်းဝန်းမေတ္တာရပ်ခံတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားအချို့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် မလေးရှားနိုင်ငံ က မြန်မာအလုပ်သမားရေး လေ့လာစုံစမ်းဖို့ မလေးရှားနိုင်ငံကို မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာခဲ့တဲ့အခါမှာတော့ မလေးရှားနိုင်ငံ က ပြည်ထဲရေးဒုတိယဝန်ကြီးအပါအဝင် မလေးရှားနိုင်ငံ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး လက်ရှိအခြေအနေတွေ၊ နောက် မြန်မာနိုင်ငံ သားတွေ နေရပ်ရင်းပြန်နိုင်ရေးအပါအဝင် ကျန်ရှိနေသေးတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ဘေးအန္တရာယ်လုံခြုံရေး မလေးရှားတာဝန်ရှိသူတွေ အနေနဲ့ အကူအညီအကာအကွယ်ပေးဖို့တွေကိုပါ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်အပါအဝင် မြန်မာနိုင်ငံဘက် က နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးဇင်ယော်၊ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှု ဖူလုံရေး ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းတို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ တွေဘက်ကလည်း ထွက်ပြေးလာကြသူတွေကို ကူညီကယ်ဆယ်ပေးထားတဲ့ ကပုန်းဘုန်းတော်ကြီးကျောင်းဆရာတော် ဦးက္ကုန္တွကအပါအဝင် မလေးရှားနိုင်ငံတွင်းက မြန်မာအလုပ်သမားတွေ ကူညီပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေကို တွေ့ဆုံပြီး လက်ရှိဖြစ်ပေါ်နေတဲ့ မလေးရှားနိုင်ငံက မြန်မာအလုပ်သမားတွေရဲ့အခြေအနေကို ဆွေးနွေးခဲ့ ကြတာဖြစ်ပါတယ်။

ဒီလိုနိုင်ငံရပ်ခြားမှာ အလုပ်လာရောက်လုပ်ကိုင်နေရပြီး အသက်အန္တရာယ် လုံခြုံရေးစိုးရိမ်လို့ မိမိတို့ရဲ့ နေရပ်ရင်းပြန်သွားကြမယ့် မြန်မာအလုပ်သမားတွေ အတွက် မြန်မာနိုင်ငံထဲမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးကူညီပေးဖို့ မလေးရှားနိုင်ငံက အလုပ်သမားရေး လူပ်ရှားသူတွေက မြန်မာအစိုးရ တာဝန်ရှိသူတွေကို မေတ္တာရပ်ခံတောင်းဆိုခဲ့ကြပါတယ်။

ဇွန်လ ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစဉ်မှာပါရှိတဲ့ သတင်းထုတ်ပြန်ချက် အရတော့ မေ ၃၀ ကနေ ဇွန်လ ၇ ရက်အတွင်း ဖြစ်ပျက်ခဲ့တဲ့ မလေးရှားနိုင်ငံမှာ ဝိုင်းဝန်းအနိုင်ကျင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် မြန်မာနိုင်ငံသား အလုပ်သမား ငါးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတယ် လို့ ဖော်ပြပါရှိပါတယ်။

အခုအချိန်မှာတော့ မလေးရှားနိုင်ငံကနေ မိခင်နိုင်ငံကို ပြန်လိုသူ မြန်မာ အလုပ်သမားတွေ များပြားလာနေတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ဆိုပါတယ်။ ပြန်နိုင်ခွင့်ရှိတဲ့ မြန်မာအလုပ်သမားအချို့ကတော့ အခုဆိုရင် မြန်မာနိုင်ငံကို ပြန်နေကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ အချို့ မြန်မာ အလုပ်သမားတွေအနေနဲ့ကတော့ အလုပ်လုပ်ကိုင်ဆဲ ကုမ္ပဏီ အလုပ်ရှင်တွေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်ရမှာတွေ ရှိတဲ့အတွက်လည်း နှောင့်နှေးကြန့်ကြာ မှုတွေ ဖြစ်နေရတယ်လို့လည်း သိရပါတယ်။
XS
SM
MD
LG