သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် တရားမဝင်မြန်မာတွေကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည်


ထိုင်း မြန်မာနယ်စပ် မြဝတီမြို့ကနေ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ။
ထိုင်း မြန်မာနယ်စပ် မြဝတီမြို့ကနေ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ။
ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင် အလုပ်လုပ်ခွင့် မရှိသေးတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ သူတို့ရဲ့ ကလေးတွေကို ယာယီ နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးသွားမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်း က ပြောလိုက်ပါတယ်၊။ မြန်မာနဲ့ ထိုင်းအစိုးရ ၂ ခုကြား သဘောတူညီချက်အရ ဇန်နဝါရီလ ၁၅ ရက်နေ့က စပြီး တရားမဝင် အလုပ်သမားစာရင်း ကောက်ခံမှု လုပ်ငန်းတွေ စတင်လုပ်နေပြီး မေလ ၁၅ ရက်နေ့အထိ ယာယီနိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အပြည့်အစုံကို
မစုမြတ်မွန်က တင်ပြပါမယ်၊

ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့ ကလေးတွေအတွက် ယာယီ
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးကို ထိုင်းဝန်ကြီးအဖွဲ့က ၃ လ သက်တမ်းတိုးဖို့ လက်ခံ ဆုံးဖြတ် ခဲ့ပြီးနောက်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ထဲက တရားမဝင် မြန်မာအလုပ်သမား စာရင်း ကောက်ခံမှုတွေကို စတင်နေပြီ လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်ဝင်းက
သောကြာနေ့က မြန်မာသံရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရားမဝင်အလုပ်သမား စာရင်းကောက်ခံမှုကို ထိုင်းအလုပ်သမားကြီးကြပ်ရေးရုံး
Department of Employment ရုံးတွေနဲ့ ထိုင်းအလုပ်ရှင်တွေ ပူးပေါင်းပြီး
လုပ်နေတဲ့ အကြောင်း သံအမတ်ကြီးက အခုလိုပြောပါတယ်။

“ထိုင်းဝန်ကြီး၊ ထိုင်းအလုပ်သမားဌာနကနေပြီးတော့ ထိုင်းလုပ်ငန်းရှင်တွေဆီမှာ ကျန်နေသေးတဲ့ တရားမဝင်ကျန်နေသေးတဲ့ မြန်မာအလုပ်သမားတွေ စာရင်းကို သူတို့ကတောင်းတယ်။ အဲ့တော့ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီလုပ်ငန်းရှင်တွေကနေပြီးတော့ သူတို့မှာ ဘယ်လောက်ကျန်နေသေးတယ်ဆိုတာကို သူတို့ကနေ တောင်းဆိုရမှာဖြစ်ပါတယ်။ လမ်းကြောင်းကတော့ ထိုင်းလုပ်ငန်းရှင်တွေကနေ တဆင့် မြို့နယ်ကိုသွားမယ်၊ မြို့နယ်ကနေ ခရိုင် ရုံးချုပ်ကိုဆက်ပြီးတော့ တင်ပြတောင်းခံရမယ့် အစီအစဉ်ဖြစ်ပါတယ်။"

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကနေလာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားပေါင်း ၄ သန်းလောက်ရှိမယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းပါတယ်၊ အဲဒီ့ ထဲမှာတရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းရှိသူပေါင်းက ၂ သန်း နီးပါးပဲ ရှိပါတယ်၊ ထိုင်းနိုင်ငံထဲမှာ ရှိနေသမျှ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအားလုံး တရားဝင် နေထိုင်နိုင်အောင် နဲ့ ရသင့်တဲ့ အခွင့်အရေးတွေ ရရှိနိုင်အောင် မြန်မာသံရုံးက ယာယီနိုင်ငံကူး လက်မှတ်တွေ ကို ဖေဖော်ဝါရီ ၁၅ ကနေ ကနေ မေလ ၁၅ ရက်နေ့အတွင်း ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေ ပြန်ဖွင့်ပြီးတော့ ထုတ်ပေးသွားမှာဖြစ်တယ် လို့ သံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်၊

“ကာလအားဖြင့်ဆိုရင် ပထမရက်သုံးဆယ် ဇန်နဝါရီ ၁၅ရက်ကနေ ဖေဖော်ဝါရီ ၁၅ပေါ့နော်။ စာရင်းကောက်ပြီးတဲ့အခါမှာ ရလာတဲ့ မှတ်ပုံတင်စာရင်းအရ သုံးလအတွင်းမှာ One Stop Service နဲ့ စခန်း ၁၀ခုမှာ ယာယီနိုင်ငံကူးလက်မှတ် Temporary Passport ထုတ်ပေးမယ်။ မြန်မာဘက်ကပေါ့လေ။ ထိုင်းဘက်ကတော့ နေထိုင်ခွင့်ဗီဇာ။ ကုန်ကျစားရိတ်နဲ့ပတ်သက်လို့ ကျနော်တို့ နှစ်ဖက်စကားပြောကြတဲ့အခါကျတော့ တရားဝင် ညှိနှိုင်းပြီးတော့မှ ကုန်ကျစားရိတ်ကို အနည်းဆုံးဖြစ်အောင် အလုပ်သမားတွေအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်အောင် အသက်သာအချောင်ချိဆုံးဖြစ်အောင် ဆိုတာမျိုးတော့ ကျနော်တို့ အကြမ်းဖြင်း ညှိထားတယ်။ မူအားဖြင့် ညှိနှိုင်းသဘောတူထားတယ်။ ပမာဏဆိုတာတော့ သူတို့ အသေးစိတ် မသိရသေးဘူး။”

ထိုင်းအစိုးရရဲ့ အလုပ်သမားဆိုင်ရာ မူဝါဒသစ်ကြောင့် မြန်မာနိုင်ငံကနေ လာရောက် အလုပ်လုပ်ကြမဲ့သူတွေဟာ ထိုင်းအလုပ်ရှင်တွေရဲ့ အလုပ်ခန့်စာ၊ နိုင်ငံကူးလက်မှတ်၊ တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် စတဲ့ အထောက်အထားတွေ ရှိဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံကနေ
အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံထဲကိုရောက်ရှိနေပြီးသား တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေ နဲ့ သူတို့ရဲ့ ကလေးတွေကို အခု မြန်မာသံရုံးကနေ မှတ်ပုံတင် အထောက်အထား မရှိရင်တောင် ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာသံအမတ်ကြီး
ဦးတင်ဝင်းက သတင်းစာရှင်းပွဲမှာ အခုလို ပြောသွားခဲ့ပါတယ်၊

“မြန်မာပြည်မှာ ပြန်ပြီးတော့ Nationalities Verification တွေ မလုပ်တော့ဘူး။ ဒီမှာပဲ သံရုံးမှာတင်ဖြတ်ပြီးတော့ ကျနော်တို့ တခါတည်း လုပ်ပေးမယ်။ ဒါပေမဲ့ မျက်မြင်ကြည့်လိုက်မှာပေါ့နော်။ မျက်မြင်ကြည့်ပြီးတော့မှ ကျနော်တို့ မြန်မာလူမျိုးတွေ၊ တိုင်းရင်းသားတွေဆိုရင်တော့ ကျနော်တို့ ချက်ခြင်းထုတ်ပေးလိုက်မယ်။ ယာယီနိုင်ငံကူးလက်မှတ်ပေါ့။ ကျနော်တို့တာဝန်က အဲ့တာ ထုတ်ပေးမှာလေ။ ကျနော်တို့ယုံကြည်တယ်ဆိုရင် ကျနော်တို့ အာဏာပိုင်တွေပေါ့နော်။ ကျနော်တို့ကနေ တာဝန်ပေးထားတယ်ဆိုတဲ့ ဝန်ထမ်းတွေက ကြည့်ပြီးတော့ ယုံကြည်ရတယ်ဆိုရင် ကျနော်တို့က ဒီတကြိမ်မှာတော့ ချက်ခြင်းထုတ်ပေးလိုက်မယ်။ မှတ်ပုံတင်ပေါ့။”

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတွက် တရားဝင်စာရွက် စာတမ်းရရှိနိုင်ဖို့
အဓိက စိတ်ခေါ်မှုက ကုန်ကျစရိတ်ဖြစ်ပါတယ်၊ ဒါကြောင့် အထောက်အထား စာရွက်စာတမ်း ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး လျော့ပေးဖို့၊ ပွဲစားတွေရဲ့ ဈေးတင်တောင်းမှုကို
ဖြေရှင်းဖို့ နဲ့ အလုပ်သမားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တရားဝင် လက်မှတ် လုပ်ခွင့်မပေးတဲ့ ထိုင်းအလုပ်ရှင်တွေကို ထိုင်းအလုပ်သမား ကြီးကြပ်ရေးရုံးတွေနဲ့ ပေါင်းပြီး
အရေးယူနိုင်ရေး ကိစ္စတွေကိုလည်း ဆောင်ရွက်သွားမယ်လို့ မြန်မာသံအမတ်ကြီးဦးတင်ဝင်းက
ပြောသွားပါတယ်။
XS
SM
MD
LG