သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့ အများပြည်သူ ကောင်းမှုကုသိုလ်ယူကြ


မြန်မာနှစ်ဆန်းတစ်ရက် ဘုရားစောင်းတန်းတွေ မှာ ကောင်းမှုကုသိုလ်လှူဒါန်းဒါနပြုကြ (ဧပြီ ၁၇၊ ၂၀၁၄)
မြန်မာနှစ်ဆန်းတစ်ရက် ဘုရားစောင်းတန်းတွေ မှာ ကောင်းမှုကုသိုလ်လှူဒါန်းဒါနပြုကြ (ဧပြီ ၁၇၊ ၂၀၁၄)
ဒီကနေ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ ရိုးရာအစဉ်အလာမပျက် ဇီဝိတဒါန ငါးလွှတ် ကုသိုလ်ယူတာ၊ သက်ကြီးရွယ်အိုတွေကို ကူညီစောင့်ရှောက် တာတွေ ရှိခဲ့သလို၊ ရန်ကုန်မြို့က နံမည်ကြီး ဘုရားတွေမှာ လူတွေ အပြည့် စည်ကားခဲ့ပါတယ်။ ဒီနှစ် သင်္ကြန်ကာလ တွင်းမှာတော့ သေဆုံးသူ ၁၃ ယောက် နဲ့ ထိခိုက်ဒဏ်ရာရမှု တချို့ ရှိခဲ့တဲ့အကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ နှစ်ဆန်းတရက်နေ့ ရန်ကုန်မြို့က အခြေအနေ တချို့ကိုတော့ ဗွီအိုအေ ရန်ကုန်ရုံးက ကိုစည်သူကို မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းထားပါတယ်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရေကုသိုလ်။ (ဧပြီ ၁၇၊ ၁၄)
မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရေကုသိုလ်။ (ဧပြီ ၁၇၊ ၁၄)
ဟုတ်ကဲ့။ ကိုစည်သူရေ ကိုစည်သူက ဒီနေ့ နှစ်ဆန်း တစ်ရက်နေ့ မှာ ရွှေတိဂုံဘုရားကိုလည်း ရောက်ခဲ့တယ်ဆိုတော့ ဒီနေ့ နှစ်ဆန်း တစ်ရက်နေ့ မြင်ရတဲ့ အခြေအနေလေးပေါ့နော် နည်းနည်းလောက်ပြောပြပေး ပါဦးရှင့်။
ရွှေတိဂုံစေတီတော်မှာ အများပြည်သူ ဘုရားရေသပ္ပါယ်နေကြ။ (မြန်မာနှစ်ဆန်းတစ်ရက်နေ့။ ဧပြီ ၁၇၊ ၂၀၁၄)
ရွှေတိဂုံစေတီတော်မှာ အများပြည်သူ ဘုရားရေသပ္ပါယ်နေကြ။ (မြန်မာနှစ်ဆန်းတစ်ရက်နေ့။ ဧပြီ ၁၇၊ ၂၀၁၄)

" ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာတော့ မနက်ခင်း မိုးမလင်းခင်ကတည်းကိုက ဘုရားဖူး အများပြည်သူတွေပေါ့လေ တန်ခိုးကြီးဘုရားတွေမှာရော ဘုရားအစုံမှာ လူတွေအများကြီးကို တွေ့ရတယ်ခင်ဗျ။ အထူးသဖြင့်တော့ တန်ခိုးကြီးဘုရားတွေဖြစ်တဲ့ ရွှေတိဂုံတို့၊ မဟာဝိဇယတို့ ဆူးလေတို့ ဗိုလ်တထောင်ဘုရားတို့ မှာဆိုရင် ကားတွေယာဉ်တွေ ပိတ်ဆို့တဲ့အထိ လူတွေများလွန်းလို့ဗျာ။ ရဲတွေကလာပြီး လမ်းတွေရှင်းပေးရတဲ့အထိ လူတွေအရမ်းများတယ်ဗျ။ ပြီးတော့ ဒီဘုရားတွေမှာလည်း ထုံးစံအတိုင်း မီးပူဇော်တာ ရေသပ္ပါယ်တာက အစ လူတွေအများကြီးကို ဘုရားရင်ပြင်မှာ ပြည့်နေတဲ့အထိ ကျနော်တွေ့ရတယ်ဗျ။

နောက်တစ်ခုက ထုံးစံအတိုင်း သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ပေးတာ လက်သည်းညှပ်တာတို့ ဘုရားတန်ဆောင်းတွေမှာ လုပ်ပေးတာတွေ့ရတယ်ခင်ဗျ။
နောက်တော့ ရေကန်တွေမှာ ငါးကန်တွေမှာ ဘုရားတွေ အနီးအနားမှာရှိတဲ့ ငါးကန်တွေမှာ ဇီဝိတဒါန ငါးလွှတ် ကုသိုလ်ယူတာတွေလည်း တော်တော်များများတွေ့ရတယ်ဗျ။ ရန်ကုန်တင်မကဘဲနဲ့ တစ်ချို့ နယ်တွေကနေပြီးတော့ ဒီသင်္ကြန် ပိတ်ရက်မှာ လာပြီးတော့ ဘုရားဖူးတဲ့ အများပြည်သူတွေကိုလည်း ကျနော်တို့ အများကြီးကို တွေ့ရတယ်ခင်ဗျ။

မေး။ ။ ရိုးရာမပျက် လှုပ်ရှားမှုတွေကို မြင်ရတယ်ပေါ့နော်။

"ဟုတ်ကဲ့ ခင်ဗျ။ ဟုတ်ကဲ့"

မေး။ ။ နောက် ဒီ သင်္ကြန်တွင်း လေးရက်မှာရော ကိုစည်သူလည်း သင်္ကြန်မှာသွားပြီးတော့ အပြင်တွေလည်း ရောက်ခဲ့တယ်ဆိုတော့လေ လူတွေ သင်္ကြန်တွင်း လေးရက်မှာကော လူတွေ အေးအေးချမ်းချမ်းရေကစားခဲ့ကြသလား။ ထူးထူးခြားခြား ဘာတွေ တွေ့ရတာရော ရှိသေးသလဲ ပြောပြပါဦး။

"ဟုတ်ကဲ့ သင်္ကြန်တွင်း ရန်ကုန်မှာကတော့ စည်ကားတဲ့နေရာတွေက ကမ္ဘာအေးဘုရား လမ်းတစ်လျှောက်မှာ မဏ္ဍပ်တွေရှိတယ်။ နောက် ကန်တော်ကြီး ကန်ပါတ်လမ်းမှာ မဏ္ဍပ်တွေရှိတယ်။ အဲဒီနေရာတွေကလွဲရင် အခြားနေရာမှာတော့ ကြို ကြား ကြိုကြား မဏ္ဍပ်တွေကလွဲရင် လူအများကြီးတော့ မစည်ကားဘူး။ ဒါပေမယ့် ခုနကပြောတဲ့လမ်းတွေမှာတော့ လူစည်ကားတဲ့ နေရာတွေဗျ။ လူတွေကတော့ သူတို့ထုံးစံအတိုင်း ပျော်ပျော်ပါးပါး နဲ့တော့ ရေကစားကြတာ တွေ့ရတယ်ဗျ။ လူတွေက ပြည်လမ်းတစ်လျှောက်မှာလည်း ရှိတယ်ဆိုတော့ အဲဒီနေရာတွေမှာတော့ လူတွေအများကြီး စည်ကားတာ တွေ့ရတယ်ဗျ။ လူတွေ လည်ပြီး စတိတ်ရှိုးတွေလည်းရှိတယ် ပျော်ပျော်ပါးပါး ရေကစားကြတာ တွေ့ရတယ်ဗျ။"

မေး။ ။ လုံခြုံရေး အရရော ဘယ်လိုရှိလည်း ကိုစည်သူ။ ဒီ အာဏာပိုင်တွေကတော့ အစောပိုင်းကတည်းက သူတို့က ဒီနှစ်မှာ အရင်နှစ်တွေကထက် ပိုပြီးတော့ လုံခြုံရေးကို တိုးမြှင့် ချထားတယ်ပေါ့နော်။ ဒီအတွက် ခိုက်ရန်ဖြစ်ပွါးမှုကစလို့ ထူးထူးခြားခြား ဖြစ်ရပ်တွေလည်း မရှိသလောက် နည်းပါးတယ်ဆိုတာမျိုး သူတို့ပြောခဲ့တာရှိတယ်။ ကိုစည်သူတို့တွေ့ရတဲ့ တကယ့် လုံခြုံရေး အခြေအနေကရော ဘယ်လိုရှိသလဲရှင့်။

"ဟုတ်ကဲ့ခင်ဗျ။ လုံခြုံရေးကတော့ ကျနော်တို့ လူစည်ကားတဲ့ ခုနကပြောတဲ့ မဏ္ဍပ်တွေ အများကြီးရှိတဲ့ နေရာတွေမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဖွဲ့အစည်းလည်း တွေ့တော့ တွေ့ရတယ်ခင်ဗျ။ ဒါပေမယ့် မဏ္ဍပ်တွေမှာကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စောင့်ကြပ်တာမျိုး မဟုတ်ဘဲနဲ့ မဏ္ဍပ်က စီစဉ်တဲ့လူတွေကပဲ သူတို့ကိုယ်ပိုင်လုံခြုံရေးတွေချထားတာ တွေ့ရတယ်ဗျ။
ဒီသင်္ကြန် မတိုင်ခင်ကတည်းကလည်း မဏ္ဍပ်တွေမှာ CCTV ကင်မရာတွေ လုံခြုံရေးတွေ မဖြစ်မနေထားရမယ်လို့ အာဏာပိုင်အဖွဲ့အစည်းကနေ ညွန်ကြားထားတာ ကျနော်တို့သိရတယ်ခင်ဗျ။ ဆိုတော့ မဏ္ဍပ်တစ်ခုချင်း တစ်ခုချင်းစီမှာတော့ လုံခြုံရေးတွေရှိနေတယ်။ လူစည်ကားရာလမ်းမှာတော့ ရဲအနည်းငယ် ကျနော်တို့ တွေ့ရတယ်။ သူတို့ရှိနေတာ ကျနော်တို့ တွေ့ခဲ့ရတယ်ခင်ဗျ။
ဒါပေမယ့်လည်း ကျနော်တို့မျက်စေ့ရှေ့မှာပဲ အဲ့လို ကားတစ်စီးနဲ့တစ်စီး ရန်ဖြစ်တာတို့ လူငယ်တွေ အဖွဲ့တစ်ခုနဲ့တစ်ခု ခိုက်ရန်ဖြစ်ပွါးတာတို့ ကျနော်တို့မျက်စေ့ရှေ့မှာပဲ သုံးလေးခါတွေ့ခဲ့ရတယ်ဗျ။"

မေး ။ ။ ခိုက်ရန်ဖြစ်ပွါးမှု အခြေအနေ ဒီသေဆုံးတဲ့သူတွေ အခြေအနေ ကိုစည်သူတို့ရော အဲဒီမှာရှိနေတဲ့အချိန် ဘာကြားလဲရှင့်။

"ကျနော်တို့ကတော့ ခိုက်ရန်ဖြစ်ပွါးတဲ့ အခြေအနေ မျက်စေ့ရှေ့မှာတင်ကို မြင်ရတယ်။ လူစည်ကားရာ မဏ္ဍပ်တွေရှိနေတဲ့နေရာတွေမှာ တွေ့နေရတယ်ခင်ဗျ။ ဒါပေမယ့် လူအသေအပျောက် စာရင်းကိုတော့ ကျနော်တို့က အာဏာပိုင်တွေကိုလည်း စုံစမ်းမေးမြန်းလို့ မသိရသေးဘူးဗျ။ အခုလောလောဆယ် အခြေအနေအထိတော့။”

နေပြည်တော်နဲ့ ရန်ကုန်မြို့ တော်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း အတာသင်္ကြန် နဲ့ ဆိုင်တဲ့ ခိုက်ရန်ဖြစ်ပွါးမှု လူသတ်မှု ယာဉ်တိုက်မှု စတဲ့ အမှုပေါင်း ၁၁၆ ခု ဖြစ်ပွါးခဲ့ပြီးတော့ သေဆုံးသူ ၁၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀၂ဦး ရှိခဲ့တဲ့ အကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြန်ကြားရေးဌာနက ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG