ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ ၁ ကို မြန်မာစစ်အစိုးရက ဥပဒေပြင်ပ အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပြီး သူတို့နဲ့ မဆက်ဆံဖို့ အသွင်ပြောင်းရေးကို လက်ခံတဲ့ အဖွဲ့ခေါင်းဆောင်တွေကို သတိပေး လိုက်ပါ တယ်။ ဒါဟာ ဒီလအတွင်း တပ်မဟာ ၁ တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီးနောက် သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ ရှမ်းပြည်၊ တပ်မတော် SSA မြောက်ပိုင်းနဲ့ မြန်မာစစ်အစိုးရအကြား ဆက်ဆံရေး နောက်ဆုံး အခြေအနေကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။
မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ SSA မြောက်ပိုင်းရဲ့ လက်အောက်မှာ တပ်မဟာ ၁၊ တပ်မဟာ ၃ နဲ့ တပ်မဟာ ၇ တပ်ဖွဲ့ တွေရှိပါတယ်။ လွန်ခဲ့တဲ့ ဇွန်လပိုင်း ကတော့ တပ်မဟာ ၃နဲ့၇ဟာ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ပေမယ့် တပ်မဟာ ၁ ကတော့ ကနေ့အထိ အသွင်ပြောင်းဖို့ကို လက်မခံပါဘူး။
တပ်မဟာ ၁ နဲ့ မြန်မာစစ်အစိုးရကြားမှာ အကြိမ်ကြိမ်ဆွေးနွေးပြီးတဲ့နောက်မှာတော့ ဒီလ ၁၄ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေမှာ နှစ်ဘက် တပ်တွေအကြား အပြန်အလှန် ပစ်ခတ်တာ တွေ ရှိခဲ့ပြီး ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။
ဒီရက်ပိုင်းတွေအတွင်းမှာတော့ အရှေ့မြောက်တိုင်း၊ စစ်ဌာနချုပ်က ပြည်သူ့စစ် အသွင်ပြောင်းခဲ့တဲ့ ခေါင်းဆောင်တွေကို ခေါ်ယူပြီး တပ်မဟာ ၁ နဲ့ မဆက်ဆံဖို့ သတိပေးခဲ့တယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က ပြောပါတယ်။
မြောက်ပိုင်း SSA က ပြည်သူ့စစ် လုပ်သွားတဲ့ဥက္ကဋ္ဌတို့ ဘာတို့ကို လားရှိုး ရ.မ.ခ စစ်တိုင်းရုံးက ခေါ်ပြီးတော့ သတိပေးတယ်။ တပ်မဟာ ၃ နဲ့ တပ်မဟာ ၇။ သူတို့ကို G1 ဗိုလ်မှူးကြီး မောင်မောင်ဦးက သတိပေးတယ်။ အဲဒီ ပြည်သူ့စစ်အဖြစ် အသွင်မပြောင်းတဲ့ တပ်မဟာ ၁ ကို လုံးဝ မဆက်ဆံရဘူးတဲ့။ အဆက်အသွယ်မလုပ်ရဘူး။ အ၀င်အထွက် မလုပ်ရဘူးပေါ့။ သူတို့နဲ့ ကင်းကင်းရှင်းရှင်းနေရမယ်။ ဒါပေမဲ့ သူတို့ လက်နက်ချဖို့ စည်းရုံးနိုင်ရင် စည်းရုံးပါတဲ့။ သူတို့က ဥပဒေပြင်ပ မတရားသင်း လုံးဝ ဖြစ်သွားပြီပေါ့။
ဒီလ ၂၂ ရက်နေ့က တပ်မဟာ ၃ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ၂၄ ရက်နေ့မှာတော့ တပ်မဟာ ၇ က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။
ဒီလိုတွေ့ဆုံရာမှာ SSA မြောက်ပိုင်းဥက္ကဋ္ဌ ဦးလွယ်မောင်း၊ ဦးကိုင်ဖနဲ့ တပ်မဟာ ၃ တပ်မဟာမှူး ဦးလှမြင့်တို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။
ဒီလ ၂၅ ရက်နေ့မှာတော့ မိုင်းရယ် အခြေစိုက် ဗျူဟာမှူးက တပ်မဟာ ၁ က တပ်ဖွဲ့တွေကို ပစ်ခတ်ဖို့ အမိန့်ပေးထားတယ်လို့ ဒေသခံ ကျေးရွာ ဥက္ကဋ္ဌတွေကို ခေါ်ယူပြောကြား ခဲ့တယ်လို့ ဦးစိန်ကြည်က ဆက်ပြောပါတယ်။
အခြားတဖက်မှာလည်း ၂၅ ရက်နေ့က မိုင်းရယ်မြို့ အခြေစိုက်တဲ့ ဗျူဟာက ဗျူဟာမှူး ဗိုလ်မှူးကြီး ကြည်မြင့်တဲ့။ အဲဒါ ရပ်ရွာက ရ.ယ.က ဥက္ကဋ္ဌတွေကို၊ ကျေးရွာအုပ်စု ဥက္ကဋ္ဌ တွေကို ခေါ်ပြောတယ်။ အဲဒီ ပြည်သူ့စစ်မလုပ်တဲ့ တပ်မဟာ ၁ က အဖွဲ့တွေကို သွားပြော။ ဒီနယ်မြေတ၀ိုက်မှာ သူတို့ လှုပ်ရှားသွားလာတာတွေ လုံးဝ လုပ်ခွင့် မရှိတော့ဘူးပေါ့။ သူတို့ လုပ်လို့ရှိရင် ငါတို့ပစ်မယ်။ အရပ်သားကော ရွာသားတွေကော စစ်ယူနီဖောင်းနဲ့ ဆင်တူရိုးမှား ၀တ်မိရင်၊ တွေ့ရင် စစ်တပ်ကို ပစ်မိန့်ပေးထားတယ်ပေါ့။ တစုံတရာ မတော်တဆ ပစ်မိ လို့ပဲဖြစ်ဖြစ် ဘာမှ လျော်ကြေးတွေ ဘာတွေ အမှုတွေ မရှိစေရဘူး။ အလကား သေရမယ်တဲ့။
မြန်မာစစ်အစိုးရဘက်က တချိန်မှာ ပြည်သူ့စစ် အသွင်ပြောင်းတဲ့ တပ်ဖွဲ့တွေကို တပ်မဟာ ၁ ကို တိုက်ခိုင်းလာနိုင်တဲ့ အခြေအနေရှိ ကြောင်းလည်း ဦးစိန်ကြည်က သုံးသပ်ပါတယ်။
ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ တပ်မဟာ ၁ ဟာ အင်အား ၃၀၀၀ ကျော်လောက်ရှိပြီး အခုအခါ တပ်မဟာ ၁ အမည် အစား ရှမ်းပြည်တပ်မတော် အမည်နဲ့ ဆက်လက် လှုပ်ရှားသွားမယ်လို့လည်း သိရပါတယ်။
မြန်မာစစ်အစိုးရဟာ တပ်မဟာ ၁ အပါအ၀င် အပစ်အခတ် ရပ်စဲထားတဲ့ UWSA ခေါ် ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်၊ မိုင်းလားအဖွဲ့ ခေါ် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် NDAA၊ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA နဲ့ မွန်ပြည်သစ်ပါတီ စတဲ့ အဖွဲ့တွေ ဒီလ ၁ ရက်နေ့မှာ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီတောင်းဆိုချက်ကို လက်မခံရင် ဒီအဖွဲ့အစည်းတွေကို အပစ်အခတ် မရပ်စဲခင်ကအတိုင်း တရားမ၀င် အသင်းအဖြစ် သတ်မှတ်သွား မယ်လို့လည်း သတိပေးထားခဲ့တာဖြစ်ပါတယ်။
ဒီတောင်းဆိုချက်ကို အပစ်ရပ်အဖွဲ့တွေက လက်မခံခဲ့တဲ့နောက်မှာတော့ စစ်ရေးအရ တင်းမာမှုတွေ ရှိလာပါတယ်။ အထူးသဖြင့် အပစ်ရပ်အဖွဲ့တွေက စစ်ပြင်ဆင်တာတွေ ရှိ သလို မြန်မာစစ်အစိုးရဘက်ကလည်း KIA ဌာနချုပ်ကို ဝေဟင်ကနေ ကင်းထောက် တာတွေ ရှိလာခဲ့ပါတယ်။
စစ်ရေး နိုင်ငံရေး လေ့လာသူတချို့ကတော့ လာမယ့် ရွေးကောက်ပွဲမတိုင်ခင်မှာ မြန်မာစစ်အစိုးရက ကြီးမားတဲ့ ထိုးစစ်ဆင် တိုက်ခိုက်တာမျိုးတွေ မလုပ်သေးပေမဲ့ အကန့်အသတ်နဲ့ နယ်မြေသိမ်းတာမျိုးတော့ လုပ်ကောင်းလုပ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။