သုံးရလွယ်ကူစေသည့် Link များ

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ တပ်မဖြန့်ရ၊ တနေရာတည်းမှာနေဖို့ စစ်အစိုးရညွှန်ကြား


မွန်ပြည်သစ်ပါတီကနေ ခွဲထွက်အဖွဲ့တခုဖြစ်တဲ့ မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် စစ်အစိုးရကနေ တနေရာထဲမှာ စုစည်း နေဖို့ ညွှန်ကြားချက်တွေပေးလာနေတယ်လို့ဆိုပါတယ်။ ဒီညွှန်ကြားချက်အပေါ် မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့လည်း ပြန်လည်စဉ်းစားဖို့ တင်ပြထားပေမဲ့ စစ်အစိုးရဆီက တုန့်ပြန်မှု မရရှိသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်အတွင်း တခြား ဒေသတွေမှာလည်း တပ်ဧရိယာ အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိနေတယ်လို့ အဖွဲ့နဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။ ဒီလို တပ်တွေကို စုစည်းထားရတာကလည်း စစ်အစိုးရအနေနဲ့ ဒီတပ်ဖွဲ့တွေအပေါ် လွယ်လင့်တကူ ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ လည်း အကဲခတ်သူတွေက ပြောဆိုနေကြပါတယ်။

အပြည့်အစုံကိုတော့ ထိုင်း မြန်မာနယ်စပ်နေ စုံစမ်းထားတဲ့ သတင်းထောက် ဗွီအိုအေ သတင်းထောက်နိုင်ကွန်းအိန်က တင်ပြပေးထား ပါတယ်။

ဌာနေပြည်သူ့စစ် အသွင်ကိုပြောင်းလဲဖို့ သဘောတူညီမှုရရှိထားတဲ့ မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့တခုဖြစ်တဲ့ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေဟာ တပ်နေရာရွှေ့ပြောင်းဖို့ကိစ္စအတွက် ပြန်လည်စဉ်းစားပေးဖို့ စစ်အစိုးရကို ဒီရက်ပိုင်းအတွင်းမှာ တောင်းဆို ခဲ့ပါတယ်။ ဒီလိုတောင်းဆိုနေရတာကလည်း ပြီးခဲ့တဲ့ အောက်တိုဘာ(၇)ရက်နေ့တုံးက မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားလုံးကို သတ်မှတ်နေရာဖြစ်တဲ့ ဖားအံမြို့နယ်၊ ကော့ယက္ခ အမှတ် (၁) အထူးဒေသကို အောက်တိုဘာလ (၁၁) ရက်နေ့ နောက်ဆုံး ထားပြီး တပ်အားလုံး ပြောင်းရွှေ့ကြဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးဌာနကနေ ညွှန်ကြားချက် ပေးလာခဲ့ ပါတယ်။ အဲဒီညွှန်ကြားချက်ပေးလာတဲ့အပေါ်မှာ ပြန်လည်စဉ်းစားပေးဖို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကို တင်ပြထားတယ်လို့ မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ေ၇းတပ်ဖွဲ့ဝင်တွေနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးက အခုလို ပြောပါတယ်။

“(၁၁) ရက်နေ့ကို ကော့ယက္ခ အထူးဒေသကို ပြောင်းရွှေ့ဖို့ ညွှန်ကြားထားတာရှိတယ်။ အဲတာ သူတို့က အချိန်တိုတိုအတွင်း (၄) ရက် အတွင်းမှာဆိုရင်ပြောင်းဘို့ အချိန်မလုံလောက်ဘူး။ ဒီ ကော့ယက္ခဒေသဟာလည်း လမ်းပန်းဆက်သွယ်ရေးဟာ ခက်တယ်။ နောက် နယ်မြေတွေကကျဉ်းတယ်။ နောက် ရွာတွေငယ်ပြီးတော့ စားဝတ်နေရေးတွေ အဆင်မပြေဘူး။ အကောက်အခွန်လည်း ကောက်လို့ မရတဲ့အခါကျတော့ စားဝတ်နေရေးတွေ အခက်အခဲရှိတယ်။ အဲဒီလိုတင်ပြထားတာရှိတယ်။”

ဒါ့အပြင် နောက်ထပ် နယ်မြေ ဒေသသစ်တွေမှာလည်း တပ်တည်နေရာအဖြစ် တောင်းဆိုထားတာ ရှိတယ်လို့ အဖွဲ့နဲ့နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင်တဦးက အခုလို ဆက်ပြောပါတယ်။

“သူတို့ ထပ်တောင်းထားတဲ့နယ်မြေတွေက ဒီကော့ယက္ခအထူးဒေသ(၁)အပြင် နောက် ကျိုက်မရော မြို့နယ် ကော့ဒွန်း၊ ကော့ပနောတို့ နောက် ရေးမြို့နယ်တောင်ပိုင်း၊ မြောက်ပိုင်းနယ်မြေတွေ အဲတာတွေလည်း တောင်းထားတာရှိတယ်။ နောက်တခုက သူတို့စည်းရုံးရေး ဆင်းတဲ့ နယ်မြေတွေလည်း ရှိတယ်လေ။ ဥပမာ- သံဖြူဇရပ်၊ ရသေ့တောင် နယ်မြေပေါ့။ နောက်ပြီး မုဒုံမြို့နယ်ရယ်၊ နောက် သထုံခရိုင် ရယ် အဲဒါလည်း ထပ်တောင်းထားတာရှိတယ်။”

အဲသလိုတောင်းဆိုထားတဲ့အပေါ်မှာ စစ်အစိုးရကနေ အကြောင်းပြန်ခြင်းမရှိသေးဘူးလို့လည်း အဲဒီ စီးပွားရေးလုပ်ငန်းရှင်က ပြောပါ တယ်။ စစ်အစိုးရကနေသတ်မှတ်ပေးတဲ့ ကော့ယက္ခကျေးရွာ အထူးဒေသ(၁)ဟာ အရင်က မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရတို့ အပစ် အခတ်ရပ်စဲရေး စတင်ဆွေးနွေးတုံးက မွန်ပြည်သစ်ပါတီကို ယာယီတပ်တည်နေရာအဖြစ် သတ်မှတ်ပေးထားတဲ့ နယ်မြေဖြစ်ပါတယ်။ မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့ကို မွန်ပြည်သစ်ပါတီက စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်ကွယ်လွန်ပြီးနောက်ပိုင်းမှာ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်နိုင်ရှောင်းကနေ ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့တွေကို တနေရာထဲမှာ စုပြောင်း လိုက်တဲ့အခြေအနေနဲ့ပတ်သက်လို့ နယ်စပ်စစ်ရေး အကဲခတ်ဗိုလ်မှူးကြီး ကောင်းရွတ်ကနေ အခုလို ပြောပါတယ်။

“တနေရာထဲကို သူတို့ စုစည်းလိုက်ခြင်းအားဖြင့်ဆိုရင် သူတို့ကို ပိုမိုပြီးတော့ အစိုးရအနေနဲ့ ထိန်းချုပ်လို့ လွယ်ကူအောင် သူတို့ချထား တဲ့ ဒီကော့ယက္ခဆိုတဲ့နယ်မြေက ကေအဲန်ယူရဲ့ ဧရိယာအဝန်းအဝိုင်းဖြစ်နေတယ်။ ကေအန်ယူနဲ့ မွန်နဲ့ ပဋိပက္ခကြားမှာလည်း သူတို့ အသုံးချဖို့အတွက်လည်း အဲဒီလိုဖြစ်နိုင်တယ်လို့ ကျွန်တော် အနေနဲ့ အဲဒီလို မြင်တယ်။”

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့ကို (၂ဝဝ၈) ခုနှစ်မှာ မွန်ပြည်သစ်ပါတီက အနားယူထားတဲ့ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင် ကနေ နေပြည်တော်ကစစ်အာဏာပိုင်တွေနဲ့ နားလည်မှု ရယူပြီးတော့ ဖွဲ့စည်း တည်ထောင်ခဲ့တာပါ။ တပ်အသွင်ပြောင်းရေးကို လက်မခံ တဲ့ မွန်ပြည်သစ်ပါတီကို စစ်အစိုးရကနေ စစ်ရေးအရ ထိုးနှက်လာမယ်ဆိုရင် မွန်ပြည်သစ်အခြေချတဲ့နယ်မြေမှာ ပြန်လည်ချုပ်ကိုင်ဖို့ အစီ အစဉ်ရှိရှိနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ဟာ စစ်အစိုးရအလိုကျ ပြည်သူ့စစ်တပ်ဖွဲ့ဖွဲ့စည်းဖို့ သဘောတူညီချက်ရရှိပြီးဖြစ်ပေမဲ့ လိုအပ်တဲ့ တပ်ဖွဲ့ဝင်ဦးရေ မပြည့် သေးတာကြောင့် အခုထိတိုင်ဖွဲ့စည်းနိုင်ခြင်း မရှိသေးပါဘူး။

XS
SM
MD
LG