သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Koh Tao ကျွန်းအမှု ဆန္ဒပြပွဲများအပေါ် သုံးသပ်ချက်


ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံလိုက်ရတဲ့ မြန်မာအလုပ်သမား ၂ ဦး လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုမှုတွေ လုပ်ဆောင်လာနေသလို၊ ထိုင်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေလည်း ဖြစ်လာနေပါတယ်။ အမှုမှန်ပေါ်ပေါက်ဖို့နဲ့ တရားမျှတမှု ရရှိဖို့အတွက် အဓိက ရည်ရွယ်ပြီး အစောပိုင်းက တောင်းဆိုခဲ့ကြပေမဲ့ နောက်ပိုင်းမှာ ထိုင်းဆန့်ကျင်ရေးအသွင်ဆောင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်လာတဲ့အတွက် အမှုအပေါ်မှာ ထိခိုက်လာနိုင်ချေ ရှိတယ်လို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သေဆုံးခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား ၂ ဦးကို ထိုင်းတရားရုံးက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သေဒဏ် ချမှတ်လိုက်ပြီးတဲ့နောက်၊ သူတို့ ၂ ဦး သေဒဏ်ကနေ လွတ်မြောက်ရေး တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ မြန်မာနိုင်ငံတွင်းမှာ ဖြစ်လာနေပါတယ်။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး အပါအဝင် ပြည်နယ်နဲ့ တိုင်း မြို့ကြီး ၁၀ မြို့လောက်မှာ ဒီဇင်ဘာ ၂၅ ရက်နေ့ကစတင်ပြီး အမှုမှန် ပေါ်ပေါက်ဖို့အတွက် လက်မှတ်ရေးထိုး တောင်းဆိုမှုတွေ အရပ်ဘက် လူမှုအဖွဲ့အစည်းတချို့က လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ လူငယ်နဲ့လူမှု သဟဇာတဖြစ်ရေးအဖွဲ့ ဒါရိုက်တာ ကိုသက်ဆွေဝင်းကတော့ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။

“အဓိကကတော့ လိပ်ကျွန်းလူသတ်မှု အမှုမှန်ပေါ်ပေါက်ဖို့အတွက်ရယ်၊ တရားမျှတမှု ပေါ်ပေါက်ဖို့အတွက် အဲဒီ ၂ ခုအတွက် ကျနော်တို့ အဓိကထားပါတယ်။ ၅ ရက်နေ့ကို နောက်ဆုံးထားပြီးတော့ ကျနော်တို့ ထိုင်းသံရုံးကနေတဆင့် ထိုင်းအစိုးရကို ဒီလက်မှတ်တွေ တင်ပါတယ်။ ပြီးလို့ရှိရင် ကျနော်တို့ ကောက်ခံရရှိထားတဲ့ လက်မှတ်တွေနဲ့ တခြားသော အရပ်ဘက် အဖွဲ့အစည်းတွေကနေပြီးတော့ မှတ်ပုံတင်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လက်မှတ်တွေ ကျနော်တို့ ယူပါမယ်။ ပြီးရင်တော့ အရပ်ဘက်အဖွဲ့အစည်းတွေ စုပြီးတော့ တောင်းခံလွှာတစောင် ရေးပြီးလို့ရှိရင်တော့ သံရုံးကို သွားပြီးတော့ ပေးပါမယ်။”

ထိုင်းတရားရုံးက မြန်မာအလုပ်သမား ၂ ဦးကို အခုလို သေဒဏ် ချမှတ်လိုက်တဲ့ အမိန့်ကို မကျေနပ်တဲ့အတွက် ရန်ကုန်မြို့က ထိုင်းသံရုံး အပါအဝင် နိုင်ငံတဝှမ်းက တခြားမြို့တွေမှာလည်း ဆန္ဒပြတာတွေ အခုရက်ပိုင်းတွေအတွင်း ဆက်တိုက် ဖြစ်လာနေပါတယ်။ တချို့နေရာတွေမှာ ဆိုရင်လည်း ထိုင်းဆန့်ကျင်ရေး အသွင်ဆောင်တဲ့ ဆန္ဒပြပွဲတွေပါ ဖြစ်လာနေပါတယ်။ အခုလို အမျိုးသားရေး အသွင်ဆောင်တဲ့ ထိုင်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သူက အခုလို ပြောပါတယ်။

“အဓိကကတော့ ထိုင်းတနိုင်ငံလုံးနဲ့ ကျနော်တို့ ဖြစ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံ တရားစီရင်ရေးနဲ့ ဖြစ်တဲ့ ပြဿနာပါ။ သူတို့ရဲ့ တရားစီရင်ရေးမှာ မျှတမှုရှိအောင် ကျနော်တို့ တောင်းဆိုရမှာပါ။ ထိုင်းရှေ့နေအဖွဲ့ကလည်း မြန်မာနိုင်ငံသား ၂ ယောက် လွတ်ဖို့အတွက်ကို အများကြီး လိုက်ကူညီကြတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း အများကြီးပဲ တရားမျှတမှုအတွက်ကို တောင်းဆိုနေကြတာ ရှိပါတယ်။ ထိုင်းပြည်သူတွေကလည်း ဒါကို လက်မခံဘူးဆိုတာကို ကျနော်တို့ မိတ်ဆွေက လှမ်းလှမ်းပြီး ပြောတာတွေလည်း ရှိပါတယ်။ အဲတော့ ဒီဟာက ထိုင်းဆန့်ကျင်ရေး လုပ်ဖို့အတွက်တော့ မဟုတ်ဘူးပေါ့။ မဖြစ်သင့်ပါဘူး တကယ်တမ်းက။ ကျနော်တို့အနေနဲ့ တရားမျှတမှုကို တောင်းမှာလား။ ဒါမှမဟုတ်လို့ရှိရင် ထိုင်းနိုင်ငံကို ဆန့်ကျင်ဖို့အတွက်ကို ကျနော်တို့က လုပ်မှာလား ဆိုတာကိုတော့ ကွဲကွဲပြားပြား ရှိနေဖို့ လိုပါလိမ့်မယ်။”

ဒါ့အပြင် အမျိုးသားရေး အစွန်းရောက်တဲ့ ဆန္ဒပြပွဲတွေက အမှုအတွက်လည်း ထိခိုက်လာနိုင်ဖွယ် ရှိတယ်လို့ အလုပ်သမား ၂ ဦးအတွက် အကူအညီပေးနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့က ဦးထူးချစ်က ပြောပါတယ်။

“ဆန္ဒပြမှုတွေမှာ တချို့ကိစ္စတွေက အမျိုးသားရေးအစွန်းရောက်ပြီးတော့ အကြမ်းဖက်မှု အသွင်ဆောင်နေတဲ့ ပုံစံမျိုးတွေ ရှိတယ်။ အဲဒီအတွက်ကတော့ ဒီ လိပ်ကျွန်းလူသတ်မှု ကိစ္စနဲ့ ပတ်သက်လို့တော့ သိပ်အလားအလာ မကောင်းဘူးလို့ ကျနော် ထင်တယ်။ တကယ်လို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော်တို့ ထိုင်းလူမျိုးတွေရဲ့ ကရုဏာ၊ ထိုင်းလူမျိုးတွေရဲ့ ကူညီပံ့ပိုးမှု ပိုရအောင် ရည်ရွယ်ချက်နဲ့ ဆန္ဒပြသင့်တယ်လို့ ကျနော်ကတော့ မြင်တယ်။ အခုလိုမျိုး အမျိုးသားရေး အစွန်းရောက်တဲ့ ပုံစံမျိုးတွေ၊ အကြမ်းဖက်မှု ပုံစံမျိုးတွေ ဖြစ်လာမယ်ဆိုရင်တော့ ကလေးတွေအတွက် အလားအလာ မကောင်းဘူးလို့ ကျနော်ထင်တယ်။”

မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုရဲ့ ပြည်တွင်းလုပ်ငန်း တာဝန်ခံ ဒေါက်တာနိုင်အောင်ကလည်း အခုလို မြန်မာအလုပ်သမား ၂ ဦးကို သေဒဏ်ချမှတ်လိုက်တာကို ကန့်ကွက်ပြီး၊ အမှုမှန် ပေါ်ပေါက်ဖို့ လိုလားပေမဲ့ တဘက်မှာလည်း ထိုင်းရှေ့နေကောင်စီ အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒီအမှုနဲ့ပတ်သက်ပြီး ကူညီနေတာတွေ အများကြီးရှိတယ်လို့ ပြောပါတယ်။ အခုလို ထိုင်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ဒေါက်တာနိုင်အောင်က အခုလို ပြောပါတယ်။

“အခုနောက်ပိုင်းကိစ္စတွေမှာ ကြည့်ရတာတော့ တကယ်ကိုပဲ သွေးရိုးသားရိုး မဟုတ်တဲ့သူတွေရဲ့ အစိတ်အပိုင်းတွေ ပါနေတာတွေရှိတယ်။ အာဏာပိုင်တွေကလည်း ငြိမ်း၊ စု၊ စည်း ဥပဒေတွေနဲ့ အရေးယူတာတွေ၊ အဲ့လိုဟာမျိုးတွေလည်း မရှိတဲ့အခါကျတော့ ဒါ တမင်သက်သက်များ ဖန်တီးနေတယ်ဆိုတဲ့ ဥစ္စာမျိုးတွေ တွေ့လာရတာတွေ ရှိတယ်။ ဒီလို အာဏာလွှဲပြောင်း ငြိမ်းချမ်းရေးကိစ္စတွေ စတင်နေတဲ့ အချိန်မှာ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး ကြံစည်နေတဲ့ သူတွေပေါ့။ ဆိုတော့ အဲ့လိုကိစ္စမျိုးတွေကတော့ ရှိနေတယ်လို့ ကျနော်တို့ ကြိမ်သေပေါက် ခန့်မှန်းလို့ ရပါတယ်ခင်ဗျ။”

ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး တရားမျှတမှုရှိဖို့ တောင်းဆိုတာကနေ ထိုင်းဆန့်ကျင်ရေးလှုပ်ရှားမှုအသွင် ဖြစ်လာတာတွေကြောင့် သူတို့ရဲ့ လှုပ်ရှားမှုကို ထိခိုက်လာနိုင်တယ်လို့လည်း ကိုသက်ဆွေဝင်းက ပြောပါတယ်။

“ဒီကနေ့လုပ်တဲ့ ဆန္ဒပြပွဲလိုဟာတွေ၊ ဟိုတနေ့က ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ကို သွားကြတယ်ဆိုတဲ့ဟာတွေက ကျနော်တို့တွေရဲ့ လှုပ်ရှားမှုကို သူတို့တွေနဲ့ အတူတူပါပဲလားဆိုပြီးတော့ မြင်တဲ့ပုံစံမျိုး ကျနော်တို့ကို အခု အွန်လိုင်းတွေမှာ ရေးကြတာတွေရှိတယ်။ တကယ်တမ်းကတော့ ကျနော်တို့က တရားမျှတမှုအတွက်ကိုပဲ ကျနော်တို့က ဒီလှုပ်ရှားမှု စကတည်းကကို တရားမျှတမှုအတွက်ကို သီးသန့်လှုပ်ရှားနေတဲ့ဟာမို့လို့ ဒါပေမဲ့ တချို့ မသိတဲ့သူတွေကတော့ အမြင်စောင်းတာမျိုးတွေ၊ တလွဲမြင်တာမျိုးလေးတွေတော့ ရှိတယ်။ ကျနော်တို့ဆိုလည်း တော်တော်လေး ထိခိုက်ပါတယ်။”

မြန်မာအလုပ်သမား ၂ ဦး လွတ်မြောက်ဖို့အတွက် လက်မှတ်တွေ ကောက်ခံနေတာမှာ အခုလောလောဆယ် ၁ သောင်းကျော် ရထားပြီး၊ အဆိုပါလက်မှတ်တွေ ပါဝင်တဲ့ တောင်းဆိုချက်ကို ထိုင်းသံရုံးအပြင်၊ ဗြိတိန်သံရုံးနဲ့ မြန်မာအစိုးရတို့ဆီကိုပါ ပူးတွဲ ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG