သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသားသုံးထောင် သမ္မတလွတ်ငြိမ်းခွင့်ရ

prisoners
1/6 prisoners
အသေးစိတ် ဖတ်ရှုရန် Show less
prisoners
2/6 prisoners
အသေးစိတ် ဖတ်ရှုရန် Show less
prisoners
3/6 prisoners
အသေးစိတ် ဖတ်ရှုရန် Show less
prisoners
4/6 prisoners
အသေးစိတ် ဖတ်ရှုရန် Show less
prisoners
5/6 prisoners
အသေးစိတ် ဖတ်ရှုရန် Show less
prisoners
6/6 prisoners
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

မြန်မာနိုင်ငံအန့ှံ အကျဉ်းထောင်တွေက အကျဉ်းသား သုံးထောင်ကျော်ကို သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပါတယ်။ လွတ်လာသူတွေထဲမှာ အရင်တုန်းက ဖမ်းဆီးထောင်ချခံထားရတဲ့ မြန်မာစစ်ဘက် ထောက်လှမ်းရေး အရာရှိဟောင်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတချိုု့ ပါတယ်လို့ဆိုပေမဲ့၊ အခုအချိန်အထိ ရရှိထားတဲ့ စာရင်းထဲမှာတော့ လွတ်မယ့်အထဲမှာ နိုင်ငံရေး အကျဉ်းသားတဦးပဲ ရှိသေးတယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃၀၇၃ ဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နဲ့အညီ ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့မှာ လွှတ်ပေးခဲ့တာပါ။ အခုလွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ မြန်မာနိုင်ငံသား ၃၀၁၅ ဦးနဲ့ နိုင်ငံခြားသား ၅၈ ဦး ပါဝင်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရှိသူ ဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကို အတည်ပြု ပြောဆိုပါတယ်။

“ဒီနေ့မှာတော့ဗျာ သမ္မတကြီးက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီးတော့၊ နောက်တခုက လူသားချင်း စာနာထောက်ထားမှုကို အလေးထားတဲ့ အနေနဲ့ရော ကျနော် အကျဉ်းသား ၃၀၇၃ ဦးကို ကျနော်တို့ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပေးခဲ့ပါတယ်။ ကျနော်တို့ဆီမှာ ရရှိတဲ့ သတင်းအရတော့ အဲ့ဒီထဲမှာ မြန်မာနိုင်ငံသား ၃၀၁၅ ဦးနဲ့ နိုင်ငံခြားသား ၅၈ ဦး ပါတယ်လို့ သိရပါတယ်။”

တဘက်မှာတော့ အခုလွှတ်ပေးလိုက်တဲ့ထဲမှာ နောက်ဆုံး အတည်ပြုလို့ရတဲ့ သတင်းတွေအရ နိုင်ငံရေးအကျဉ်းသား ၁ ဦးနဲ့ စစ်ထောက်လှမ်းရေးနဲ့ ပတ်သက်ပြီး အကျဉ်းကျခံနေရသူတွေလည်း ပါရှိတယ်လို့ AAPP က ကိုဘိုကြည်က ပြောပါတယ်။ ဒါပေမဲ့ စာရင်းပါရှိတယ်လို့ပြောတဲ့ နိုင်ငံရေးအကျဉ်းသား ၁ ဦးဖြစ်တဲ့ ကိုမာလဟာ မြစ်ကြီးနားအကျဉ်းထောင်ရဲ့ ထောင်အပြင်ကိုတောင် ရောက်မလာသေးဘူးလို့ ကိုဘိုကြည်က ပြောပါတယ်။

“ကျနော်တို့သိထားသလောက်က အခု ဒီကနေ့ ၃၀၇၃ ဦးလွတ်တယ်။ အဲ့ဒီထဲမှာ ထောက်လှမ်းရေး ၁ ယောက်ပါတယ်။ စစ်သားဟောင်း ၁ ယောက်ပါတယ်။ အသက်အရွယ်ကြီးရင့်သူက ၁၅ ဦးပါတယ်။ နေသား ၁ နှစ်နဲ့အထက် လက်ကျန် ၆ လပဲရှိတဲ့သူက ၂၉၈၉ ဦးပါတယ်။ နောက် တိုင်းရင်းသားထဲက မြစ်ကြီးနားထောင်က မာလ ဆိုတာ ပါတယ်။ သူကတော့ ကျနော်တို့ကနေ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားတဲ့သူဖြစ်တယ်။ အခုအချိန်ထိတော့ သူက ထောင်အပြင်ကို မရောက်သေးဘူး။ လွှတ်မယ်လို့တော့ ကျနော်တို့ အဲ့ဒီလိုမျိုး သိထားတယ်။”

AAPP အပါအဝင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေသူတွေရဲ့ စာရင်းအရတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၇၀ နီးပါး ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ အခုလို ကျန်ရှိနေသေးတဲ့ သူတွေကို သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း ဦးဆောင်တဲ့ နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်ရေးကော်မတီကို တင်ပြထားတယ်လို့လည်း ကိုဘိုကြည် က ပြောပါတယ်။

“၇၀ ကျော် ကျန်နေပါသေးတယ်။ ကျနော်တို့တွေ နိုင်ကျဉ်းကော်မတီကိုလည်း တင်ထားပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ website တွေမှာလည်း ထုတ်ပြန်ကြေညာထားပြီးသား ဖြစ်ပါတယ်။ ကျနော်တို့သတ်မှတ်ထားတဲ့ နိုင်ငံရေး အကျဉ်းသား ၇၀ ကျော် ကျန်နေပါသေးတယ်။”

သမ္မတ ဦးသိန်းစိန် ကတော့ သူ့ရဲ့သမ္မတ ၄ နှစ် သက်တမ်းအတွင်းမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ပေါင်းများစွာ ပေးခဲ့တာပါ။ စစ်အစိုးရလက်ထက်က နိုင်ငံရေးလုပ်လို့ အကျဉ်းကျခံနေရတဲ့သူတွေကို အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ထဲမှာ တွဲတွဲပြီး လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ တဘက်မှာတော့ လက်ရှိ အစိုးရလက်ထက်မှာပဲ တက်ကြွလှုပ်ရှားသူနဲ့ နိုင်ငံရေးသမား ၁၀၀ လောက်နီးပါးဟာ နိုင်ငံရေး အမှုတွေနဲ့ လက်ရှိအချိန်မှာ တရားရင်ဆိုင်နေရသေးတယ်လို့လည်း နိုင်ငံရေးအကျဉ်းသား အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောဆိုပါတယ်။

XS
SM
MD
LG